စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ရွှေလီတာတမံဟာ ရွှေလီမြစ် နံဘေးမှာရှိပြီး ရှမ်းပြည်နယ်၊ မဘိမ်းမြို့၊ နန်းနွဲ့ကျေးရွာမှ ကျွန်တော်တို့ ကသာမြို့နယ်၊ ဝက်တူး ကျေးရွာအထိ အလျား ၃၆၈၀၀ ပေ၊ မိုင်အားဖြင့် ၇ မိုင်နီးပါးခန့်ရှိတဲ့ မြေသားတာတမံဖြစ်ပါတယ်။ ၁၉၈၂-၁၉၈၃ ခုနှစ်မှ စတင်တည်ဆောက်ခဲ့တဲ့ တာတမံဖြစ်ပြီး ဒေသခံတောင်သူများရဲ့ စိုက်ပျိုးမြေ ၆၈၆၂ ဧကကို ရေနစ်မြုပ်ခြင်းမှကာကွယ်ပေးနိုင်ဖို့ တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ စတင်တည်ဆောက်စဉ်ကတာတမံရဲ့အတိုင်းအတာမှာ အကျယ်ရှစ်ပေ၊ အမြင့်ခုနှစ်ပေနဲ့ အောက်ခြေ အကျယ် ၃၅ ပေခန့်ရှိတယ်လို့သိရှိရပါတယ်။ စိုက်ပျိုးမြေများကို ရေနစ်မြုပ်မှုအကာအကွယ်ပေးနိုင် တဲ့အပြင် ဒေသခံပြည်သူများရဲ့ လမ်းပန်းဆက်သွယ်ရေးအတွက်လည်း အဆိုပါတာတမံကိုအသုံးပြုပြီး သွားလာကြတဲ့အတွက် ကူးသန်းသွားလာရေးအဆင်ပြေပြီး ဒေသအတွင်းအလွန်အရေးပါတဲ့တာတမံ ဖြစ်ပါတယ်ခင်ဗျား။ နှစ်ကာလကြာလာတာနဲ့အမျှ အခုအခါမှာ ရွှေလီတာတမံဟာ တာတိုင်အမှတ် ၄၀၀၀ မှ ၄၂၀၀ အထိ ငါးတဲကြီးကျေးရွာအနီးမှာလည်းကောင်း၊ တာတိုင်အမှတ် ၆၀၀၀ မှ ၆၄၀၀ အထိ ဆင်ဆင်းကျေးရွာအနီးမှာလည်းကောင်း၊ တာတိုင်အမှတ် ၁၃၀၀၀ မှ ၁၃၃၀၀ အထိ ဝက်တူး ကျေးရွာအနီးမှာလည်းကောင်း၊ အလျား ၂၅၀ ပေခန့်စီ ကျိုးပေါက်လျက်ရှိပြီး အဆိုပါနေရာများမှာ ကျေးရွာမှတောင်သူများဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ငုတ်ရိုက်၊ မြေဖို့ဆောင်ရွက်ကြပေမယ့် ရွှေလီ မြစ်ရေတိုးလာတဲ့အချိန်မှာရေစီးအားကြောင့်စိတ်ချရမှုမရှိဘဲ စိုက်ပျိုးထားတဲ့လယ်ယာမြေများ ရေကြီး နစ်မြုပ်နိုင်မယ့်အခြေအနေနဲ့ နှစ်စဉ်ကြုံတွေ့လျက်ရှိပါတယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး အနေနဲ့လည်း တာတမံရဲ့အချို့နေရာများမှာ ဆိုင်ကယ်၊ စက်ဘီးတစ်စီးခန့်သာသွားလာနိုင်တဲ့အကျယ် နှစ်ပေခန့်သာကျန်ရှိနေပြီး မိုးတွင်းကာလမှာသွားလာရေးတွင် ဒေသနေပြည်သူများအခက်အခဲ ဖြစ်ပေါ်လျက်ရှိကြပါတယ်။
ရွှေလီတာတမံကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ပါက စိုက်ပျိုးမြေဧက ၆၈၀၀ ကျော်ကို ရေကြီးရေနစ်မြုပ်မှုအန္တရာယ်မှအကာအကွယ်ပေးနိုင်တဲ့အပြင် ဒေသခံပြည်သူ ၂၀၀၀၀ နီးပါးရဲ့ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကောင်းမွန်လာမှုကြောင့် ၎င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးစသဖြင့် တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူများ အနေနဲ့ ရွှေလီတာတမံကို ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် မျှော်လင့်တောင့်တနေကြခြင်းဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ရွှေလီတာတမံကို နိုင်ငံတော်အနေနဲ့ ပြန်လည်ပြုပြင်တည်ဆောက်ပေးမှုအစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွှေလီရေဘေးကာကွယ်ရေးတာတမံသည် ကသာ မြို့နယ်၊ ရွှေလီမြစ်ကမ်းတစ်လျှောက် ဝက်တူးကျေးရွာမှ နန်းနွဲ့ကျေးရွာအထိ အရှည် ၃၆၈၀၀ ပေ မိုင်အားဖြင့် ၉.၉၇ မိုင်ခန့်ရှိပြီး မူလတည်ဆောက်စဉ်က တာပေါင်အကျယ် ၈ ပေ ၊ အမြင့် ၇ ပေနှင့် အောက်ခြေအကျယ် ၃၅ ပေ ရှိပါတယ်။ ၁၉၈၂-၁၉၈၃ ခုနှစ် ကာလမှစတင်၍ ဒေသခံကျေးရွာလူထု နှင့်ဆည်မြောင်းဦးစီးဌာနမှ ပူးပေါင်းအကောင်အထည်ဖော်တည်ဆောက်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါ တယ်။ ဝက်တူးကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာအုပ်စုနှင့် ငါးတဲကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေ ၆၈၆၂ ဧကကိုအကျိုးပြုနိုင်ခဲ့မှုရှိပါတယ်။ တည်ဆောက်ပြီးချိန် နှစ်ပေါင်း ၂၀ ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ တာပေါင်အတိုင်းအတာ မပြည့်မီတော့ခြင်း၊ တာပေါင်နိမ့်ကျခြင်း၊ အချို့နေရာများမှာ တာပေါင် ကျိုးပျက်ခြင်းများဖြစ်ပေါ်နေပါတယ်။ တာပေါင်ပေတိုင်အမှတ် ၄၀၀၀ မှ ၄၂၀၀ ကြား၊ တာပေါင် ပေတိုင်အမှတ် ၆၀၀၀ မှ ၆၄၀၀ ကြား နှင့် တာပေါင်ပေတိုင်အမှတ် ၁၃၀၀၀ မှ ၁၃၃၀၀ ကြားမှာ ကျိုးပျက်လျက်ရှိနေကြောင်းကိုတွေ့ရှိရပါတယ်။ အချို့နေရာများမှာ ရွှေလီမြစ်ကမ်းပါး ပြိုမှုကြောင့် ကမ်းနှင့်နီးကပ်နေပြီး တာအူကြောင်းအသစ်ပြောင်းရမည့် အခြေအနေဖြစ်ကြောင်းလည်းတွေ့ရှိရ ပါတယ်။ ရွှေလီမြစ်ရေကြီး၍ ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ စိတ်ချလက်ချကာကွယ်နိုင်ရန်အတွက် ရွှေလီရေဘေးကာကွယ်ရေးတာတမံကို စံချိန်စံညွှန်းနှင့်အညီ ပြန်လည်ပြုပြင်ရန်လိုအပ်နေပြီ ဖြစ်ကြောင်းလည်းပဲတွေ့ရှိရပါတယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် ၂၀၁၁ - ၂၀၁၂ ခုနှစ် လာမည့် ပွင့်လင်းရာသီကာလတွင်ကွင်းဆင်းစစ်ဆေးပြီး တစ်ပြိုင်တည်းအသေးစိတ်တိုင်းတာ ပုံစံများတွက်ချက် ခြင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ခြင်းများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ တယ်။ နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းများအစီအစဉ်အပေါ်မှာ ဘဏ္ဍာငွေခွင့်ပြုပေးနိုင်ရေးအတွက်လည်း တင်ပြ ဆောင်ရွက်သွားမှာဖြစ်ပြီး ရွှေလီရေဘေး ကာကွယ်ရေးတာတမံကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားပါမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
