တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့ဟာ ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်မြို့ကြီးများမှတစ်ဆင့် မြန်မာ့မီးရထားဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်သူ ပေါများလျက်ရှိပါတယ်။ မြန်မာ့မီးရထားဟာ ယခင်ကဆိုလျှင် ရေးမြို့အထိသာလျှင် ရောက်ရှိခဲ့ပါတယ်။ ယခုဆိုလျှင် ရေးမြို့မှထားဝယ်မြို့သို့ ၁၉၉၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာစည် ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ၎င်းမှတစ်ဆင့် မြန်မာ့မီးရထားလမ်းပိုင်းကို မြိတ်၊ ကော့သောင်းအထိ ဆက်လက်ဖောက်လုပ်မည်ဟု ရည်ရွယ်လျက် ကုမ္ပဏီများကို ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလောလောဆယ်တွင် မြိတ်မြို့သို့ ရောက်ရှိစေခြင်းအလို့ငှာ အပိုင်းလိုက်ကုမ္ပဏီများကို တာဝန်ပေးအပ်၍ ဖောက်လုပ်လျက်ရှိပါတယ်။ ထားဝယ်မြို့မှ သရက် ချောင်းလမ်းပိုင်းကိုလည်းပဲ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ထိုနည်းတူ မြိတ်မြို့အပိုင်သမုတ်ကျေးရွာမှ စ၍ ပုလောမြို့အထိဖောက်လုပ်ခဲ့သည်မှာ ယခုအချိန်ထိ ၁၀ မိုင်ခန့်ဖောက်လုပ်ပြီးစီးနေပြီဟု သိရှိရပါ တယ်။ မီးရထားဖြင့်သွားလာတဲ့အခါ စရိတ်စကသက်သာပြီး ကောင်းမွန်သောလုပ်ငန်းစဉ်ကြီးဖြစ်သည့် အတွက် အမြန်ပြီးစီးနိုင်ရန် အထူးပင်တိုက်တွန်းအပ်ပါတယ်။ အမြန်ဆိုသည့်နေရာတွင် ရထားလမ်း အမြန်ပြီးစီးနိုင်ရန် ကုမ္ပဏီများမှ တာဝန်ယူ၍ ကန်ထရိုက်စနစ်ဖြင့် ဖောက်လုပ်နေသည်ကို တွေ့ရှိရပါ တယ်။တချို့သောလမ်းအပိုင်းများတွင် ဖြောင့်တန်းပြီးဖောက်လုပ်ရသည့်နည်းတူ၊ တချို့သောနေရာများ ကိုဝေ့ကာဝိုက်ကာရှောင်ကွင်း၍ ဖောက်လုပ်ခဲ့ရပါတယ်။ အချို့သောနေရာများတွင် ချိုင့်ဝှမ်းများကို လည်းပဲဖို့မြေများအသုံးပြု၍ ဖောက်လုပ်ဆောင်ရွက်နေခဲ့တာကိုသိရှိရပါတယ်။ ရထားလမ်းဖောက် လုပ်တဲ့အခါမှာ အချို့သောနေရာများမှာ လယ်ကွင်းများ၊ တောတောင်များ၊ ဥယျာဉ်ခြံများ၊ စီမံကိန်း ဝင်ရာဘာခြံများ၊ ဆီအုန်းခြံများကိုဖြတ်၍ ဖောက်လုပ်ရမှာဖြစ်ပါတယ်။ ဖောက်လုပ်တဲ့နေရာများတွင် မီးရထားလမ်းအတွက် အကျယ်ပေ ၁၅၀ ခန့်သာလိုကြောင်းနှင့် မြေနိမ့်ပိုင်းများဆိုလျှင် တောင်ယာ မြေများကို ယူ၍ဖို့ခြင်းမဟုတ်ဘဲ အနီးအနားမှာ တစ်ဆက်တစ်စပ်တည်းရှိသော မြေများကိုစက် ယန္တရားကြီးများဖြင့် ဖို့ယူခြင်းဖြင့် မြေဧရိယာ ကျယ်ပြန့်စွာ အသုံးချခြင်းကြောင့် တွင်းကြီးများ၊ မြောင်း ကြီးများသဖွယ် ဖြစ်သွားပါတယ်။ ဥယျာဉ်ခြံမြေရှိ စားပင်သီးပင်များပါရှိသွားခြင်း၊ စီမံကိန်းဝင် ရာဘာခြံများ ဆုံးရှုံးရခြင်းဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ၌ ကျေးလက်နေပြည်သူများသည် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံ၊ ရာဘာခြံများကို လုပ်ကိုင်စားသောက်နေကြသော ဆင်းရဲသား ကျေးလက် နေပြည်သူများဖြစ်ပါတယ်။ ကုမ္ပဏီများသည် မြန်မြန်ပြီးလျှင် များများအကျိုးရှိမည့်သူများဖြစ်၍ စေတနာထားဆောင်ရွက်မှုနည်းပါးနေသည်ဟု ထင်မြင်ယူဆမိပါတယ်။ သို့ဖြစ်တဲ့အတွက် ကျွန်တော် အောက်ပါမေးခွန်းတစ်ခုကို မေးမြန်းလိုပါတယ်။ (က) ကျေးလက်ပြည်သူများ၏ ပိုင်ဆိုင်မှုများကို နစ်နာဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် မျှမျှတတစဉ်းစားပြီး ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊မရှိ။ ရှိလျှင်လည်း မည်သို့မည်ပုံ ဆောင်ရွက်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတစ်ဝန်းသို့ ရထားလမ်းကွန်ရက်များ ရောက်ရှိစေရေးအတွက် ရထားလမ်းသစ်များကို ဖောက်လုပ်လျက်ရှိရာမှာ ထားဝယ်မှ မြိတ်အထိ အရှည် ၁၃၂.၅ မိုင်ရှိ ရထားလမ်းလည်း အပါအဝင် ဖြစ်ပါတယ်။ ထိုရထားလမ်းဖောက်လုပ်ရာတွင် ဒေသခံပြည်သူများ နစ်နာမှုမရှိစေရေးအတွက် တတ်နိုင်သမျှလယ်ကွင်းများ၊ ဥယျာဉ်များကို ရှောင်ကွင်း ဖောက်လုပ်လျက် ရှိပါတယ်။ ရထားလမ်း၊ ဘူတာနေရာများရွေးချယ်ရာတွင် မြို့ရွာများနှင့်ဝေးလျှင် ရထားလက်မှတ်ခ ၁၀၀၊ ဆိုက်ကား၊ မြင်းလှည်းခ ၁၀၀၀ ဖြစ်ပေါ်လျက်ရှိ၍ လမ်းအူကြောင်းကို ဂရုစိုက်ရွေးချယ် ရပါတယ်။ ထိုသို့ ရထားလမ်းတာပေါင်များကို တည်ဆောက်ရာမှာလည်း ရထားများ အန္တရာယ် ကင်းရှင်းစေရေးအတွက် တာပေါင်ထိပ်ဝ အကျယ် ပေ ၂၀ ထားရှိပြီး တစ်ဖက်တစ်ချက်ဆင်ြခေလျော ၁ း၂ ထားရှိသဖြင့် ၁၀ ပေ ခန့်အမြင့်ရှိသည့် တာပေါင်တွေ၊ အောက်ခြေအကျယ်မှာ ပေ ၆၀ ဖြစ်သွား ပါတယ်။ ထို့အပြင် တာပေါင်၏အောက်ခြေ တွင် ၂၅ ပေစီ ကွာလျက်မြေသားယူသည့် တာကျင်းများကို ၁၀ ပေခန့်စီတူးရပါတယ်။ ရထားလမ်းအတွက် စုစုပေါင်းမြေအကျယ်ဟာ ပေ ၁၃၀ ခန့်လိုအပ် ပါတယ်။လက်ရှိ ရထားလမ်းများဖောက်လုပ် ရာတွင်ဒေသခံပြည်သူများ မနစ်နာစေရေးအတွက် လယ်ယာမြေ၊ ဥယာဉ်ခြံမြေ၊ ရာဘာခြံနှင့် ဆီအုန်းခြံများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက် ရထားလမ်းနယ်ကို လိုအပ်သလောက် အနည်းဆုံးသာယူစေရေးအတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဆင့်ကဲဆင့်ကဲ တာဝန်ရှိသူများကိုလည်းကြပ် မတ်သွားစေမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
