(ည)-ငါးမွေးမြူရေးလုပ်ငန်းအခက်အခဲများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့ (၃၁-၈-၂၀၁၁)

သို့သော်လည်း တင်ပြချက်ပါအချက်များနဲ့ ပတ်သက်ပြီးတော့ ကုန်သွယ်လုပ်ငန်းခွန်တွေလည်း လျှော့ချပြီးဖြစ်တဲ့အတွက် တာဝန်ရှိသူပြည်ထောင်စုဝန်ကြီးကနေပြီးတော့မှ ‌ြဖေကြားပေးဖို့တော့ မလိုတော့ပါဘူး။ သို့သော်လည်း ငါးမွေးတဲ့မွေးမြူရေးလုပ်ငန်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက် အခဲများကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများသိရှိပြီးတော့ မှတ်တမ်းတင် နိုင်ဖို့ရန်အတွက် ဖတ်ကြားတင်ပြခွင့်ပြုပါရန်တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ ငါးဦးစီးဌာနရဲ့စာရင်းအရ ငါးမွေးတောင်သူဦးရေ ၁၉၅၅၃ ရှိပြီးတော့ ငါးမွေးကန်ဧက ၂၁၈၆၈၅ ဖြစ်ပါတယ်။ မွေးမြူထုတ်လုပ်တဲ့ငါးအမျိုးအစားတွေက ငါးမြစ်ချင်း ၈၀ ရာခိုင်နှုန်း၊ ငါးကြင်းဖြူ ၁၀ ရာခိုင်နှုန်း၊ ငါးတန် လေးရာခိုင်နှုန်း၊ ငါးသိုင်းခေါင်းပွ သုံးရာခိုင်နှုန်း၊ ရေချိုငါးမုတ် နှစ်ရာခိုင်နှုန်း၊ ကျန်တဲ့ရွှေဝါငါးကြင်း၊ တီလားဗီးယား၊ မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ထိုင်းငါးခုံးမကြီးတို့စုစုပေါင်း တစ်ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။ ငါးမွေးကန်တစ်ဧကမှာ ငါးပိဿာချိန် ၁၀၀၀ ကနေပြီးတော့မှ ၂၅၀၀ ပိဿာအတွင်းထွက်ရှိဖို့အတွက် မွေးမြူထုတ်လုပ်လျက်ရှိကြပါတယ်။ ပျမ်းမျှတစ်ဧကမှာပိဿာချိန် ၁၃၀၀ ခန့်မွေးမြူထုတ်လုပ်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံး မွေးမြူ ထုတ်လုပ်မှုအနေနဲ့ နှစ်စဉ်မက်ထရစ်တန်ချိန် ၄.၅ သိန်းခန့် မွေးမြူထုတ်လုပ်လျက်ရှိပြီးတော့ မက်ထရစ်တန် တစ်သိန်းနီးပါးကိုတော့ ပြည်ပကိုတင်ပို့ရောင်းချပါတယ်။ မက်ထရစ်တန် ၃.၅ သိန်း ကိုတော့ ပြည်တွင်းစားသုံးမှုအနေဖြင့် စားသုံးလျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုက ၄၅ ရာခိုင်နှုန်းခန့်ရှိပြီးတော့ ပုဂ္ဂလိကချေးငွေနဲ့က ၄၅ ရာခိုင်နှုန်း၊ ဘဏ်ချေး ငွေနဲ့က ၁၀ ရာခိုင်နှုန်းဖြင့် မွေးမြူထုတ်လုပ်လျက်ရှိပါတယ်။ အသက်ရှိတဲ့သတ္တဝါတွေကို မွေးမြူထားခြင်းဖြစ်တဲ့အတွက် အမှားအယွင်းမရှိအောင်အလွန်ဂရုစိုက်ရပါတယ်။ အန္တရာယ်လည်း အလွန်များပါတယ်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့လည်း ရင်ဆိုင်ရပါတယ်။  ရေကြီးနစ်မြုပ်ခြင်း လည်းမကြာခဏကြုံတွေ့ရပါတယ်။ နာဂစ်မုန်တိုင်းကာလအတွင်းမှာဆိုလျှင် မုန်တိုင်းဒဏ်ကြောင်‌့ ကန်ပေါင်တွေကျိုးပဲ့ပျက်ဆီးခြင်း၊ အဆောက်အဦများပြိုကျပျက်ဆီးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ပျက်စီးခြင်း၊ ငါးများပြင်ပသို့ရောက်ရှိဆုံးရှုံးခြင်း၊ ငါးအကြီး၊ အသေးများရောနှောခြင်းတို့ကြောင့် အချိန်မတိုင်မီဖော်ယူဖမ်းဆီးရတဲ့ အခက်အခဲတွေလည်းရှိခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲ တဲ့ အယ်နီညို၊ လာနီညာနှစ်တွေမှာလည်း ကန်များအတွင်းမှာ ငါးတွေအစုလိုက်၊ အပြုံလိုက် သေဆုံးခြင်းစတဲ့ အခက်အခဲတွေလည်းကြုံရပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်အပြင် လူရဲ့ အန္တရာယ်တွေလည်းအများကြီးရှိပါတယ်။ မချစ်မနှစ်သက်သူတွေရဲ့ အန္တရာယ်ကအဆိုးဆုံးဖြစ်ပါ တယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးအချို့နေရာတွေမှာ လူအုပ်စု ဖွဲ့ပြီးတော့၊ အကြမ်းဖက်ပြီးတော့ခိုးယူတဲ့အန္တရာယ်တွေလည်းရှိပါတယ်။ ဒီအန္တရာယ်တွေအပြင် ကမ္ဘာ့ လောင်စာစွမ်းအင်စရိတ်ကြီးမြင့်တဲ့ကာလတွေမှာလည်း သယ်ယူပို့ဆောင်ရေးနှင့် ရေသွင်းရေထုတ် အပိုင်းများမှာ စရိတ်ကြီးမြင့်မှုများဖြစ်ပေါ်ကာ အကျိုးအမြတ်တွေလည်းကျဆင်းပါတယ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာအရေးအခင်းနှင့် ၂၀၀၈ ခုနှစ်၊ စီးပွားကျဆင်းတဲ့ကာလမှာ အကြောင်းအမျိုးမျိုး ကြောင့် ငါးဝယ်လိုအားလျော့နည်းကျဆင်းပြီး ပြည်ပဈေးကွက်မှာ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ငါးအစာကုန်ကြမ်းဈေးနှုန်းကြီးမြင့်ပြီး ထုတ်လုပ်မှုစရိတ်ဟာငါးဈေးနှုန်းထက်ကြီးမြင့်တဲ့ ကာလမှာလည်း အရှုံးနဲ့ရင်ဆိုင်ကြုံတွေ့ရပါတယ်။ အထက်ပါကြုံတွေ့ရတဲ့ အခက်အခဲများထက် ဒီကနေ့ လက်ရှိကြုံတွေ့ရတဲ့အခက်အခဲက ပိုပြီးတော့ကြီးမားပါတယ်။ ဒါကြောင့် ဒီနေ့ ငါးမွေးမြူ သူတွေဘဝပျက်မယ့်ကိန်းဆိုက်နေပါကြောင်း ကျွန်တော့်အနေနဲ့ တင်ပြအပ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇွန်လမှာ ငါးရဲ့ပျမ်းမျှဈေးနှုန်းဟာ ၂၁၅၀ ကျပ်ပေါက်ဈေးရှိတဲ့ငါးမြစ်ချင်းဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လမှာ ၁၄၀၀ ကျပ်ထိကျဆင်းခဲ့တဲ့အတွက် တစ်ပိဿာမှာကျပ် ၇၅၀ ခန့်ထိလျော့နည်းသွားခဲ့ပါတယ်။ ငါးမွေးမြူရေးလုပ်ငန်းအနေနဲ့ ငါးသားပေါက်တွေကိုပြုစုကန်မှာ တစ်နှစ်ကြိုတင်ပြုစုမွေးမြူရပြီး တော့ အသားတိုးကန်မှာတစ်နှစ်(၁၂လ)ခန့်ထည့်သွင်းမွေးမြူပြီးတော့မှ ဈေးကွက်ကိုတင်ပို့ရောင်းချ ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ နှစ်နှစ်ခန့် အချိန်ယူမွေးမြူရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု မြင့်မားသည့် ကုန်ထုတ်လုပ်ငန်းဖြစ်ခြင်းကြောင့် ဈေးကွက်လိုအပ်ချက်လျော့နည်းလို့ရှိရင်လည်း ကန်မဖော်ဘဲရပ်ထားသော်လည်းပဲ နေ့စဉ်ထိန်းသိမ်းမှုစရိတ်အပြင် အစာကျွေးပြီးတော့ဆက်လက် မွေးမြူထားရတဲ့အတွက် ကုန်ကျစရိတ်ကနေ့စဉ်နှင့်အမျှရှိနေသည့်လုပ်ငန်းဖြစ်ပါကြောင်းတင်ပြအပ် ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပို့ကုန်လုပ်ငန်းများအနေနဲ့လည်း အအေးခန်းစက်ရုံ  ၁၃၅ ရုံမှ ပြုပြင်ထုတ်လုပ်ပြီးပြည်ပသို့တင်ပို့ရာမှာ ငွေရေးကြေးရေးဆိုင်ရာအကြပ်အတည်း၊ ကုန်ကြမ်းရရှိမှုအကြပ်အတည်းများကြောင့် စက်ရုံ ၂၈ ရုံရပ်နားခဲ့ရပါတယ်။ ငွေဈေးနှုန်းလျော့နည်း ကျဆင်းမှုကြောင်‌့အရှုံးဖြင့်ရင်ဆိုင်နေရသည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင်‌့လည်း နေ့စဉ်ကုန်ဝယ်မှု ကိုလျှော့ချခြင်း၊ လုပ်သားအင်အားကိုလျှော့ချခြင်းစသည့်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပါ တယ်။ ရခိုင်၊ တနင်္သာရီမှာရှိတဲ့ အအေးခန်းစက်ရုံများလည်းရပ်နားထားရမည့် အခြေအနေမျိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေလျက်ရှိပါတယ်။ ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ငွေဈေးနှုန်းဆက်တိုက် ကျဆင်းမှုကြောင့် နေ့စဉ်အရှုံးပေါ်လျက်ရှိသဖြင့် ငါးဝယ်ယူမှုကိုလည်း ယာယီအားဖြင့်ရပ်ဆိုင်း ထားခဲ့ပါတယ်။ ပြည်ပတင်ပို့ရောင်းချသူများအနေဖြင့် ငါးမြစ်ချင်းတစ်ကီလိုဂရမ်ဝယ်ယူသည့် ဈေးရင်းကို ၁.၁ ဒေါ်လာပေါ်မှာ အခြေခံတွက်ချက်ဝယ်ယူခြင်းဖြစ်သဖြင်‌့ လက်ရှိထုတ်လုပ်မှုဈေး ကာမိစေရန် ငါးမွေးတောင်သူများ အကျိုးအမြတ်ရရှိစေရန်အတွက်ကို တစ်ဒေါ်လာဟာ ၁၀၀၀ ကျပ်နှုန်းနဲ့သူ့အနေနဲ့ရရှိမှသာ ထုတ်လုပ်မှုအရင်းကိုရနိုင်မယ်ဆိုတဲ့အကြောင်းလည်း ကျွန်တော့် အနေနဲ့တင်ပြအပ်ပါတယ်။ သို့မဟုတ် မွေးမြူထုတ်လုပ်မှုစရိတ်ကို ယခုထက်လျှော့ချဆောင်ရွက် နိုင်မှသာ အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါတယ်။ ဘက်စုံ၊ ထောင့်စုံကဆောင်ရွက်နိုင်မှသာလျှင် ရေရှည် မွေးမြူထုတ်လုပ်တဲ့ ငါးမွေးမြူရေးလုပ်ငန်းအဖြစ် ရပ်တည်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဖော်ပြပါအကြောင်းများကြောင့်ရေရှည်မှာ အောက်ဖော်ပြပါအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါတယ်-

(၁)     ငါးမွေးမြူထုတ်လုပ်မှုများ များစွာကျဆင်းသွားနိုင်ပါတယ်။

(၂)     ရင်းနှီးမြုပ်နှံမှုဆိုင်ရာဆုံးရှုံးမှုများ များစွာဖြစ်ပေါ်လာနိုင်ပါတယ်။

(၃)     လုပ်ငန်းရှင်များအနေနဲ့ ထပ်မံအရင်းနှီးပြုလုပ်ရန် အယုံအကြည်မရှိဖြစ်လာနိုင်ပါတယ်။

(၄)     ငွေရေးကြေးရေးဆိုင်ရာအငြင်းပွားမှုနှင်‌့ အမှုအခင်းတွေလည်းတိုးပွားလာနိုင်ပါတယ်။

(၅)     ငါးဈေးနှုန်းပိုမိုကြီးမြင့်လာပြီးတော့ဈေးကွက်မှာဝယ်ယူစားသုံးသူတွေအတွက်ကို အခက် အခဲတွေလာရောက်တွေ့နိုင်ပါတယ်။

          နောက်အလုပ်လက်မဲ့တွေပိုပြီးတော့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့်  ဆင်းရဲနွမ်းပါးမှုလျော့ချရေးအပေါ်မှာလည်းထိခိုက်နစ်နာနိုင်တဲ့ ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါ တယ်။ ဒါကြောင့် ဖော်ပြပါအကျိုးဆက်တွေကို ကာကွယ်ဖို့ရာအတွက်ကို ထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှု မျှတတဲ့ငွေလဲလှယ်နှုန်းတစ်ခုဖြစ်မှသာ ငါးမွေးမြူရေးလုပ်ငန်းပြန်လည်ရှင်သန်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငါးမွေမြူရေးလုပ်ငန်းများရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကိုသိရှိနိုင်ရန်အတွက် ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရဲ့တင်ပြချက်ကို ပြည်သူ့လွှတ်တော် ကနေပြီးတော့မှ မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြပါသည်။