မိုးကုတ် မြို့နယ်၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုများအတွက် ရိုးရာနည်းဖြင့် တစ်ပိုင်တစ်နိုင် ၂၀၀၄ ခုနှစ်က ကဲ့သို့ ကျောက်မျက်တူးဖော်ခွင့်ရှိ၊ မရှိ ကိုမေးမြန်းမှာဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်၏ မေးမြန်းချက်ကို စာအားဖြင့် ဖတ်ကြားခွင့်ပြုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား-
(က) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်သည် မြို့တစ်မြို့၊ ရပ်ကွက် ငါးရပ်ကွက်၊ ကျေးရွာ ၁၂၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေမှာ ၁၅၆၉၄၆ ဦး နေထိုင်လျက်ရှိသော မြေ ၁၇၇၃၀ ဧက စိုက်ပျိုးခြင်းမပြုနိုင်သောမြေ၊ ကျောက်မျက် တူးဖော်ြမေအပါအဝင် ၁၇၈၉၆၇ ဧက ရှိပါတယ်ခင်ဗျား။
( ခ ) မိုးကုတ်မြို့နယ်အနေဖြင့် တောင်တန်းပေါများပြီး စိုက်ပျိုးမြေနည်းပါး၍ အစဉ်အလာ အားဖြင့် မွေးရာပါအသက်မွေးဝမ်းကျောင်း မိရိုးဖလာလုပ်ငန်းဖြစ်သော ကျောက်မျက် တူးဖော်လုပ်ကိုင်မှုကိုသာ ဆောင်ရွက်ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်ခင်ဗျား။ မိုးကုတ်မြို့နယ်၏ မူလစီးပွားရေးအြခေခံ ကျောက်မျက်လုပ်ငန်းများကို ငွေအရင်းအနှီး စိုက်ထုတ်ဆောင်ရွက်မှုများရှိသကဲ့သို့ ဆင်းရဲနွမ်းပါးသည့် လက်လုပ်လက်စားများ တစ်ပိုင်တစ်နိုင် ရှာဖွေစားသောက်မှုများလည်း ရှိခဲ့ပါတယ်ခင်ဗျား။ ဒါ့အပြင် မိုးကုတ်မြို့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ ပေါက်ပန်းဈေးလုပ်ကိုင်ခြင်း၊ လုပ်သားတစ်ဦးမှ ငါးဦးထိ တောင်ကုန်းတောင်ထိပ်များပေါ်မှ ခြုံနွယ်များရှင်းပြီး မြေများကို အိတ်ဖြင့် ထည့်သွင်းကာ တောင်အောက်သို့ သယ်ဆောင်၍ ချောင်းြမောင်းရေထဲတွင် ဇကာဖြင့် ကျောက်များရှာဖွေခြင်းကိုခေါ်ပါတယ်ခင်ဗျား။ခနွဲဆေးခြင်း၊ ဆန်ခါချခြင်း၊ ခဲစာထုခြင်း၊ တွင်းလုံးလေးပင်၊ ကိုးပင်၊ မျော၊ လူး၊ လက်ကြား၊ ကျင်းပြတ်စနစ်ဖြင့် တူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အများအားဖြင့် ငွေအရင်းအနှီးများစွာစိုက်ထုတ် ဆောင်ရွက် နိုင်သည့် အနည်းစုဒေသခံလုပ်ငန်းရှင်များ၊ ဒေသခံမဟုတ်သော အများစုစီးပွားရေး လုပ်ငန်းရှင်ကြီးများ လာရောက်လုပ်ကိုင်လျက်ရှိပါတယ်ခင်ဗျား။
( ဂ ) မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက်တွင် ဦးပိုင် ၂၇၇ ကွက်၊ အကျိုးတူကုမ္ပဏီများမှ ၁၈ ကွက်၊ သ/မအသင်းမှ ၄၆ ကွက်၊ ဖော်ထုတ် ၄၁၄ ကွက်၊ သတ်မှတ်လေလံ ၉၀၇ ကွက် လုပ်ကိုင်လျက်ရှိပြီး ရတနာခွန်အဖြစ် ယခု ၅ နှစ်ကာလအတွင်း ၂၀၀၇-၂၀၀၈ ခုနှစ် တွင် ၁၄၅၅ သိန်းအများဆုံးရရှိပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ၆၄၅ သိန်းသာ အနည်းဆုံးရရှိခဲ့ပါတယ်ခင်ဗျား။
( ဃ) ကျောက်မျက်တူးဖော်ဌာနမှ သမိုင်းကိုကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောက်မျက်တူးဖော်ခွင့် လိုင်စင်များရယူစေပြီးဆောင်ရွက်ကြပါသည်။ ထွက်လာ သောကျောက်များကို နိုင်ငံခြားနှင့် ဆက်သွယ်ရောင်းချခွင့်လည်းရှိခဲ့ဖူးပါသည်။ ထို လိုင်စင်တွင် အထူးဒေသလိုင်စင်နှင့် ရိုးရိုးလိုင်စင်ဟူ၍ နှစ်မျိုးရှိရာ အထူးဒေသ လိုင်စင်မှာ ကျောက်များကို မည်သည့်နည်းဖြင့်မဆို တူးဖော်ခွင့်ရရှိသော လိုင်စင်ဖြစ်ပြီး ရိုးရိုးလိုင်စင်မှာ မိုးကုတ်မြို့နယ် ဒေသခံတိုင်းရင်းသားရိုးရာနည်းဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ခြင်းကို ဆိုလိုပါသည်။ ငွေကြေးမပြည့်စုံသော ဆင်းရဲနွမ်းပါးသည့် ဒေသခံလူ အများစုမှာ ပေါက်ပန်းဈေးလုပ်ကိုင်ခြင်း၊ ခနှဲဆေးခြင်း၊ ဆန်ခါချခြင်း၊ ခဲစာထုခြင်းကို လုပ်ကိုင်ကြပါသည်။
သို့ရာတွင် ၁၂-၃-၁၉၆၉ ရက်နေ့ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းများကို ပြည်သူ ပိုင်သိမ်းပြီးသည့်အချိန်ကစ၍ မိုးကုတ်နယ်သူနယ်သားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါး လာရာ ၂၉-၉-၁၉၉၅ နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကျောက်မျက်ရတနာ ဥပဒေအရ အောက်ပါကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့ပါသည်-
(က) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် လုပ်ကိုင်ခွင့်ပြုမိန့်မရရှိခြင်း၊
( ခ ) ပုဂ္ဂလိက တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က လုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းခွင့်ရှိသော ြမေ၏ အပေါ်ယံြမေဆီလွှာဖြစ်စေ၊ ြမေဆီလွှာအောက်တွင်ဖြစ်စေ၊ မည်သည့်ကမ်းလွန် ရေတိမ်ပိုင်းတွင်ဖြစ်စေ သဘာဝအလျောက်တွေ့ရှိရသောကျောက်သည် နိုင်ငံပိုင် ဖြစ်ခြင်းဖြစ်ပါသည်။
( ဂ ) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းများဟာ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ များသာ လုပ်ကိုင်ခွင့်ရှိခြင်း၊
(ဃ) ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၁ အရ ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်း ကို ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်း၊ ကျောက်မျက်အရိုင်းကိုခွင့်ပြုချက်မရဘဲ ရှာဖွေ တွေ့ရှိခြင်းများ ကျူးလွန်ပါက ထောင်ဒဏ်အနည်းဆုံး ၇ နှစ်၊ အများဆုံး ၁၅ နှစ်အထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်ကိုပါ ချမှတ်ခံရမည်ဖြစ်သော ဥပဒေကြောင့် မိုးကုတ် နယ်သူ၊ နယ်သား တိုင်းရင်းသားပြည်သူလူထု၏ ပေါက်ပန်းဈေး၊ ခနှဲဆေး၊ ဆန်ခါချ၊ ခဲစာထု လုပ်ငန်းများ အဆုံးသတ်သွားပြီး ယနေ့အထိ အလုပ်အကိုင်ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။
( င ) မိုးကုတ်မြို့နယ်ရှိ တိုင်းရင်းသားပြည်သူလူထုမှာ ကျောက်မျက်ဥပဒေအရ လုပ်ကိုင်ခွင့် မရှိ၍ မိုးကုတ်မြို့နယ်၏ ပထဝီသဘောသဘာဝအရ မိုးကုတ်မြို့နယ်သည် ကုန်းတွင်းပိတ် မြို့နယ်ဖြစ်ခြင်း၊ ကူးသန်းရောင်းဝယ်ဖောက်ကား စီးဆင်းမှုမရှိခြင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ထွန်းမှုမရှိခြင်းတို့ကြောင့် ရိုးရာတူးဖော်မှုနည်းများဖြင့် တရားမဝင် ခိုးကျင်းတူးဖော်လုပ်ကိုင်ပြီး စားသောက်နေကြပါသည်။
( စ) အထက်ပါအြခေအနေများကြောင့် မိုးကုတ်မြို့နယ်ရှိ တိုင်းရင်းသားပြည်သူလူထုများ ၎င်းတို့ဒေသကို မိမိဒေသခံမဟုတ်သော ငွေရှင်ကြေးရှင်စီးပွားရေး လုပ်ငန်းရှင်ကြီး များက လာရောက်စိုးမိုးခြယ်လှယ်ချုပ်ကိုင်မှုရှိသည်ဟု အတွေးများဝင်ရောက်လာပြီး နိုင်ငံတော်အစိုးရအပေါ် အမြင်မကြည်လင်မှုများပေါ်ပေါက်လာကာ ဆန့်ကျင်လိုသော စိတ်များဖြစ်ခဲ့ကြပါသည်။
(ဆ) လက်ရှိကျောက်မျက်ဥပဒေကို မိုးကုတ်မြို့နယ် တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် မိရိုးဖလာရိုးရာထုံးတမ်းအစဉ်အလာအတိုင်း တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော် လုပ်ကိုင်ခွင့်ရရှိစေရေး၊ ပြင်ဆင်ဖြည့်စွက်ပေးနိုင်ပါက တစ်ပိုင်တစ်နိုင်မှ ထွက်ရှိလာသော ကျောက်မျက်များကို နိုင်ငံတော်သို့ တရားဝင်အပ်နှံခွင့်ရရှိလာကာ နိုင်ငံတော် ရတနာခွန်များ တိုးတက်လာပြီး မိုးကုတ်မြို့နယ် တိုင်းရင်းသားပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဆင်းရဲနွမ်းပါးမှုလျော့နည်း ကျဆင်းလာမည်ဖြစ် ပါသည်။ နိုင်ငံတော်အစိုးရအပေါ် ယုံကြည်အားထားမှုရလဒ်ကောင်းများလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်ခင်ဗျား။
နယ်ြမေဒေသတစ်ခု၏ ပြည်သူလူထု ကြီးပွားဖွံ့ဖြိုးတိုးတက်လာမှုကိုသော်လည်းကောင်း၊ ထိုဒေသ၏ ဆင်းရဲသူများ စီးပွားရေးပြေလည်တိုးတက် အဆင်ပြေစေရန်လည်းကောင်း၊ အလုပ်လက်မဲ့ ပပျောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်လည်းကောင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် သည့် အခွင့်အလမ်းများရှိရန်လိုအပ်ပါသည်။ ယခုလက်ရှိ ကျောက်မျက်ဥပဒေအရ ကျောက်မျက် တူးဖော်ခွင့်လုပ်ငန်းကို ငွေကြေးစိုက်ထုတ်နိုင်သော လုပ်ငန်းရှင်ကြီးများသာလုပ်ကိုင်နိုင်ပြီး မိုးကုတ် မြို့နယ် ဒေသခံဆင်းရဲနွမ်းပါးသူများ လုပ်ကိုင်ခွင့်မရှိတော့ပါ။ သမိုင်းအရ မြန်မာ့လွတ်လပ်ရေးရပြီး ကာလ၊ မရမီကာလ မိုးကုတ်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများဟာ မိုးကုတ်ဒေသခံ ပြည်သူလူထု များကို ရိုးရာတူးဖော်နည်းဖြင့် တစ်ပိုင်တစ်နိုင် ရှာဖွေလုပ်ကိုင်နိုင်သည့်အခွင့်အလမ်း ရိုးရိုးလိုင်စင် ဆောင်ရွက်ခွင့်ပြုသကဲ့သို့ ၂၀၀၄ ခုနှစ်ကလည်း မိုးကုတ်ဒေသခံများအား တစ်ပိုင်တစ်နိုင်လုပ်ငန်း အဖြစ် နိုင်ငံတော်မှခွင့်ပြုပေးခဲ့သည့် အခြေအနေများလည်းရှိခဲ့ပါသည်။ တစ်ပိုင်တစ်နိုင်လုပ်ကွက် ဆိုသည်မှာ ငွေအရင်းအနှီးအနည်းငယ်ဖြင့် အများသူငှာလုပ်ကိုင်နိုင်သည့် မိုးကုတ်မြို့နယ် တိုင်းရင်းသားရိုးရာနည်းဖြင့် ကျောက်မျက်တူးဖော်ခြင်းကိုဆိုလိုပါသည်။ ၂၀၀၄ ခုနှစ်၊ တစ်ပိုင်တစ်နိုင် လုပ်ကွက်မှာလည်း တစ်နှစ်သာခွင့်ပြုမိန့်ရရှိခဲ့ပြီး တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော်ခွင့်လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ပါသည်။ သို့ပါ၍ မိုးကုတ်မြို့နယ်၏ ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသားများ၊ ပြည်သူများ စီးပွားတိုးတက်ပြေလည်စေရန်လည်းကောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ပြီး အလုပ် အကိုင်ရရှိရေးအခွင့်အရေးများ ပေါ်ပေါက်လာနိုင်ရန်လည်းကောင်း ဥပဒေနှင့်အညီ မိုးကုတ်မြို့နယ် တိုင်းရင်းသား ပြည်သူလူထုအတွက် ၂၀၀၄ ခုနှစ်ကကဲ့သို့ နိုင်ငံတော်က တစ်ပိုင်တစ်နိုင် တူးဖော်ခွင့် လုပ်ငန်းအစီအစဉ်ရှိ၊မရှိကို မေးမြန်းလိုပါတယ်။ တစ်ပိုင်တစ်နိုင် လုပ်ငန်းအစီအစဉ်ရှိမယ်ဆိုပါ ကလည်း မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘဌေးရဲ့မေးခွန်းကတော့ ရှည်ရှည်လျားလျား၊ များများပြားပြားနဲ့ တင်ပြသွားတာကြားရပါတယ်။ သို့သော်လည်း တကယ့်အနှစ်ကတော့ မိုးကုတ် ရတနာနယ်မြေမှာ ဒေသခံပြည်သူများက ၂၀၀၄ ခုနှစ်ကကဲ့သို့ နိုင်ငံတော်မှ တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန်အစီအစဉ်ရှိ၊မရှိဆိုတဲ့ မေးခွန်းပဲဖြစ်ကြောင်း ကောက်နုတ်ရရှိပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ ဖြေကြားရှင်းလင်းတင်ပြ သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ ရတနာနယ်မြေ ခုနစ်ခုသတ်မှတ်ထားပါတယ်။ အဲ့ဒီ ရတနာနယ်မြေ ခုနစ်ခုထဲမှာ မိုးကုတ်ရတနာ နယ်မြေဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရတနာနယ်မြေတွေကို နိုင်ငံတော်ကသတ်မှတ်ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျွန်တော်တို့ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူပါပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဘဌေး မေးတဲ့ ၂၀၀၄ ခုနှစ်တုန်းက မိုးကုတ်ရတနာနယ်မြေမှာ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခဲ့တာရှိပါတယ်။ ဒီလို လုပ်ကိုင် ခွင့်ပြုတဲ့နေရာမှာ တစ်ပိုင်တစ်နိုင်ဖော်ထုတ်လုပ်ကွက်တွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းစာ များမှ ကြော်ငြာပြီးခေါ်ယူခဲ့ပါတယ်။ အဲ့ဒီလို သတင်းစာများမှ ကြော်ငြာခေါ်ယူတဲ့အတွက် လျှောက်ထားတဲ့လုပ်ငန်းရှင်များ၊ ဒေသခံများက စုစုပေါင်းလုပ်ကွက် ၁၃၄ ကွက်ကိုလျှောက်ထား ခဲ့ပါတယ်။ ဒီလိုလျှောက်ထားတဲ့ ၁၃၄ ကွက်မှာ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ပြီးတော့ ကန့်သတ်ချက်များနှင့်လွတ်ကင်းတဲ့ လုပ်ကွက် ၁၁၉ ကွက်ကို သုံးကြိမ်တိုင်ခွဲပြီးတော့မှ နေရာများ၊ လုပ်ကွက်များ၊ လုပ်ခွင့်များချထားပေးခဲ့ကြောင်းသိရှိရပါတယ်။ လုပ်ကွက်တစ်ကွက်က တစ်ဧက ဖြစ်ပြီးတော့မှ ခွင့်ပြုလုပ်ကွက်သက်တမ်းကာလကတော့ သုံးနှစ်ဖြစ်ကြောင်းသိရပါတယ်။ ဒီလုပ်ကွက် တစ်ကွက်ရဲ့ ကြမ်းခင်းဈေးကလည်း အဆိုလွှာငါးသိန်းဖြစ်ကြောင်းသိရပါတယ်။ ဒီလိုလုပ်ပေးရင်း ကနေ ၂၀၀၅ ခုနှစ်ကျတော့ ဒီလုပ်ကွက်တွေ၊ လုပ်ပိုင်ခွင့်တွေကိုပြန်လည်ပယ်ဖျက်ပြီး လုပ်ခွင့်မပြု ခဲ့ကြောင်းသိရပါတယ်။ ဒီနောက်ပိုင်း ၂၀၀၅ ခုနှစ်ကစပြီးတော့ ယခုလိုတစ်ပိုင်တစ်နိုင်ဖော်ထုတ် လုပ်ကွက်တွေကို လုပ်ခွင့်အဆိုပြုလွှာတွေမခေါ်တော့ဘဲ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းရဲ့အစီအစဉ်အရ ကျောက်မျက်ရတနာထွက်ရှိနိုင်သော နေရာဒေသများကိုသာ သတ်မှတ် လုပ်ကွက်များ၊ အကွက်များရိုက်သတ်မှတ်ပြီးတော့ ဈေးပြိုင်အဆိုပြုလွှာများခေါ်ယူလုပ်ကိုင်ခွင့်ချထား ပေးခဲ့တယ်ဆိုတာသိရပါတယ်။ ဒီလို ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြန်လည်စိစစ်သုံးသပ်ကြည့်တဲ့အခါမှာ ၂၀၀၄ ခုနှစ်တုန်းက ဒေသခံများရဲ့အကျိုးစီးပွားအတွက် တစ်ပိုင်တစ်နိုင်ဖော်ထုတ်လုပ်ကွက်တွေ ပေးခဲ့စဉ်က လုပ်ကွက်လျှောက်တဲ့ သူများ၊ ဒေသခံများဟာ မိုးကုတ်မြို့ပေါ်အပါအဝင် ကျေးရွာ ရပ်ကွက်တွေမှာ လုပ်ကွက်တွေလျှောက်ထားပါတယ်။ ဒီလို လုပ်ကွက်လျှောက်တဲ့အခါမှာ အိမ်ြမေ ကွက်များ၊ ခြံမြေကွက်များပါလျှောက်တဲ့အတွက် လုပ်ကွက်တွေအပြန်အလှန်ထပ်ပြီးတော့မှ မြေပိုင်ဆိုင် မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ လုပ်ကွက်လျှောက်သူ အချင်းချင်း အပြန်အလှန်တိုင်ကြားမှုတွေရှိခဲ့ပါတယ်။ ဒီလိုရှိတဲ့ဖြစ်စဉ်တွေကို တာဝန်ရှိသူများကအကြိမ်ကြိမ် ညှိနှိုင်းပေးခြင်း၊ ြဖေရှင်းပေးရခြင်းများရှိခဲ့ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် အချို့ဖြစ်စဉ်များဟာ ြဖေရှင်းညှိနှိုင်းပေးလို့မရဘဲနဲ့ ဥပဒေအရအရေးယူဆောင်ရွက်ခဲ့ရတဲ့ ဖြစ်စဉ်များလည်းရှိကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်တွေထဲမှာ အထူးသဖြင့် မိုးကုတ်မြို့အနောက်ပိုင်း ပန်းမရွာကျောက်တူးဖော်မှု ဖြစ်စဉ်ဖြစ်ပါတယ်။ ခြံကွက်တစ်ကွက်ကတူးသွားပြီးတော့မှ တခြားခြံကွက် တစ်ကွက်ကိုမြေအောက်က ရောက်ပြီးတော့တူးတဲ့အတွက် အပြန်အလှန်တိုင်ကြားမှု၊ ကန့်ကွက်မှုဖြစ်စဉ်တွေရှိခဲ့ပါတယ်။ အလားတူပဲ မိုးကုတ်မြို့ လယ်ဦးရွာစာသင်ကျောင်းဝန်းအတွင်းမှာ တခြားဘက်က တူးလာပြီးတော့မှ စာသင်ကျောင်းအောက်ရောက်ပြီးတူးတဲ့အထိ ဖြစ်စဉ်တွေဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ အရေးယူမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်အချို့သောပုဂ္ဂိုလ်များဟာ မိုးကုတ်မြို့နယ်မှာရှိတဲ့ အထင်ကရ ရေကန်ကြီးအောက်ြခေကိုလည်း အလယ်တိုင်မှာရေငုတ်ဝတ်စုံတွေဝတ်ပြီးတော့မှ ကန်အောက်ခြေကြမ်းပြင်မှာ ကျောက်တူးတဲ့ဖြစ်စဉ်တွေရှိတဲ့အတွက် အချင်းချင်းအပြန်အလှန် တိုင်ကြားမှုတွေ၊ ကန့်ကွက်မှုတွေရှိတဲ့ဖြစ်စဉ်များရှိပြီးတော့ ဥပဒေကြောင်းအရ အရေးယူမှုများဖြစ်ခဲ့ ပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာလည်း အငြင်းပွားမှုတွေ၊ ကန့်ကွက်မှုတွေ၊ ရှုပ်ထွေးမှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားပြီးတော့မှ ဒီဖြစ်စဉ်တွေဟာ တရားမမှုတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့တောင် ဖြေရှင်းလို့မရဘဲနဲ့ တရားမမှုအရ၊ တရားမကြောင်းအရ ဥပဒေနဲ့ အတန်ကြာတဲ့အထိြဖေရှင်းခဲ့ရတဲ့ ဖြစ်စဉ်များရှိခဲ့ကြောင်းသိရပါတယ်။ ဒီလိုဖြစ်စဉ်များအရ ၂၀၀၅ ခုနှစ်မှာ တစ်ပိုင်တစ်နိုင်ဖော်ထုတ်လုပ်ကွက်တွေကို ရုပ်သိမ်းလိုက်ပြီးတော့ သတ်မှတ်ချက်များ နှင့်လွတ်ကင်းသောနေရာများတွင်သာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက လုပ်ကွက်များအကွက်ရိုက်သတ်မှတ်ပြီးတော့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဈေးပြိုင်အဆိုပြုလွှာများကိုခေါ်ယူပြီး လုပ်ကိုင်ခွင့်များချထားပေးခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်စဉ်များကိုလည်း မေးမြန်းသူ မိုးကုတ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘဌေးမှ သိရှိမယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ဒီမိုးကုတ်မြို့ရဲ့ ကျောက်တူးဖော်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အကျဉ်းမျှတင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြီးများခင်ဗျား။ ဒီ မိုးကုတ်မြို့ဟာ မြန်မာဘုရင်များလက်ထက်ကစပြီးတော့မှ တန်ဖိုးကြီးမြန်မာ့ ပတ္တမြားကျောက်မျက်ရတနာများ၊ နီလာရတနာများနဲ့ အခြားရတနာများ ထွက်တဲ့ဒေသဖြစ်ကြောင်း သမိုင်းအစဉ်အဆက်အရ ကျွန်တော်တို့ မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်နောက်ပိုင်း ဗမာပြည်အထက်ပိုင်းကို ဗြိတိသျှနယ်ချဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် သူတို့ဟာ မိုးကုတ်နယ်မြေမှာ Burma Ruby Mine ထောင်ပြီးတော့ ကျောက်ထွက်တဲ့ လုပ်ကွက်ကောင်းတဲ့နေရာတွေကို Burma Ruby Mine ဧရိယာအဖြစ်သတ်မှတ်ပြီးတော့ သူတို့ကျောက်တူးပါတယ်။ အလားတူပဲ မိုးကုတ် ဒေသခံတွေကိုလည်း အခြားသောနေရာဒေသတွေမှာ ကျောက်မျက်တူးဖော်မှုတွေပေးထားခဲ့ပါတယ်။ သို့သော် အခြားသောဒေသက တိုင်းရင်းသားပြည်သူများကတော့ မိုးကုတ်မြို့မှာလာပြီး ကျောက်မျက် တူးဖော်ခွင့်မရှိကြောင်း၊ ကန့်သတ်ပိတ်ပင်ထားကြောင်း ကျွန်တော်တို့သိရပါတယ်။ အဲ့ဒီနောက် ၁၉၄၈ ခုနှစ်၊ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း မိုးကုတ်ဒေသမှာ ကျောက်မျက်တူးဖော်ခွင့် လိုင်စင်များချပေးခဲ့ပြီးတော့ ဒေသခံလုပ်ငန်းရှင်များနှင့် မိုးကုတ်ဒေသခံများကသာ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီခေတ် နောက်ပိုင်းမှာပြောင်းလဲလာတဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်အရ မိုးကုတ်ဒေသကျောက်မျက်တူးဖော် ရေးလုပ်ငန်းကို ပုဂ္ဂလိကများလုပ်ကိုင်ခွင့်မပေးတော့ဘဲနဲ့ အစိုးရကျောက်မျက်တူးဖော်ရေးဌာနကသာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ သို့သော်လည်း မိုးကုတ်ဒေသခံများကတော့ ဌာနဆိုင်ရာ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တရားမဝင်ပူးပေါင်းပြီးတော့မှ တရားမဝင်ကျောက်မျက်တူးဖော်မှု လုပ်ငန်းများရှိခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ တာဝန် ယူပြီးတဲ့နောက်မှာတော့ ပြောင်းလဲကျင့်သုံးခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပါတယ်။ ဒီဈေးကွက် စီးပွားရေးစနစ်နဲ့အညီ နိုင်ငံတော်မှ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခြင်းမရှိ တော့ပါဘူး။ ဒီလိုမရှိတော့ဘဲနဲ့ မိုးကုတ်ဒေသမှာ ဈေးကွက်စီးပွားရေးစနစ်အရ တိုင်းရင်းသား လုပ်ငန်းရှင်တွေကိုလည်းချပေးပါတယ်။ မိုးကုတ်ဒေသခံများကိုလည်းချပေးပါတယ်။ အခြားသော ဒေသမှ တိုင်းရင်းသားလုပ်ငန်းရှင်များကိုလည်း ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လာရောက် လုပ်ကိုင်ခွင့်၊ ကျောက်မျက်တူးဖော်ခွင့်များပေးခဲ့ကြောင်းသိရပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ဈေးကွက် စီးပွားရေးစနစ်အရ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်လုပ်ငန်းရှင်များ၊ မိုးကုတ်ဒေသခံများ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက ကျောက်မျက်လုပ်ငန်းလာရောက်လုပ်ကိုင်သူများ စနစ်တကျ ဆောင်ရွက်ချက်ကြောင့် ဒေသမှာ တရားမဝင်ကျောက်မျက်တူးဖော်ရောင်းဝယ်ခြင်းလုပ်ငန်းဟာ ချုပ်ငြိမ်းပပျောက်ခဲ့ကြောင်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါ့ကြောင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းကစ ပြီးတော့မှ မိုးကုတ်ဒေသတွင် နိုင်ငံတော်တစ်ဝန်းမှာရှိတဲ့ ဒေသပေါင်းစုံမှ တိုင်းရင်းသားလုပ်ငန်းရှင် များသည် မိုးကုတ်ဒေသခံများနှင့်အတူ တန်းတူကျောက်မျက်တူးဖော်ခွင့်လုပ်ငန်းများ လုပ်ကိုင်ခွင့်များ ရရှိပြီး ယနေ့တိုင်လုပ်ဆောင်နေကြောင်းသိရပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် ပုဂ္ဂလိက တူးဖော်ခြင်းများ၊ အစိုးရနှင့်အကျိုးတူ ပူးပေါင်းတူးဖော်ခြင်းများ ခွင့်ပြုလာတဲ့အတွက် မိုးကုတ်ရတနာ နယ်မြေမှ ကျောက်မျက်တူးဖော်မှုနှုန်းထားများဟာ တစ်နှစ်ထက် တစ်နှစ်တိုးတက်လာကြောင်း တွေ့ရ ပါတယ်။ သို့သော်လည်း ယနေ့ခေတ်ကာလ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ မိုးကုတ်ဒေသရဲ့ ကျောက်မျက်ရှားပါးမှုအရ အထွက်နှုန်းများကျဆင်းနေကြောင်းလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါ့အပြင် ကျင့်သုံးနေသောဈေးကွက်စီးပွားရေးစနစ်သဘောတရားအရ မိုးကုတ်ဒေသခံများပါဝင်သော စီးပွားရေးအားကောင်းတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များကတော့ မိုးကုတ်ရတနာြမေကျောက်မျက် တူးဖော်ခြင်းလုပ်ငန်းများကို ဦးဆောင်နေရာယူလာကြောင်းတွေ့ရပါတယ်။ အချို့သော စီးပွားရေး အားနည်းတဲ့ မိုးကုတ်ဒေသခံလက်လုပ်လက်စားလုပ်ငန်းရှင်များကတော့ တဖြည်းဖြည်းနဲ့ လုပ်ငန်း အခွင့်အလမ်းများ ဆုတ်ယုတ်သွားခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်တို့တွေ့ရကြောင်းတင်ပြအပ် ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့မိုးကုတ်မြို့နယ်မှာ ဒေသခံ မိုးကုတ်သူ၊ မိုးကုတ်သား၊ ချက်မြှုပ်ဒေသခံများအပြင် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်အခြေချ နေထိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ အလုပ်လုပ်ကိုင်သူများရဲ့ အင်အားစာရင်းကို ကျွန်တော်တို့ စိစစ်ကြည့်တဲ့အခါမှာ ၂၀၁၁ ခုနှစ်၊ မတ်လ မိုးကုတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရဲ့စာရင်းအရ မိုးကုတ်မြို့မှာ ဒေသခံလူဦးရေဟာ အမျိုးသား ၇၇၀၃၈ ယောက်၊ အမျိုးသမီး ၇၉၈၆၁ ယောက်၊ စုစုပေါင်း ဒေသခံ ၁၅၆၈၉၉ ယောက်ရှိပြီးတော့ မြန်မာနိုင်ငံ အနှံ့အပြားမှ ပြောင်းရွှေ့လာရောက် အခြေချနေထိုင်သူစုစုပေါင်းကတော့ အမျိုးသား ၆၂၂၈ ယောက်၊ အမျိုးသမီး ၆၆၃၄ ယောက်၊ စုစုပေါင်း ၁၂၈၆၂ ယောက်ရှိကြောင်းတွေ့ရပါတယ်။ ဒါကြောင့် မိုးကုတ်မြို့နယ်တစ်ခုလုံးမှာ ဒေသခံများနှင့် နိုင်ငံအနှံ့အပြားမှ လာရောက်နေထိုင်သူစုစုပေါင်း ၁၆၉၇၆၁ ယောက်ရှိကြောင်းသိရပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့ စိစစ်သိရတဲ့ ဝင်ရောက်သူလူဦးရေ အများစုဟာ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ကိုင်လျက်ရှိတဲ့ ကုမ္ပဏီမျိုးစုံရဲ့ လုပ်ကွက်လုပ်ငန်း တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ လုပ်သားအဖြစ်ဆောင်ရွက်နေကြောင်းသိရပါတယ်။ တချို့ ကတော့ ဒေသမှာဖြစ်ထွန်းတဲ့ စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ အခြားသောကုန်သွယ်ရေး လုပ်ငန်းများနှင့် အချို့ကတော့ အစိုးရဝန်ထမ်းများအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေကြောင်း သိရပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ မိုးကုတ်ရတနာနယ်မြေမှာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရေးဌာနက အကွက်ရိုက်သတ်မှတ်ခဲ့တဲ့ သတ်မှတ် လုပ်ကွက်အသစ်များ၊ ဒေသခံပြည်သူများက ရှာဖွေလျှောက်ထားပြီးတော့မှ ကန့်သတ်ချက်၊ သတ်မှတ် ချက်များနဲ့လွတ်ကင်းသဖြင့် လုပ်ပိုင်ခွင့်ချထားပေးသော ဖော်ထုတ်လုပ်ကွက်အသစ်များဖြင့် သတ်မှတ် လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက် ဒီစာရင်းကတော့ ကျွန်တော်တို့ စုစုပေါင်းဖော်ထုတ်လုပ်ကွက် ၆၅၄ ကွက်ရှိပါတယ်။ သတ်မှတ်လုပ်ကွက် ၁၅၀၇ ကွက်ရှိပါတယ်။ ချထားပေးတဲ့လုပ်ကွက်ပေါင်းကတော့ ဒီနေ့ထိ စုစုပေါင်း ၅၃၅ ကွက်ရှိပါတယ်။ သတ်မှတ်လုပ်ကွက် ၁၁၁၉ ကွက်ရှိပါတယ်။ အဲ့ဒီလုပ်ကွက်တွေထဲမှာ တူးဖော်ခြင်းမရှိတဲ့ လစ်လပ်လုပ်ကွက်ကလည်း ၁၁၉ ကွက်ရှိပါတယ်။ ဒီအင်အားတွေဟာ အခုမိုးကုတ်မြို့နယ်အတွင်းမှာ ဒေသပေါင်းစုံကလုပ်ငန်းရှင်များဟာ ဒေသခံ မိုးကုတ်က လုပ်ငန်းရှင်များနည်းတူ လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်းတင်ပြအပ်ပါတယ်။ ဒါ့အပြင် မိုးကုတ်ရတနာနယ်မြေမှာ ကျောက်ထွက်ရှိနိုင်တဲ့မြေနေရာများကို ဒေသခံများရဲ့အကူအညီ၊ စီးပွားရေးကျောက်မျက်တူးဖော်နေတဲ့လုပ်ငန်းရှင်များရဲ့ အကူအညီနဲ့ သတ်မှတ်လုပ်ကွက်အသစ်များ အဖြစ် အကွက်ရိုက်သတ်မှတ်ပြီးကြော်ငြာခေါ်ယူခြင်း ယခင်လုပ်ပိုင်ခွင့်ချထားပေးသော လုပ်ကွက် များမှ ယခုအခါတူးဖော်လုပ်ပိုင်ခြင်းမရှိသည့် လစ်လပ်လုပ်ကွက်များကျန်ရှိနေခြင်းတို့ကြောင့် မိုးကုတ် ရတနာနယ်မြေမှာ ဖော်ထုတ်လုပ်ကွက်အသစ်များကိုတော့ လောလောဆယ် ကျွန်တော်တို့ ကြော်ငြာ ခေါ်ယူထားခြင်းမရှိသေးပါဘူး။ ပုံမှန်အားဖြင့် နှစ်လတစ်ကြိမ် ကြော်ငြာခေါ်ယူခြင်းရှိပါတယ်။
ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီးတော့လည်း နိုင်ငံတော်သမ္မတရုံးသို့ မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ရုံးမှ မိုးကုတ်မြို့ရဲ့ စီးပွားရေးကျောက်လုပ်ငန်းအခြေအနေကိုတင်ပြခဲ့ပြီး ပေါက်ပန်းဈေး လုပ်ကိုင်ခြင်း၊ ခနွဲဆေးခြင်း၊ ဆန်ခါချခြင်း၊ ခဲစာထုခြင်း ဒါတွေကိုတင်ပြပြီးတော့မှ မိုးကုတ်မြို့ရဲ့ ဒေသခံပြည်သူများ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသခံပြည်သူများမှ တစ်ပိုင် တစ်နိုင်လုပ်ကိုင်ခွင့်နှင့် လုပ်ကွက်ကြီးများမှစွန့်ပစ်သော ရေနှင့်ခဲမှုန့်ပစ်စာများအား ရှာဖွေလုပ်ကိုင် စားသောက်ခွင့်တို့ကိုတင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြချက်အပေါ် နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံတော် သမ္မတက လုပ်ထုံးလုပ်နည်းများနှင့်အညီခွင့်ပြုပေးရန် မှတ်ချက်ပြုပြီးတော့ ကျွန်တော်တို့ သတ္တုတွင်း ဝန်ကြီးဌာနကိုလမ်းညွှန်ထားပါတယ်။ အထက်ပါလမ်းညွှန်ချက်အရ မိုးကုတ်မြို့နယ်ရှိ ဒေသခံ ပြည်သူများမှ ကျောက်မျက်တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့်နှင့် လုပ်ကွက်ကြီးများမှစွန့်ပစ်တဲ့ ရေနှင့်ခဲမှုန့်၊ ပစ်စာများအား ရှာဖွေလုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေး နိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ကြီးဌာနက စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို စိစစ်ဆောင်ရွက် တာနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ အကျဉ်းတင်ပြအပ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ စောစောက မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဘဌေးကလည်း အကြမ်းဖျင်းပြောသွား တာဖြစ်ပါတယ်။ ဒါကိုမူတည်ပြီးတော့ ကျွန်တော်တို့ဒီလုပ်ငန်းရဲ့ သဘောသဘာဝကို အဓိပ္ပာယ် ဖော်နိုင်မှ ကျွန်တော်တို့ စိစစ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဲဒါကတော့ မိုးကုတ်မှာရှိတဲ့ အရင်တုန်း ကဒေသခံများလုပ်ခဲ့တဲ့ ကျောက်မျက်တူးဖော်မှု နည်းလမ်းတွေဟာ ပေါက်ပန်းဈေးလုပ်ကိုင် ခြင်းဆိုတဲ့လုပ်ငန်းကတော့ လုပ်သားတစ်ယောက်ကနေ ငါးယောက်ထိပူးပေါင်းပြီးတော့မှ တောင်ကုန်းတွေ၊ လွတ်လပ်တဲ့နေရာတွေ၊ ချုံနွယ်တွေကို သွားပြီးတော့မှတွေ့တဲ့မြေကြီးကို၊ သူတို့ ယူဆတဲ့နေရာကို ပေါက်ပြားနဲ့ပေါက်၊ အိတ်ထဲထည့် အဲဒါတွေကို ရေရှိတဲ့ချောင်း၊ မြောင်း နေရာကိုသယ်ပြီးတော့ ဆန်ခါနဲ့ဆေး ကျောက်မျက်ရှာဖွေခြင်းကိုဆိုလိုပါတယ်။ ပေါက်ပန်းဈေး လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခါ ခနွဲဆေးခြင်းဆိုတာဖြစ်ပါတယ်။ အဲဒါကတော့ စောစောကလို ကုမ္ပဏီများက ကျောက်တွင်းတွေတူးပြီးတော့မှ နုန်းတွေဆေးထွက်လာတဲ့ ရေပိုရေလျှံတွေကို ဒါကို ရွှံ့ရေခနွဲလို့ခေါ်ပါတယ်။ ဒါတွေကို ဒေသခံများက ဆန်ခါနဲ့ခံယူပြီးတော့ အဲဒီထဲကနေ ကျောက်ကြွင်း၊ ကျောက်ကျန်များကိုရှာဖွေခြင်းကို ခနွဲဆေးတယ်လို့ခေါ်ပါတယ်။ နောက်တစ်ခုက ဆန်ခါချခြင်း လုပ်ငန်းဖြစ်ပါတယ်။ ဒါတွေကတော့ စောစောကလုပ်ငန်းရှင်များက သူ့လုပ်ငန်း ကျောက်တွင်းက ကျောက်တွေတူး၊ နုန်းမြေကိုရေဆေး၊ နောက်ပြီးတော့ ကျန်တဲ့ကျောက်တွေကိုပါ မသွားဖို့အတွက် သံဆန်ခါဖြင့်ကာထားလေ့ရှိပါတယ်။ အဲ့ဒီသံဆန်ခါကနေ ရေနဲ့ လျှံပြီးကျော်လာတဲ့ ကျောက်တို ကျောက်စတွေကို ဒေသခံများကကောက်ယူရှာဖွေခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ခဲစာထုခြင်း ဖြစ်ပါတယ်။ ဒါတွေကိုတော့ လုပ်ငန်းရှင်များက သူတို့တူးတဲ့ ကျောက်တွင်းများက ထွက်လာတဲ့ ကျောက်ကြောတွေကို ခဲကြောခေါ်ပါတယ်။ ဒါတွေကို ယမ်းနဲ့ခွဲ၊ ထုခွဲပြီးတော့ ဒီထဲမှာ တန်ဖိုးရှိ ကျောက်မျက်များ ပါ၊ မပါရှာပါတယ်။ မပါတော့ဘူးလို့ယူဆတဲ့အခါမှာ ဒီကျောက်ခဲအပိုင်းအစတွေကို ပြန်လည်စွန့်ပစ်လိုက်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ခဲအမှုန့်ပစ်စာ၊ ခဲစာလို့ခေါ်ပြီးတော့ ဒီခဲစာတွေကို ဒေသခံများက ကျောက်မျက်၊ ကျောက်ကောင်းများရှိလို့ရှိငြား ရှာဖွေရေးလုပ်တဲ့ လုပ်ငန်းကိုခေါ်ဆိုပါတယ်။ ဒါကြောင့် ပေါက်ပန်းဈေးလုပ်ကိုင်တာ ခနွဲဆေးတာ၊ ဆန်ခါချတာ၊ ခဲစာပစ်တာဆိုတာဟာ ဒေသခံများကလုပ်တာဖြစ်ပါတယ်။ ဒါ့အပြင် တွင်းလုံးဆိုတာရှိပါတယ်။ အဲ့ဒါကတော့ မိုးကုတ်မြို့က အိမ်မှာပဲဖြစ်ဖြစ်၊ ခြံမှာပဲဖြစ်ဖြစ် လူတစ်ယောက်စာအဝင်ကျယ်တဲ့ မြေကြီးကိုတူးပြီးတော့ ကျွန်တော်တို့ Vertical Sharp လို့ခေါ်ပါတယ်။ မဲဇာကျင်းလို့ လည်းခေါ်ပါတယ်။ မြေအောက်စိုက်ပြီးတော့တူးပါမယ်။ ပြုန်းချောမရောက်မခြင်း သူ့နည်းသူဟန်နဲ့ တူးသွားပြီးတော့ ပြုန်းချောတွေ့တဲ့နေရာမှာ သူအလျားလိုက်သော်လည်းကောင်း၊ တောင်သော် လည်းကောင်း၊ မြောက်သော်လည်းကောင်း၊ အရှေ့သော်လည်းကောင်း၊ အနောက်သော်လည်းကောင်း ကြွက်တွင်းလိုတူးပြီး ကျောက်ရှာတာကိုဆိုလိုပါတယ်။ နောက်တစ်ခုက လေးပေဖြစ်ပါတယ်။ လေးပေ ကတော့ လေးထောင့်ကျကျမြေကိုတူးပါတယ်။ ဘေးမှာမြေသားတွေ ပြိုမကျဖို့အတွက် ပတ်လည်မှာ သစ်သားတွေ၊ ဝါးတွေနဲ့ဘောင်ခတ်ပြီးကာပါတယ်။ ပြီးရင် အဲ့ဒါတွေကို ကြိမ်၊ အထူးသဖြင့် ဝါးနဲ့ ဘောင်ခတ်ပြီးတော့မှ တစ်ခွေတစ်ခွေကိုငါးပေ၊ ဆယ်ပေ၊ ဆယ့်ငါးပေစသဖြင့်ထားပြီး တွင်းတောင်း သမျှနက်အောင်တူးပါတယ်။ ဂွေတွေချပါတယ်။ ရေတွင်းတူးသကဲ့သို့ပါပဲ။ တူးဖော်ပြီး လုပ်ပါတယ်။ နောက်တစ်ခါ ကိုးပေဖြစ်ပါတယ်။ ကိုးပေကတော့ စောစောကကျွန်တော်တင်ပြတဲ့ လေးပေစနစ် ထက်ပိုပြီးတော့ စနစ်ကျပါတယ်။ လူတွေ၊ လုပ်အားတွေပိုကောင်းလာပါတယ်။ ဒါကြောင့် သူကတော့ ဘေးမြေနေရာတွေပါ ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ၂၀၀၄ခုနှစ်က တစ်ကွက်နဲ့ တစ်ကွက် တစ်ကွက်ကတူး၊ အောက်ရောက်တော့ အရှေ့အနောက်တောင်မြောက်တူး၊ ကျောက်ကြော ပေါ်မူတည်ပြီးတော့မှ တူးသွားတဲ့အတွက် သူများခြံအောက်ရောက်၊ ကျောင်းဝင်းအောက်ရောက်၊ ကျောင်းတွေအောက်ရောက်ပြီး မြေယာပြဿနာတွေဖြစ်ခြင်းဖြစ်ပါတယ်။ နောက်မျောဖြစ်ပါတယ်။ ဒါကတော့ တောင်ကမ်းပါးယံမှာရှိတဲ့ ဗြုန်းတွေကိုရေနဲ့တိုက်ပြီးတော့မှ ကျလာတဲ့အသားတွေကို မြောင်းခံပြီး ရှာတဲ့နည်းဖြစ်ပါတယ်။ နောက်လူး၊ လက်ကြားဆိုတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါကတော့ သဘာဝဖြစ်နေတဲ့ လှိုဏ်ခေါင်းတွေထဲမှာ တစ်ကိုယ်စာ လူတစ်ကိုယ်စီ ဒေသခံများဝင်ရောက်ပြီးတော့မှ လှိုဏ်ခေါင်းတွေ၊ ဂလိုင်တွေမှာ ရေတိုက်စားမှုကြောင့်ကပ်နေတဲ့ ကျောက်စရစ်တွေ၊ မျောနေတဲ့ မြေတွင်းတွေမှာရှာဖွေပြီးတွေ့ရှိတဲ့ တန်ဖိုးရှိတယ်လို့ယူဆရတဲ့ ကျောက်များကို ရှာဖွေခြစ်ထုတ်ယူတဲ့ စနစ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အေးဒီးယမ့်စနစ် ဖြစ်ပါတယ်။ ဒါကတော့ ကုမ္ပဏီများက ဧရိယာကျယ်ပြန့်စွာတူးပြီး ရေစုပ်ထုတ်ပြီးတော့ ရှာဖွေတဲ့နည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ခဲတွင်းဖြစ်ပါတယ်။ ဒါကတော့ တောင်ကြီးများကို မိုင်းခွဲ၊ တူးဖောက် ကုမ္ပဏီများကဆောင်ရွက်တဲ့ နည်းတွေဖြစ်ပါတယ်။ ဒါကျွန်တော်တို့ ကျောက်တူးတဲ့နည်းဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဒေသခံများလုပ်တဲ့ နည်းများကလည်း ကျွန်တော်တင်ပြတဲ့အတိုင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းတွေပေါ်မူတည်ပြီးတော့ ဒီနေ့ဒီအချိန်မှာ မိုးကုတ်မြို့နယ်မှာ မိုးကုတ်ဒေသခံများပါ မကတော့ပါဘူး။ ဈေးကွက်စီးပွားရေး စနစ်အရ မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်နေထိုင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံကလည်း ရှိနေတာဖြစ်ပါတယ်။ ဆောင်ရွက်မယ်ဆိုရင် ဒီလုပ်ကွက်ကြီးများက စွန့်ပစ်တဲ့ရေနဲ့ ခဲစာမှုန့်များကိုရှာဖွေခွင့်ပေးမယ်ဆိုရင် ၂၀၀၄ ခုနှစ် တစ်ပိုင် တစ်နိုင်လုပ်ပိုင်ခွင့်များပေးခဲ့စဉ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေ၊ တစ်ဦးလုပ်ကွက်ကို တစ်ဦးက မြေအောက်ကနေ လှိုဏ်ခေါင်းဖောက်တူးဝင်ကျူးကျော်မှုတွေ၊ အငြင်းပွားမှုတွေ၊ မလိုလားအပ်တဲ့ ပြစ်မှုတွေဟာ ယခုကာလမှာ ပိုပြီးတော့ဖြစ်ပွားလာနိုင်ကြောင်းလည်း ယူဆရပါတယ်။ ဒါ့ကြောင့် ဒီလိုအငြင်းပွားမှုတွေ၊ တိုင်ကြားမှုတွေ၊ ပြစ်မှုတွေ ဒီ့ထက်ကြီးကျယ်ပြီးတော့ တရားမမှုသာမက ရာဇဝတ်မှုတွေပါ မဖြစ်ပွားရေးအတွက် ကျွန်တော်တို့ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ တကယ်လို့ ဖြစ်ပွားလာပါကလည်း မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့အညီ ဖြေရှင်းပေးနိုင်ရေး၊ အရေးယူ ဆောင်ရွက်ပေးနိုင်ရေး လိုအပ်ပါကဥပဒေအရပါ ဆောင်ရွက်ပေးနိုင်ရေးကိုလည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက မိုးကုတ်ရတနာနယ်မြေရှိ လုပ်ကွက်များမှ သက်တမ်းကုန် သတ်မှတ် လုပ်ကွက်များ၊ သက်တမ်းကုန်ဖော်ထုတ်လုပ်ကွက်များ၊ လစ်လပ်သတ်မှတ်လုပ်ကွက်များ၊ လစ်လပ် ဖော်ထုတ်လုပ်ကွက်များကို လုပ်ထုံးလုပ်နည်းများနဲ့အညီ နှစ်လတစ်ကြိမ်သတင်းစာမှာလည်း ကြော်ငြာ ခေါ်ယူပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုကြော်ငြာခေါ်ယူတဲ့အခါမှာ လုပ်ငန်းလုပ်ကိုင်လို သူများသည် ကျောက်မျက်တူးဖော်ခွင့်ရှိသောကုမ္ပဏီများ၊ သမဝါယမအသင်းများ၊ အဖွဲ့အစည်းများက သတ်မှတ်ချက်များနဲ့အညီ လျှောက်ထားလုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးများလည်းရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကျွန်တော်တို့အလားတူ မိုးကုတ်ဒေသခံပြည်သူများ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်ကိုလည်း လက်ရှိကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ကျွန်တော်တို့ဒေသခံတွေမကပါဘူး။ တစ်နိုင်ငံလုံးက မည်သူမဆိုလာရောက်လုပ်နိုင်ပါတယ်။ အဲ့ဒီ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ တစ်ပိုင်တစ်နိုင်လုပ်ပိုင်ခွင့်နှင့် လုပ်ကွက်ကြီးများမှစွန့်ပစ်သော ရေနှင့် ခဲမှုန့်ပစ်စာများရှာဖွေလုပ်ကိုင်ခွင့်တို့ကိုလည်း လုပ်ထုံးလုပ်နည်းများနဲ့အညီ ခွင့်ပြုပေးသွားရန် ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားပါသည်။
