ကော်ဖီနှစ်ရှည်စီမံကိန်း စိုက်ပျိုးရာမှာ နိုင်ငံတော်ရှိ အခြားဒေသများနှင့်နှိုင်းစာလျှင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ဟာ ရာသီဥတုအခြေအနေ၊ ြမေသားအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ အသင့် တော်ဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ပြင်ဦးလွင်မြို့နယ်တွင် စီမံကိန်းမြေဖော်ထုတ်နေရာ ချထားရေးအဖွဲ့မှ ၅၉၂၄၂ ဧက ကော်ဖီစိုက်ပျိုးမြေဟု ခန့်မှန်းကြောင်းသိရှိရပါသည်။ ဒါပေမယ်လို့ နိုင်ငံတော်စီမံကိန်းသစ်များအရ ကော်ဖီစီမံကိန်းမြေ ၁၈၃၁၀ ဧကသာ ဖော်ထုတ်ကြောင်း သိရပါ တယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြင်ဦးလွင်မြို့နယ်မှာ မြေနေရာချထားရေးအဖွဲ့မှချထား ပေးခံရသော ကော်ဖီစိုက်ပျိုးသည့် တောင်သူများဟာ ကော်ဖီစိုက်ပျိုးရာမှာ ၂၀၀၂-၂၀၀၃ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကော်ဖီစိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် ၃၅၀၀၀၀ မှ ၅၀၀၀၀၀ အထိ ကုန်ကျခဲ့ပါတယ်။ အဲဒီအချိန်မှာ ကော်ဖီစိုက်ပျိုးချေးငွေစရိတ်မှာ တစ်ဧကလျှင် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ချေးခွင့်ပြုကြောင်း သိရှိရပါတယ်။ ဒါပေမယ်လို့ အခုအချိန်မှာ ကော်ဖီတစ်ဧက စိုက်ပျိုးစရိတ်မှာ ၁၇ သိန်းမှ သိန်း ၂၀ အထိ ကုန်ကျလျက်ရှိကြောင်း သိရှိရပါတယ်။ ကော်ဖီ စရိတ်မှာ စတင်စိုက်ပျိုးချိန်မှ အသီးသီးချိန်အထိ ၄ နှစ်ကာလ ကုန်ကျစရိတ်မှာ တစ်ဧကလျှင်ပျမ်းမျှ သိန်း ၃၀ မှ သိန်း ၄၀ အထိ ကုန်ကျကြောင်း သိရှိရပါတယ်။
လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ထို့ကြောင့် ခေတ်နှင့်လျော်ညီသော စိုက်ပျိုးစရိတ် ချေးငွေများကို ကုန်ကျစရိတ်များကို တိုးမြှင့်ချေးယူခွင့်ရှိ၊ မရှိနှင့် ထွက်ရှိလာသော ကော်ဖီစေ့များကို နိုင်ငံခြားသို့ တင်ပို့ရာမှာ ဈေးကောင်းရရှိရေးအတွက် အရည်အသွေးထိန်းသိမ်းခြင်း (Quality control) ပြုလုပ်ရန် နိုင်ငံတကာအသိအမှတ်ပြု အသင်းအဖွဲ့အစည်း မြန်မာနိုင်ငံတွင်မရှိသေး ကြောင်း သိရှိရပါတယ်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော အခြားနိုင်ငံများမှာ ICO (International Coffee Organization) သို့ ဝင်ရောက်ထားကြောင်း သိရှိရပါတယ်။ ICO သို့ဝင်ရောက်ထားမှသာ ကော်ဖီအဆင့်အတန်းမီထုတ်လုပ်ခြင်းနှင့် ကမ္ဘာ့ဈေးကွက်နှင့်အမီ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ကော်ဖီအသင်းအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားရာ လိုအပ် သည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ကြောင့် ကျွန်တော်မေးလိုသည့် မေးခွန်းသုံးခုမှာ (၁) ကော်ဖီ စိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးနိုင်ခြင်းရှိ၊ မရှိ၊ (၂) နိုင်ငံတော် တွင် နိုင်ငံတကာအသိအမှတ်ပြု ကော်ဖီအသင်း အဖွဲ့အစည်းဖွဲ့စည်းပေးနိုင်ခြင်းရှိ၊ မရှိနှင့် (၃) ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရေးအတွက် ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။
ကော်ဖီစိုက်ပျိုး သည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကော်ဖီချေးငွေအတွက် ၃ နှစ် ၃ ရစ်ဖြင့် ထုတ်ချေးပြီး စတုတ္ထနှစ်မှစ၍ ၃ နှစ် ၃ ရစ်ဖြင့် ပြန်လည်ကောက်ခံခြင်း ဆောင်ရွက်ပါတယ်။ ကော်ဖီ ၁ ဧကမှ ၁၀ ဧကအထိ စိုက်ပျိုးသူများကို တစ်ဧကမှာ ကျပ် ၈၀၀၀၀ နှုန်းဖြင့် အာမခံမယူဘဲ ထုတ်ချေးပေးလျက် ရှိပါတယ်။ ကော်ဖီ ၁၁ ဧကနှင့်အထက် စိုက်ပျိုးသူများကို တစ်ဧကလျှင် ၂၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိပါတယ်။ ၁၁ ဧကအထက် ငွေချေးသူများကို မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကို အာမခံယူ၍ ထုတ်ချေးခြင်း ဖြစ်ပါတယ်။ ယခုအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဓိကအများဆုံးစိုက်ပျိုး နေတဲ့ စပါးသီးနှံအတွက် ချေးငွေများတိုးမြှင့်ထုတ်ချေးပေးနိုင်ဖို့အတွက် ဦးစားပေး အစီအစဉ် ဆောင်ရွက်လျက်ရှိပါသဖြင့် လောလောဆယ်အနေနဲ့ ကော်ဖီသီးနှံအတွက် တစ်ဧကချေးငွေနှုန်းထား များ တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။ နိုင်ငံတော်မှာ နိုင်ငံတကာ အသိအမှတ်ပြု ကော်ဖီအသင်းအဖွဲ့အစည်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်ပတ်သက်၍ နိုင်ငံတော် မှာ နိုင်ငံတကာ အသိအမှတ်ပြုကော်ဖီအသင်းဖွဲ့လိုပါက ရှေးဦးစွာ ပြည်တွင်း၌ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်းကို ရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း၊ ဆီအုန်း စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများအသင်းနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်းကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ UMFCCI ၏ ညီနောင်အသင်းအဖြစ် တရားဝင် ဖွဲ့စည်းပြီး အသင်းအဖွဲ့အဖြစ် ဆောင်ရွက်သွားနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။ အဆိုပါ ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ ICO (International Coffee Organization) အဖွဲ့ သို့ ဝင်ရောက်ရန် ဖြစ်ပါတယ်။ ICO ဌာနချုပ်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Berner Street တွင် တည်ရှိ ပြီး ကော်ဖီတင်ပို့သောနိုင်ငံ Export ၃၇ နိုင်ငံနှင့် တင်သွင်းသောနိုင်ငံ Inport ၃၂ နိုင်ငံ၊ စုစုပေါင်း အဖွဲ့ဝင် ၆၉ နိုင်ငံ ရှိပါတယ်။ ICO သို့ဝင်ရောက်လျှင် အသင်းဝင်ကြေးအဖြစ် နှစ်စဉ် Deposit ငွေ စတာလင်ပေါင် ၂၅၀၀၀ ပေးသွင်းပြီး အသင်းအဖွဲ့ဖြစ်လာပါက ဝင်ရောက်နိုင်မည် ဖြစ်ပါတယ်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရေးအတွက် ကမ္ဘာ့ပေါက်ဈေးအတိုင်းရရှိရန် နိုင်ငံတော် မှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ ICO သို့ဝင်ရောက်ပြီးပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများ အသင်း အနေနဲ့ ICO နှင့်ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
