(ဂ)-ဘိုကလေး-ဖျာပုံကားလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၇-၉-၂၀၁၁)

ယနေ့နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက် နေတဲ့ နိုင်ငံအဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လုံခြုံချောမွေ့ စေရေးသည် အခြေခံကျတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သည်ဟုဆိုတာနှင့်အညီ ကျွန်တော်တို့ မြစ်ဝ ကျွန်းပေါ်ဒေသမှာ ပြည်ထောင်စုအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး လမ်းကွန်ရက်စီမံကိန်းများဖြစ်သည့် လမ်းအမှတ် ၅၊ ဘိုကလေး-ကျိန်ချောင်း-ဂဒုံကနိလမ်း၊ လမ်းအမှတ် ၆၊ ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းနှင့် လမ်းအမှတ် ၁၁၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး၊ ‌ြမောင်းမြလမ်းများသည် ဘိုကလေးမြို့မှာ ဦးတည်တွေ့ဆုံပြီး ဘိုကလေး-ဖျာပုံကားလမ်းမှတစ်ဆင့် မြန်မာနိုင်ငံအနှံ့သို့ ဆက်သွယ်သွားလာနိုင်တဲ့ အတွက် ဘိုကလေး-ဖျာပုံကားလမ်းဟာ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသကြီးရဲ့ ကုန်းလမ်း ထွက်ပေါက်တစ်ခုဖြစ်ပါတယ်ခင်ဗျား။ ဖျာပုံ-ဘိုကလေးကားလမ်းကို ၁၉၉၀ ခုနှစ်မှစတင်ပြီး ဖောက်လုပ်ခဲ့ပါတယ်။ လမ်းအရှည် ၁၉ မိုင်၊ ၂ ဖာလုံရှိပြီး ၎င်းလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီး အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ လမ်းအကျယ် ၁၂ ပေရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ဖျာပုံဘက်လမ်းအပိုင်း က ၅ မိုင်၊ ၇ ဖာလုံနှင့် ဘိုကလေးဘက်လမ်းအပိုင်းမှာ ၄ မိုင်၊ စုစုပေါင်း    ၉ မိုင်၊  ၇ ဖာလုံပြီးစီးခဲ့တဲ့အတွက် ဒေသခံပြည်သူ များကလည်း ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ခင်ဗျား။ ကျန်ရှိနေတဲ့ ၉ မိုင်၊ ၃ ဖာလုံအရှည်ရှိတဲ့ လမ်းအလယ်ပိုင်းမှာ မိုးတွင်းကာလရောက်တိုင်း အပျက်အစီးများပြီး သွားလာရေးခက်ခဲတဲ့အတွက် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအရေးပေါ် ကိစ္စများသွားလာရာတွင် ခရီးကြန့်ကြာမှုများရှိနေသည့် အတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များမှာ အခက်အခဲနှင့်နစ်နာမှုများ မကြာခဏ ကြုံတွေ့နေရပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဘိုကလေး-ဖျာပုံကားလမ်း သွားလာမှုလွယ်ကူ ချောမွေ့စေရေးအတွက် ကတ္တရာခင်းခြင်းလုပ်ငန်း အမြန်ဆုံးပြီးစီးနိုင်ရန် ဒေသခံပြည်သူများကလည်း လိုလားတောင့်တလျက်ရှိနေကြပါတယ်။ သို့ပါ၍ ယခုနှစ်ပွင့်လင်းရာသီမှာ ကတ္တရာခင်းခြင်း လုပ်ငန်းများစီစဉ်ဆောင်ရွက်ထားမှုကို သိရှိလိုကြပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဘိုကလေး-ဖျာပုံကားလမ်းဟာ ဧရာဝတီတိုင်းဒေသကြီး အတွင်း ဖျာပုံခရိုင်၊ ဖျာပုံမြို့မှ ဘိုကလေးမြို့သို့ ဆက်သွယ်ထားသောလမ်းဖြစ်ပါတယ်။ ၃၁-၅-၂၀၁၁ ရက်အထိ လမ်းအ‌ြခေအနေကတော့ ကတ္တရာလမ်းက ၉ မိုင်နဲ့ ၇ ဖာလုံ၊  ကျောက်လမ်းက ၉ မိုင်နဲ့      ၃ ဖာလုံ စုစုပေါင်း ၁၉ မိုင်နဲ့ ၂ ဖာလုံရှိပါတယ်။ ၎င်းလမ်းပေါ်မှာ တံတားစာရင်းအရ ကျုံကူးတံတား ဟာ ၁၆၇ ပေ၊ လယ်သမားရိုးတံတားဟာ ၁၀ ပေ၊ အညှပ်ရိုးတံတားဟာ ၁၅ ပေ၊ ကိုးအိမ်တန်းတံတား ဟာ ၅၀ ပေ၊ ပကံတံတားဟာ ၄၀ ပေ၊ မစိမ်းတံတားဟာ ၅၀ ပေ၊ ဖိုးရွှေလုံးတံတားဟာ ၁၀၅ ပေ၊ ဆင်ချောင်းတံတားဟာ ၆၀ ပေ၊ ကုလားကြီးချောင်းတံတားဟာ ၁၁၀ ပေ၊ နတ်ချောင်းတံတားဟာ  ၃၀၀ ပေတို့ရှိပါတယ်။

          နာဂစ်မုန်တိုင်းဒဏ်ခံရပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးကာလအတွင်း ယာဉ်များ သွားလာမှုများပြားခြင်းကြောင့် လမ်းပျက်စီးမှုများခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ပြီးတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေနှင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ကျောက်လမ်းမှ ကတ္တရာလမ်းအဆင့်တိုးမြှင့်ဆောင်ရွက်ခြင်းက ၄ ဖာလုံ၊ ၄၀ ပေအကျယ် မြေသားတာဘောင်တင်ခြင်းက ၅ မိုင်၊ ကျုံကူး ၁၈၀ ပေ၊ ကုလားကြီးချောင်းတံတား ၁၂၀ ပေ၊ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းက နှစ်စင်းတည်ဆောက်ထားပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်ခွဲဝေရရှိသော သာမန်ပြင်ထိန်းရန်ပုံငွေနဲ့ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ထားပါတယ်။ အဲဒါကတော့ ကျောက်လမ်းမှကတ္တရာလမ်းအဆင့်မြှင့်တင်ရန် ၂ မိုင်နဲ့        ၅ ဖာလုံ၊ မူလကျောက်လမ်းပျက်နေသည့်အပိုင်းမှာ ၄ လက်မထုကျောက်တင်ခြင်းက ၁ မိုင်၊ ကိုးအိမ်တန်းတံတား ၅၀ ပေ၊ တံတားအမှတ် (၁/၇) ၁၀ ပေ၊ နတ်ချောင်းတံတား ပေ ၃၀၀ ရှည်သော သစ်သားတံတားတွေမှာ ကြမ်းခင်းခြင်း၊ ဘီးလမ်းများနှင့်ယက်မများ၊ လက်ရန်းများလဲခြင်းက သုံးစင်း တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဆင့်မြှင့်တင်ခြင်း ၁၃ မိုင် တိုးမြှင့်ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကျောက်လမ်းအဖြစ် ၆ မိုင်၊ ၂ ဖာလုံသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။ ဒါကြောင်‌့မို့လို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတို့ဟာ ဆက်လက်တင်ပြတောင်းခံသွားပြီး လမ်းတံတားအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။