ပေပင်ချောင်၊ အခြေခံပညာအထက်တန်းကျောင်းခွဲဟာ ၁၉၉၆-၁၉၉၇ ပညာသင် နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က ကျွန်တော်တို့ ကျွန်းလှမြို့နယ်မှာ သဖန်းဆိပ်ဆည်ရေလှောင်တမံစီမံကိန်းကြောင့် ကျွန်းလှမြို့နယ်ဟာ အရှေ့ဘက်ခြမ်းနဲ့ အနောက် ဘက်ခြမ်းဆိုပြီးတော့မှ ဆည်ကြီးရဲ့ ပိုင်းခြားထားတာကိုခံရတာဖြစ်ပါတယ်။ ကျွန်းလှမြို့နယ်မှာ အထက်တန်းကျောင်းဟာ တစ်ကျောင်းတည်းပဲရှိပြီးတော့မှ ရှိတဲ့ကျောင်းဟာ ကျွန်းလှမြို့နဲ့တစ်ပါတည်း ပါသွားတဲ့အတွက်ကြောင့်မို့ ကျွန်းလှမြို့နဲ့ ၃၆ မိုင်ဝေးကွာတဲ့ ဆည်အနောက်ဘက်ကမ်းမှာရှိတဲ့ ပေပင်ချောင်၊ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးဖို့အခြေ အနေ ရှိ၊ မရှိ သိရှိလိုပါတယ်။ တကယ်လို့ အဲ့ဒီကျောင်းကိုသာ ဖွင့်လှစ်ပေးမယ်ဆိုလို့ရှိရင် ဆည်ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်း ၂၀ ကျော်မှာ သင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အထက်တန်းပညာကို လွယ်ကူချောမွေ့စွာသင်ကြားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်းကျောင်း အဆင့်ထိတိုးမြှင့်ဖွင့်လှစ်ပေးဖို့ အစီအစဉ်ရှိပါသလား။ ရှိပါလျှင်လည်း မည်သည့်အချိန်အခါတွင် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
အခြေခံပညာအထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ဖွင့်လှစ်ရေးအတွက် အထက်တန်းအဆင့်တွင်တက်ရောက်နေသော ကျောင်းသား ဦးရေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုအခြေအနေများ၊ ကျောင်းဥပဓိရုပ်တို့ကိုစိစစ်၍ တန်းစီထား ပါတယ်။ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရေးအတွက် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြ ထောက်ခံချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ဖြင့် အဆင့် တိုးမြှင့်ဖွင့်လှစ်ရေးဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ပေပင်ချောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
