(က)-၂၄ နာရီလျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၃၀-၉-၂၀၁၁)

ယခင်စော်ဘွား များလက်ထက်က တောင်တိမ်နီလို့ခေါ်တွင်ခဲ့တဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျွန်တော်တို့ မိုင်းရယ်မြို့လေးကို တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်နေသလို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ပြည်သူ များရဲ့ဆန္ဒအရ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်လိုအပ်တဲ့ အဓိကအချက်များထဲကတစ်ခုဖြစ်တဲ့ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို သက်ဆိုင်ရာမှ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မျှော်လင့် တောင့်တလျက်ရှိနေတဲ့ ပြည်သူများကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်။ ရှမ်းပြည် နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်သို့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား သွယ်တန်းဖြန့်ဖြူးပေးသွားမည်ဟု သိရှိရပါတယ်။ နေရာအချို့တွင်လည်း ကွန်ကရစ်ဓာတ်တိုင်များ စိုက်ထူထားပြီးဖြစ်သည်ကိုတွေ့ရှိရပါတယ်။ ဆက်တိုက်ဆောင်ရွက်မှုများမတွေ့ရဘဲ လုပ်ငန်းရပ်ဆိုင်း ထားတယ်လို့လည်းတွေ့ရှိရပါတယ်။ ယခု မိုင်းရယ်မြို့နယ်မှာ EPC မှ ဒီဇယ်စက်ဖြင့် တစ်ရက်ကို       ၂ နာရီသာမီးပေးလျက်ရှိပါတယ်။ ပြည်သူများမှ ဒေသအမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၄ နာရီ ဓာတ်အားရရှိအောင်  ဆောင်ရွက်ပေးစေလိုကြပါတယ်။  ဒါကြောင့်  မေးမြန်းလိုသည်မှာ ရပ်ဆိုင်းထား

သောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် ရှိပါက မည်သည့်ကာလတွင်အပြီးဆောင် ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မျှော်လင့်တောင့်တလျက်ရှိသော ပြည်သူများကိုယ်စားတင်ပြ မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

          အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေနဲ့ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ဓာတ်အားအပေါ်မူတည်ပြီးတော့ ဒေသအလိုက် လျှပ်စစ်ဓာတ်အားကို တိုးချဲ့ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စတင်လည်ပတ် ထုတ်လုပ်ပေးတဲ့အချိန်ကစပြီးတော့ ဒေသဖွံ့ဖြိုးရေးအသုံးပြု နိုင်ရန်အတွက် ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ပို့လွှတ်နိုင်ရေး ရွှေလီ-မံဆန်-ရွှေစာရံ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်း ၁၈၀ မိုင်၊ မံဆန်-ရွှေစာရံပင်မဓာတ်အားခွဲရုံတို့ကို ၂၀၀၈ ခုနှစ်မှာတည်ဆောက်ပြီး ဓာတ်အားပို့လွှတ်ခဲ့ပါတယ်။ မံဆန်ပင်မဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ပြီးတဲ့နောက်မှာ မံဆန်-လားရှိုး၊ မံဆန်-သီပေါဓာတ်အားလိုင်းများနဲ့ လားရှိုးမြို့နယ်နဲ့ သီပေါမြို့ပတ်ဝန်းကျင်ကို နိုင်ငံတော် ဓာတ်အားစနစ်မှ စတင်ဆောင်ရွက်ဖြန့်ဖြူးပေးပြီးလည်းဖြစ်ပါတယ်။ ယခုအခါ လားရှိုး-မိုင်းရယ်-တန့်ယန်း ၆၆ ကေဗွီ ဓာတ်အားလိုင်း ၇၉ မိုင်ကိုဆောက်လုပ်လျက်ရှိပါတယ်။ သို့သော် နယ်မြေဒေသ လုံခြုံရေးအပေါ် မူတည်ဆောင်ရွက်ရသဖြင့် စွမ်းအားရှိသလောက် အလျင်အမြန်ဆောင်ရွက်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပါတယ်။ ယခု ရပ်ဆိုင်းနေသည်မှာလည်း မိမိတို့သဘောဖြင့် ရပ်ဆိုင်းထား ခြင်းမဟုတ်ဘဲ နယ်မြေလုံခြုံရေးအခြေအနေအရသာ ခေတ္တရပ်ဆိုင်းနေခြင်းဖြစ်ပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရန်ပုံငွေသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်တဲ့နည်းတူ စီမံကိန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ မိမိတို့ နယ်မြေဒေသဖွံ့ဖြိုးဖို့အတွက် ဒေသရှိပြည်သူများအပါအဝင် တိုင်းရင်းသား    ပြည်သူအားလုံးမှလည်း လိုအပ်သည့်အကူအညီများကို ပံ့ပိုးပေးပါက နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဖြစ်လာနိုင်မှာဖြစ်ကြောင်း ဖြေကြားပါသည်။