နိုင်ငံတစ် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရည်သွေးပြည့်ဝမှုကို နိုင်ငံသားတစ်ဦးစီရဲ့ စွမ်းအင်မြင့်မားမှုအပေါ်မူ တည်နေပါတယ်။ ထိုစွမ်းအင်မြင့်မားမှုရဲ့အရင်းခံမှာ ပညာရေးပိုင်းဆိုင်ရာကျွမ်းကျင်တတ်ြမောက်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးကြိုးပမ်းဖော်ဆောင်မှုမှာလည်း ထိုအကြောင်း များ၏အခြေခံဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပညာရေးကဏ္ဍရဲ့စွမ်းဆောင်နိုင်မှုကို အဓိကထားအလေး ပေးဆောင်ရွက်လျက်ရှိကြပါတယ်။ ပညာရှင်များရဲ့အခန်းကဏ္ဍမှာလည်း အမြင့်ဆုံးနေရာမှာရှိနေပါ တယ်။ ယခု အစိုးရလက်ထက်မှာလည်း ပညာရှင်များကို ရှေ့တန်းတင်လာတာကိုတွေ့ရပါတယ်။ ပညာရှင်များနဲ့ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရှင်များဦးဆောင်စေ၍ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှု အတွက်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲများ၊ ဆင်းရဲမှုလျော့ပါးရေးအတွက် ပြုလုပ်နေကြတာ ကိုလည်းတွေ့ရပါတယ်။ ပညာရှင်များရဲ့စွမ်းဆောင်ချက်ဟာ အရေးပါကြောင်းနှင့် ပညာရှင်များလည်း အမြောက်အမြားလိုအပ်လျက်ရှိကြောင်းလည်းထင်ရှားနေပါတယ်။ နိုင်ငံတော်မှာ ပုဂ္ဂလိကပညာရေး မြင့်မားမှုဆောင်ရွက်ချက်များကို ပိုမိုများပြားလာတာကိုတွေ့မြင်ရပါမယ်။ ပုဂ္ဂလိကကျောင်းများမှာ နိုင်ငံတကာမှ နာမည်ကြီးတက္ကသိုလ်များရဲ့ Professor များခေါ်ယူပြီးတော့ ပြည်တွင်းမှာပဲ ဒီဂရီဘွဲ့ ပေးနိုင်တဲ့အထိဆောင်ရွက်နေသည်များကိုလည်း ဝမ်းမြောက်ဖွယ်တွေ့မြင်ရပါတယ်။ သို့သော် အရေ အတွက် အလွန်နည်းပါးနေသေးတာကိုတွေ့ရပါတယ်။ နိုင်ငံတော်အစိုးရမှဖြစ်စေ၊ ပုဂ္ဂလိကမှဖြစ်စေ နိုင်ငံတကာဘွဲ့များကို ပြည်တွင်းမှာပင်ရယူနိုင်ရန်ဆောင်ရွက်ပေးနိုင်ရေးအတွက် အလေးထားကြိုးစား ရမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေရာမှာ အလျဉ်းသင့်လို့အနည်းငယ်တင်ပြလိုပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာ တက္ကသိုလ်ကျောင်းများ တစ်ဟုန်ထိုးများပြားလာတာကိုတွေ့ရပါ တယ်။ တပ်မတော်အစိုးရလက်ထက်မှာပဲ တက္ကသိုလ်ကျောင်းများဟာ တစ်ဟုန်ထိုးများပြားလာမှုနဲ့ ဖြည့်ဆည်းပေးတာကိုလည်းတွေ့ရပါတယ်။ အရင်တုန်းက ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်လေးခုပဲရှိပါတယ်။ အဲ့ဒီလေးခုမှာလည်းပဲ Hostel Life ဆိုတဲ့ ကျောင်းအဆောင်နေ ကျောင်းသားများရဲ့ဘဝကိုဖန်တီးပေးခဲ့ပါတယ်။ ရှိခဲ့ပါတယ်။ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်နယ်မြေမှာဆိုရင် ကျောင်းသားအဆောင်တွေဖြစ်တဲ့ စစ်ကိုင်း၊ အင်းဝ၊ ပင်းယ၊ ရွှေဘို၊ မန္တလေးစတဲ့ အဆောင်တွေနောက်ပြီး အမျိုးသမီးဆောင်များဖြစ်တဲ့ အင်းလျားဆောင်၊ ရတနာဆောင်၊ သီရိဆောင်၊ မာလာဆောင် အခုမာလာဆောင်မှာဆိုရင် Global English Center ဖွင့်ထားတာတွေ့ရ ပါတယ်။ လှိုင်တက္ကသိုလ်နယ်မြေမှာလည်းပဲ ပုပ္ပါး၊ ခပေါင်း၊ အင်းလေး၊ ဇီဝကစသည်ဖြင့် အဆောင် တွေရှိခဲ့ပါတယ်။ အဲ့ဒီမှာ အမျိုးသမီးဆောင်များအဖြစ် သဇင်၊ သရဖီ၊ နှင်းဆီ၊ အင်ကြင်း၊ ကံ့ကော် စသည်ဖြင့် ကျောင်းဆောင်တွေရှိခဲ့ပါတယ်။ RIT စက်မှုတက္ကသိုလ်အတွက်လည်း အဲ့ဒီမှာပါဝင်ပါတယ်။ အင်းစိန်မြို့နယ်မှာရှိတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ဖြစ်တဲ့ RIT ခေါ် YIT မှာလည်းပဲ အဆောင်များ ရှိပြီးတော့ လက်ရှိ အဲ့ဒီဆောင်တွေမှာတော့ ဘွဲ့လွန်တန်းနဲ့ ဆရာ၊ ဆရာမများကိုပဲထားတာတွေ့ရပါ တယ်။ B.E ဘွဲ့ပေးမယ့်ကျောင်းသားတွေကို ဒီမှာကျောင်းဆောင်နေ ကျောင်းသားအဖြစ်ထားခြင်း မရှိပါဘူး။ နောက်စက်မှုတက္ကသိုလ်အနေနဲ့ ရန်ကုန်၊ မန္တလေး နှစ်နေရာမှာပဲရှိတဲ့အတွက် မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေဟာ ရန်ကုန်၊ မန္တလေးမြို့ကိုတက်လာပြီးတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့နယ်ကျောင်းတွေက အဆောင်ကျောင်းသားအဖြစ်နေခွင့်မရတဲ့အတွက် အပြင်မှာပဲငှားရမ်းပြီး နေထိုင်ကြရတာတွေတွေ့ရပါတယ်။ ဒီလိုပဲ အမှတ်မြင့်မှဝင်နိုင်တဲ့ UFL လို့ခေါ်တဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်မှာလည်း တစ်နိုင်ငံလုံးမှာနှစ်ကျောင်းပဲရှိတဲ့အတွက် ကျောင်းသားတွေကလည်းအပြင်မှာပဲ ရရာအဆောင်တွေမှာ နေထိုင်ကြရတာကိုတွေ့ရပါတယ်။ အပြင်မှာနေတဲ့ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်အဆောင်များမှာလို Hall Tutor များရဲ့မိဘသဖွယ်အုပ်ထိန်းမှု၊ သင်ကြားရေးမှာ နေ့၊ ည သင်ပေးနိုင်မှုတွေကင်းလွတ်တဲ့အတွက် ကျောင်းသားလူငယ်တွေဟာ အကျင့်စာရိတ္တပိုင်းမှာ မိမိကိုယ် မိမိမထိန်းသိမ်းနိုင်တဲ့လူငယ်တွေ တော်တော်များများလည်းဖြစ်ပေါ်လာတာတွေ့ရပါတယ်။ မိန်းကလေး ပိုင်းမှာလည်း အများကြီးမြင်တွေ့ရတာဖြစ်ပါတယ်။ ဒါဟာဆိုရင် အဆောင်နေကျောင်းသားရဲ့ ဘဝမှာ လုံခြုံမှုရှိတာ၊ တိုးတက်မှုရှိတာ ပညာရေးနှင့်ပတ်သက်ပြီး တစိုက်မတ်မတ်ရှိတာတွေဟာ အင်မတန်မှ ကောင်းတဲ့အချက်တွေ ဒီအချက်တွေကိုမဖန်တီးနိုင်ဘဲနဲ့ အပြင်မှာနေခဲ့ရတဲ့ကျောင်းသားတွေ၊ အပြင် မှာနေနေရတဲ့ ကျောင်းသားတွေအတွက်က ဖန်တီးချက်အားနည်းသလို လုပ်ဆောင်ချက်အားနည်း တယ်လို့ အဲ့ဒီလိုပဲသုံးသပ်ရပါတယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ်ပင်မဆောင်တွေဖြစ်တဲ့ အဆောင်တွေ မှာဆိုရင် ဥပဒေနဲ့ပတ်သက်ပြီး ဒီပလိုမာတို့၊ ဘွဲ့လွန်သင်တန်းမျိုးတွေပေးနေတာကိုတွေ့ရပါတယ်။ Eco ဆောင်မှာလည်း ဘွဲ့လွန် MPA တို့၊ MD တို့သင်ကြားပေးနေတာကိုတွေ့ရပါတယ်။ Eco ဆောင် အနေနဲ့ Eco ကျောင်းဆောင်အဖြစ် တောင်ဒဂုံမြို့သစ်မှာသီးသန့်ဖွင့်ထားတာကိုလည်းတွေ့ရပါတယ်။ Main ထဲမှာ ပင်မတက္ကသိုလ်ကြီးထဲမှာ သင်ကြားရေးအတွက်သွားရတဲ့ ဆရာ၊ ဆရာမတွေဟာ နေ့လယ်နေ့ခင်းမှာတောင် ကျောင်းထဲမှာလူပြတ်နေတဲ့အတွက် သူတို့အန္တရာယ်ရှိတယ်လို့တောင် ငြီးကြတာတွေ့ခဲ့ရဖူးပါတယ်။ သထုံလမ်းမှာတော့ အရင်တုန်းကရှိခဲ့တဲ့ အဆညမှာ Foreign Student Hostel ကျားနှစ်ဆောင်ရှိပြီးတော့ မတစ်ဆောင်၊ ဆရာများအတွက်တစ်ဆောင် အဲ့ဒါကတော့ အစဉ်အလာအဖြစ် ယနေ့တိုင်ရှိနေဆဲဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရေးဝန်ကြီးဌာနကို ချီးကျူးစရာ စကားတစ်ခုအဖြစ်ထည့်ပြောလိုပါတယ်။ ပညာရေးအဆောင်တွေဖြစ်တဲ့ ပြည်၊ ပုဂံ၊ တကောင်း၊ နဝဒေး အခုအသစ်ထပ်တိုးလာတဲ့ အနော်ရထာအဆောင်တွေမှာ B.Ed ဘွဲ့ပေးမယ့်ဆရာ၊ ဆရာမလောင်း များကို လေ့ကျင့်ပေးနေတဲ့ ကျောင်းကတော့တကယ့် Hostel Life ပါပဲ။ မနက်အိပ်ရာကထတာနဲ့ ကစားချိန်၊ စားချိန်၊ နားချိန်၊ စာသင်ချိန်၊ စာစစ်ချိန်၊ Night Study အပါအဝင် ဘုရားရှိခိုးတာကအစ ညီညီညာညာနဲ့ ကျောင်းစိမ်းယူနီဖောင်းလေးများနဲ့ သင်ကြားလေ့ကျင့်ပေးတာကို ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။ ဒါကိုတော့ ပညာရေးဌာနကို ချီးကျူးလေးစားပါတယ်။ အဲ့ဒီလိုမျိုး အဆောင်မျိုးတွေကို ကျွန်တော်တို့နိုင်ငံမှာ မြို့လယ်ခေါင်မှာရှိနေတဲ့ ကျောင်းဆောင်ကြီးများမှာ ဖြစ်စေချင်ပါတယ်။ နိုင်ငံတော်မှာ ကျောင်းသားပေါင်းအမြောက်အမြား လက်ခံလေ့ကျင့်မွေးထုတ်ပေးနိုင်မယ့် Hostel လို တက္ကသိုလ်ကျောင်းဆောင်များရှိပါသော်လည်း အကျိုးရှိစွာအပြည့်အဝ အသုံးမချနိုင်မှုတွေတွေ့ရပါတယ်။ အကျိုးရှိစွာအပြည့်အဝအသုံးချနိုင်ရေးမှာ ကျောင်းသားများကို အပြင်းအထန်လေ့ကျင့်ပေးမယ့် ကျောင်းသားများမှ အပြင်းအထန်သင်ယူစေမယ့် နိုင်ငံတကာကျောင်းဆောင်များကဲ့သို့ နေ့ရော၊ ညပိုင်းပါ Class Study, Self Study ကဲ့သို့သင်ယူမှုများ၊ Library, Online Study များကို Professor များ၊ ကထိကဆရာများနှင့် အနီးကပ်နေ့ညသင်ယူနိုင်ခြင်းများကိုဖော်ဆောင်နိုင်ဖို့အတွက် မြို့ပြကို အြခေခံ၍တည်ဆောက်ထားတဲ့ မြို့တွင်းတက္ကသိုလ်ကျောင်းဆောင်များ ဖွင့်လှစ်ရန်လိုအပ်ပါတယ်။ ယခင်က နိုင်ငံတကာတက္ကသိုလ်များနှင့်တန်းတူ အဆင့်မီပညာရေးအတွက်အသုံးပြုသော တက္ကသိုလ် ကျောင်းဆောင်များအဖြစ် ဂုဏ်ယူဝင့်ထည်စွာရှိခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဂိုတုန်းက တက္ကသိုလ် လေးခုရှိခဲ့တဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်ကကျောင်းပြီးတဲ့သူတွေကို နိုင်ငံတကာက လုံးဝအသိ အမှတ်ပြုတယ်ဆိုတဲ့ အြခေအနေမျိုးတွေကိုရှိခဲ့ရဖူးပါတယ်။ အခုလည်း ပညာရေးနဲ့ပတ်သက်ပြီး တော့မှဖော်ဆောင်နေကြတာ အင်မတန်မှ ပညာရေးနဲ့ပတ်သက်ပြီးတော့မှ ရှေ့တန်းကိုရောက်နိုင်သမျှ ရောက်အောင်သွားနေတာကိုတွေ့ရပါတယ်။ သို့သော် လက်ရှိပညာရေးအတွက် အသုံးမပြုနိုင်လို့ ကျောင်းတံခါးတွေပိတ်ထားပြီးတော့မှ ယိုယွင်းမှုတွေကြောင့်မို့လို့ဆုံးရှုံးမှုဖြစ်ရတာ ကျောင်းသား ပေါင်းသောင်းနဲ့ချီပြီးပညာဆည်းပူးစေနိုင်ရန် သင်ကြားပေးနိုင်တဲ့ကျောင်းများကို အသုံးမပြုနိုင်ခြင်း မှာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါတယ်လို့မြင်ပါတယ်။ ဒါကြောင့် မေးခွန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထင်ကရကျောင်းဆောင်များဖြစ်တဲ့ စက်မှုတက္ကသိုလ်ကျောင်း ဆောင်များ၊ ပညာရေးကျောင်းဆောင်များ၊ စီးပွားရေးကျောင်းဆောင်များစတဲ့ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကျောင်းဆောင်ဟောင်းများကို ကျောင်းဆောင်နေကျောင်းသားများ လက်ခံလေ့ကျင့်သင် ကြားပေးခြင်းဖြင့် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ မရှိပါကဘာကြောင့်ပါလဲ သိလိုပါကြောင်း မေးမြန်းပါသည်။
ယခင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်များမှာ အမျိုးသား၊ အမျိုးသမီးအဆောင်များစုစုပေါင်း ၂၃ ဆောင်ရှိပါ တယ်။ ယခုအခါမှာ ရန်ကုန်တက္ကသိုလ်ရှိ သီရိဆောင်အား အရှေ့တောင်အာရှပညာရေးဝန်ကြီးများ အဖွဲ့ Southeast Asian Ministers of Education Organization Regional Centre for History and Tradition(SEAMEO CHAT)၏ ဒေသလုံးဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာနအဖြစ် အသုံးပြု လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ရှိ မာလာဆောင်အား အမျိုးသားအင်္ဂလိပ်ဘာသာစကားဗဟိုဌာန National Centre of English Language (NCEL) အဖြစ်ဖွင့်လှစ်၍ ကျောင်းသူ၊ ကျောင်းသား များနှင့် ဝန်ထမ်းများ၏အရည်အချင်းမြင့်မားရေး အင်္ဂလိပ်စာဒီပလိုမာနှင့် မဟာသင်တန်းများ၊ Global English သင်တန်းများ၊ မြန်မာ-အိန္ဒိယ အင်္ဂလိပ်စာလေ့ကျင့်သင်ကြားရေးဗဟိုဌာန Myanmar-India Centre for English Language Training (MICELT) စသောသင်တန်းများ တက်ရောက်နိုင်ရန်ဆောင်ရွက်ထားရှိပါတယ်။ ကျန်အဆောင်စုစုပေါင်း ၂၁ ဆောင်အား ရန်ကုန် ဧရိယာအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ပါရဂူ သင်တန်းသားများအတွက် အကျိုးရှိစွာအသုံးပြုလျက်ရှိပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်းဟာ ၁၈၅၃ ဦးရှိပါတယ်။ ယခင်က ကျောင်းဆောင် ၄ ဆောင်သာရှိခဲ့ပြီး ယခုအခါ၌ အမျိုးသားကျောင်းဆောင်တစ်ဆောင်တိုးချဲ့၍ ဆောက်လုပ်ပြီး နယ်ဝေးကျောင်းသား ၉၀ ဦး၊ ကျောင်းသူ ၈၇၀ ဦးတို့အား ယခင်အတိုင်းစိစစ်၍ ကျောင်းဆောင်နေထိုင်ခွင့်ပြုထားပါတယ်။ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများဖွင့်လှစ်ပို့ချ၍ သုတေသနအထူးပြု အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပါတယ်။ သို့ပါ၍ ရန်ကုန်တက္ကသိုလ်တွင် မဟာသင်တန်းသား ၅၆၁ ဦး၊ ပါရဂူကြို သင်တန်းသား ၁၉၀ ဦး၊ ပါရဂူသင်တန်းသား ၁၁၁၉ ဦး၊ ဒီပလိုမာသင်တန်းသား ၆၇၅ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၅၄၅ ဦးရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းဆောင်စုစုပေါင်း ၁၀ ဆောင်တွင် ပါရဂူကြိုသင်တန်းသားများ၊ ရန်ကုန်မြို့ရှိတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များစုစုပေါင်း ၆၉၈ ဦးတို့အားစိစစ်၍ ကျောင်းဆောင်နေထိုင်ခွင့်ပြုထားလျက်ရှိပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိသော ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူစုစုပေါင်းဟာ ၁၀၅၇၉ ဦးရှိပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ကျောင်းဆောင် စုစုပေါင်း ၆ ဆောင်သာရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများအား အဆောင်နေထိုင်ခွင့်ပြုရန် လုံလောက်မှုမရှိသောကြောင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းစုစုပေါင်း ၁၂၁ ဦးတို့အားနေထိုင်ခွင့်ပြုထားလျက်ရှိပါတယ်။ ယခင်က ကျောင်းဆောင်များတွင် ကျောင်းသားများ ထားရှိခဲ့စဉ်က အဆောင်ပြုပြင်စရိတ်၊ ရေ၊ မီး၊ မိလ္လာကိစ္စများကို နိုင်ငံတော်မှကျခံခဲ့ပြီး အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၏ အဆောင်လခမှာစားစရိတ်မျှသာဖြစ်ပါတယ်။ အဆိုပါ စားစရိတ် အပေါ်တွင်လည်း နိုင်ငံတော်မှ ဆန်၊ ဆီ၊ နို့ဆီ၊ သကြားစသော စားသောက်ကုန်ပစ္စည်းများကို သက်သာ သောဈေးနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်။ ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကာလဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတော်မှ ပညာရေးအတွက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များတိုးချဲ့ဆောက်လုပ် ခြင်း၊ ဆရာ၊ ဆရာမများခန့်ထားခြင်း၊ လက်တွေ့ခန်းသုံးပစ္စည်းများနှင့် သင်ကြားသင်ယူမှုပစ္စည်းများ ဖြည့်ဆည်းခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအားကျောင်းလခ၊ မှတ်ပုံတင်ကြေးနှင့် လက်တွေ့ကြေးအဖြစ်တစ်နှစ်လျှင် သိပ္ပံဘာသာရပ်အတွက် ၇၅၀၀ ကျပ်နှင့် ဝိဇ္ဇာဘာသာရပ်အတွက် ၇၂၀၀ ကျပ်သာ နိုင်ငံတော်သို့ပေးသွင်းစေခဲ့ခြင်းမှာ နိုင်ငံတော်အနေဖြင့် ပညာရေးအတွက် များစွာရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အခြေခံပညာအထက်တန်းအဆင့်ပြီးဆုံး၍ အဆင့်မြင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများသည် မိမိ၏ဘဝတိုးတက်ရေးအတွက် တက္ကသိုလ် ပညာများကိုလေ့လာသင်ယူရာ၌ အစိုးရဘော်ဒါဆောင်တွင်ဖြစ်စေ၊ ပြင်ပပုဂ္ဂလိကဘော်ဒါဆောင်တွင် ဖြစ်စေ ဆင်ခြင်တုံတရားဖြင့် ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ပါတယ်။ နယ်ဝေးမှ ကျောင်းသား၊ ကျောင်းသူများမှာ ပြင်ပတွင်အဆောင်ငှား၍နေထိုင်ကြပါတယ်။ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အနီးရှိ ဘော်ဒါဆောင်ပိုင်ရှင်များကို သက်ဆိုင်ရာပါမောက္ခချုပ်များကခေါ်တွေ့၍ စည်းကမ်း ထိန်းသိမ်းရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ သန့်ရှင်းရေးအစရှိသည်တို့ကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်ခေါ်ယူညှိနှိုင်းပြီး အဆောင်သာယာရေးကော်မတီများဖွဲ့စည်းကာ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များမှဆရာ၊ ဆရာမများက အခါအားလျော်စွာသွားရောက် စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ဘော်ဒါဆောင်ထားရှိမည့် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
