သာကေတမြို့နယ်ဟာဆိုလို့ရှိရင် ၁၉၅၇ ခုနှစ်ကစပြီးတော့ တည်ထောင်ခဲ့ပါတယ်။ မြို့သစ်တည်ထောင်စဉ်ကာလက လမ်းမကြီးတွေ၊ ရပ်ကွက်ထဲမှာရှိတဲ့ လမ်းတွေ၊ လမ်းသွယ်တွေကို သစ်သားမီးတိုင်များနှင့်စိုက်ထူပြီးတော့ လျှပ်စစ်ဖြန့်ဝေပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သစ်သားမီးတိုင်များကို ကွန်ကရစ်တိုင်များနှင့် အစားထိုးပြီးတော့ လဲလှယ်ပေးခဲ့ပါသော်လည်း မြို့နယ်အတွင်းမှာရှိတဲ့လမ်းပေါင်း ၆၂ လမ်းမှာ သစ်သားတိုင်များ ယနေ့တိုင်ရှိနေပါတယ်။ ၎င်းမီးတိုင်များဟာ နှစ်ပေါင်း ၅၀ ကျော်နေပြီဖြစ်တဲ့အတွက်ကြောင့် ဆွေးမြေ့ ပျက်စီးနေပြီးတော့ အန္တရာယ်ဖြစ်မယ့်အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဆွေးမြေ့ ပျက်စီးနေသောသစ်သားမီးတိုင်များကို ကွန်ကရစ်တိုင်များနှင့်လဲလှယ်အစားထိုးပေးရန် ရှိ၊ မရှိ ။ ရှိပါကမည်သည့်ကာလတွင် လဲလှယ်အစားထိုးပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၁၉၈၈ ခုနှစ်မှစပြီးတော့ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကွန်ကရစ်လျှပ်စစ်မီးတိုင် ၁၀၄၄၈ တိုင်လဲလှယ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးပြိုလဲခဲ့တဲ့လျှပ်စစ်မီးတိုင်များကို လည်း ကွန်ကရစ်တိုင် ၇၃၁၆ လုံးဖြင့်အစားထိုးလဲလှယ်ခဲ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွေမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များမှာ ကွန်ကရစ်ကျောက် တိုင် ၉၁၈၆ တိုင်ကိုအစားထိုးလဲလှယ်ရန်အတွက် ရန်ပုံငွေလျာထားပြီးတော့ဆောင်ရွက်လျက်ရှိ ပါတယ်။ သာကေတမြို့နယ်နဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့ရဲ့ ယခုနှစ် ရန်ပုံငွေလျာထားချက်မှာပါဝင်ခြင်းမရှိသော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နဲ့ တတိယနှင့် စတုတ္ထသုံးလပတ်အတွင်းတိုင် ၉၀ အားလည်းကောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ပထမနှင့် ဒုတိယသုံးလပတ်အတွင်းကျန်တိုင် ၈၅ တိုင်ကိုရန်ပုံငွေလျာထားပြီး အစားထိုးလဲလှယ်ပေးရန်စီစဉ် ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
