အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ဖြန့်ဖြူးသောအိမ်သုံးလျှပ်စစ်မီတာခများနှင့် လုပ်ငန်းသုံးလျှပ်စစ်မီတာခများအား လျှပ်စစ်သုံး သော ပြည်သူများနှင့်လုပ်ငန်းရှင်များဟာ လစဉ်မီတာခများကိုပေးဆောင်ရပါတယ်။ Pre Paid Card ကြိုတင်ပေးစနစ်ကိုလုပ်ဆောင်မယ်ဆိုလို့ရှိရင် သုံးစွဲတဲ့ Customer များဟာ သူတို့ရဲ့ဝင်ငွေ၊ ထွက်ငွေအပေါ်တွက်ချက်ပြီးတဲ့အခါမှာ ဝင်ငွေ၊ ထွက်ငွေတွေကိုချင့်ချိန်ပြီးတော့ သုံးစွဲနိုင်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သုံးစွဲတဲ့ Customer များမှာကော၊ နိုင်ငံတော်မှာကောအကျိုးများရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကြိုတင်ပေးစနစ်ဖြစ်တဲ့ Pre Paid Card စနစ်ကိုသက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိပါသလား။ လျှပ်စစ်အသုံးပြုတဲ့မီတာခများအား ကြိုတင် ပေးဆောင်သောကဒ် Pre Paid Card များစနစ်ကိုလုပ်ဆောင်ပေးမယ့်အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းပထမအချက်အနေနဲ့ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အိမ်သုံးမီတာ၊ လုပ်ငန်းသုံးမီတာ၊ စက်မှုလက်မှုသုံးနှင့် ထရန်စဖော်မာစင်တီမီတာများကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအထိ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ အိမ်သုံးမီတာ ၈၅၀၇၈၄ လုံး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှာ ၁၄၁၂၆၃ လုံး တစ်နိုင်ငံလုံးမှာ စုစုပေါင်းမီတာအလုံးရေပေါင်း ၂၂၆၃၄၁၄ လုံးတပ်ဆင်ပေးထားပြီးဖြစ်ပါတယ်။ ယခုကိုယ်စားလှယ်တော်ကြီးသိလိုတဲ့ Pre Paid စနစ်ဆောင်ရွက်မည်ဆိုပါက Pre Paid Meter အနေဖြင့် ထုတ်လုပ်သည့်နိုင်ငံ၊ အမျိုးအစားပေါ်မူတည်ပြီး အိမ်သုံးမီတာနဲ့ ပါဝါမီတာတစ်လုံးတို့ရဲ့ အကြမ်းဖျင်းဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ၁၅၀ ကြားမှာရှိပါတယ်။ စက်မှုလက်မှုသုံးနဲ့ ထရန်စဖော်မာစင်တီမီတာအနေဖြင့် ထုတ်လုပ်သည့်နိုင်ငံ၊ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းဟာ အိမ်သုံးမီတာတွေထက် ပိုမိုကြီးမြင့်ကြောင်းသိရှိရပါတယ်။ ပျမ်းမျှအားဖြင့် မီတာတစ်လုံးရဲ့ဈေးနှုန်းကို ကျပ်တစ်သိန်းနှုန်းနဲ့တွက်ချက်လို့ရှိရင် တစ်နိုင်ငံလုံးရဲ့မီတာများကိုလဲလှယ်ရန်ကိစ္စမှာ ၂၂၆၃ ဘီလီယံ ခန့်ကုန်ကျမှာဖြစ်ပါတယ်။ အခြားလိုအပ်တဲ့ ဆက်လက်ဆောင်ရွက်ရမယ့်ပစ္စည်းများ၊ Infrastructure များထည့်သွင်းတွက်ချက်မည်ဆိုပါက အထက်ပါတင်ပြထားသည့်ငွေအပြင် နောက်ထပ်ကျပ်ဘီလီယံ ပေါင်းများစွာကုန်ကျပြီးမှ အသစ်လဲလှယ်တပ်ဆင်လို့ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများကိုလေ့လာရာမှာ လက်ရှိမြန်မာနိုင်ငံမှာသုံးစွဲနေတဲ့မီတာများကဲ့သို့ တပ်ဆင်အသုံးပြုပြီး ကျသင့်တဲ့မီတာခတွေကို သက်ဆိုင်ရာရုံးများမှာသွားရောက်ပေးဆောင်မည့် အစား မီတာလက်ခံရန်သတ်မှတ်ထားတဲ့နေရာများမှာပေးဆောင်ခြင်း၊ Online ပုံစံဖြင့်ပေးဆောင်ခြင်း စနစ်များနဲ့ ဆောင်ရွက်လျက်ရှိသည်ဟုသိရှိရပါတယ်၊ Pre Paid Card အား Pilot Project အနေဖြင့် စမ်းသပ်ဆဲကာလဖြစ်ကြောင်းလည်းသိရှိရပါတယ်။ အလားတူ အခြားနိုင်ငံများအနေနဲ့ Pre Paid Card စနစ်နဲ့ သုံးစွဲမှုကိုလေ့လာရာမှာ တပ်ဆင်ပြီးဖြစ်တဲ့မီတာများရဲ့ အများဆုံး ၁၀ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ထားသည်ကိုသိရှိရပါတယ်။ ဝန်ကြီးဌာနအနေဖြင့်လည်း Online ပုံစံဖြင့် မီတာခ ပေးဆောင်တဲ့စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စတင်ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားတဲ့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးသောအိမ်သုံးမီတာများနဲ့ လုပ်ငန်းသုံးလျှပ်စစ်မီတာခများကို ကြိုတင်ပေးဆောင်သောကဒ် Prepaid Card စနစ်ဖြင့်ဓါတ်အားခပေးဆောင်သည့်ကိစ္စမှာ လောလောဆယ်အားဖြင့်အစီအစဉ် မရှိပါသေးကြောင်း၊
ဒုတိယမေးခွန်းဖြစ်တဲ့ လျှပ်စစ်အသုံးပြုသည့် မီတာခများအား ကြိုတင်ပေးဆောင်ကတ် Prepaid Card စနစ်များဆောင်ရွက်ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလမှာ စတင် ဆောင်ရွက်ပေးမည်ကို သိရှိလိုမှုအားဖြေကြားရမည်ဆိုပါက အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်မီတာခများကို ၂၀၁၁-၂၀၁၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ပြဋ္ဌာန်းစီမံချက်တွင် Prepaid စနစ်များဆောင်ရွက်ပေးရန် မရှိသေးပါကြောင်းရှင်းလင်းဖြေကြားပါသည်။
