(ခ)-နယ်မှလာသည့် မော်တော်ယာဉ်များကိုမြို့များမှ ယာဉ်များ၏ မြို့ဝင်ကြေးနှုန်းထားအတိုင်း တူညီစွာ သတ်မှတ်ပေးရန်သို့မဟုတ်မြို့တော်နယ်နိမိတ်ပြင် ပရှိယာဉ်များ၏တန်ဖိုးနှုန်းထားအတိုင်းပြင်ဆင်ပေး ရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၉)ရက်မြောက်နေ့ (၁၈.၃.၂၀၁၅)

ဦးကြင်သိန်း(ပဲခူး မဲဆန္ဒနယ်) (1370)ရန်ကုန်မြို့သည် နိုင်ငံတော်၏ အဓိကအချက်အချာကြသော စီးပွားရေးမြို့တော်အဖြစ် ရပ်တည်လျက်ရှိပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများသည်လည်း ရန်ကုန်မြို့နှင့် ကင်းကွာ၍ မရပါကြောင်း၊ လမ်းပန်းဆက် သွယ်ရေး လွယ်ကူလာသည့်အပြင် နိုင်ငံတော်၏ အဖြေလျော့မှုအစီအစဉ်ကြောင့် ပြည်သူများအနေဖြင့် အဖိုးနည်းဝင်ဘာကားများစီးနိုင်ကြပြီး ပုဂ္ဂလိကကိုယ်ပိုင်သုံးစွဲမှု တိုးတက်များပြားလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များအနက် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မော်တော်ယာဉ်များသည် ရန်ကုန်မြို့အတွင်း ဝင်ရောက်ရပ်နား မောင်းနှင်ပြေးဆွဲမှုများ ယခင်ကထက် ပိုမိုများပြားလျက်ရှိပါကြောင်း၊ အဆိုပါမော်တော်ယာဉ်များကို စိစစ်ကြပ်မတ်ရန် လိုအပ်သည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၆-၁၁-၂၀၁၄ ရက်နေ့မှစပြီး နှုန်းထားသုံးမျိုးနှင့် သတ်မှတ်ပြီးကာ မြို့ဝင်ကြေးကောက်ခံလျက်ရှိပါကြောင်း၊ မြို့ဝင်ကြေးကောက်ခံမှုမှာ တစ်ရက်ကို မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့များအတွက် ၁ တန်အောက်ကားကို ၁၀၀ ကျပ်၊ ၁ တန်မှ ၃ တန်အထိကားကို ၄၀၀ ကျပ်နှင့် ၃ တန်မှ ၅ တန်အထိကားကို ၅၀၀ ကျပ်ကောက်ခံလျက်ရှိပါကြောင်း၊ မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိမြို့များမှ ကားများကို ၁ တန်အောက်ကားများကို ၂၀၀ ကျပ်၊ ၁ တန်မှ ၃ တန်အထိကားများကို ၄၀၀ ကျပ်နှင့် ၃ တန်မှ ၅ တန်အထိကားများကို ၆၀၀ ကျပ်ကောက်ခံပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကားများကို ၁ တန်အောက်ကားများကို ၂၀၀၀ ကျပ်၊ ၁ တန်မှ ၃ တန်အထိကားများကို ၄၀၀၀ ကျပ်နှင့် ၃ တန်မှ ၅ တန်အထိကားများကို ၆၀၀၀ ကျပ်၊ ၅ တန်အထက်ကားများကို ၁၀၀၀၀ ကျပ်ကောက်ခံလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးမျိုးသော အခွန်အခများကို ကောက်ခံရခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တာဝန်ဖြစ်ပြီး လုံးဝဖျက်သိမ်းရန် မသင့်ပါကြောင်း၊ သို့ရာတွင် သင့်တင့်သောအခွန်အခများ ဖြစ်သင့်သည်ဟု ယူဆမိပါကြောင်း၊ ယခုအချိန်တွင် နယ်ဒေသများမှ လာရောက်သောကားများသည် မြို့ဝင်ကြေးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်မှလာရောက်သော မော်တော်ယာဉ်များကို မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မော်တော်ယာဉ်များ မြို့ဝင်ကြေးပေးသည့်နှုန်း သို့မဟုတ် မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပရှိ မော်တော်ယာဉ်များကို ကောက်ခံသည့်နှုန်းအတိုင်း ပြောင်းလဲသတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန(၁)၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန(၁)၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၃၀-၁၀-၂၀၁၄ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဘီးခွန်ပေးဆောင်ထားခြင်းမရှိသည့် ရန်ကုန်တိုင်းဒေသကြီးပြင်ပနှင့် မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များ မြို့တော်နယ်နိမိတ်အတွင်း ဝင်ရောက်မောင်းနှင်မှုများ ပိုမိုများပြားလာသည့်အတွက် အဆိုပါမော်တော်ယာဉ်များအား စိစစ်ကြပ်မတ်နိုင်ရန် ၂၆-၁၁-၂၀၁၄ ရက်နေ့မှစ၍ မြို့ဝင်ကြေး ကောက်ခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ မြို့ဝင်ကြေးကောက်ခံရာ၌လည်း အများပြည်သူ ထိခိုက်မှုမရှိစေရေး၊ ကုန်စည်သယ်ဆောင်မှု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးတို့အတွက် ခရီးသည်တင် ဘတ်စ်ကားများ၊ ဌာနဆိုင်ရာယာဉ်များ၊ အစိုးရဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်တင်ဆောင်လာသည့် ကုန်တင်ယာဉ်များအား မြို့ဝင်ကြေးကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း။

သန်လျင်၊ မှော်ဘီ၊ တိုက်ကြီးစသည့်မြို့နယ်များမှ ကုမ္ပဏီ၊ ပုဂ္ဂလိက ဝန်ထမ်းကြို/ပို့ ယာဉ်များနှင့် ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များသို့ ဝင်ရောက်မောင်းနှင်သည့် မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များကိုလည်း နှုန်းထားတစ်မျိုးသတ်မှတ်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များ ကို နှုန်းထားတစ်မျိုးသတ်မှတ်၍လည်းကောင်း၊ သင့်လျော်သည့် မြို့ဝင်ကြေးနှုန်းထားများဖြင့် ခွဲခြားသတ်မှတ်ထောက်ခံခြင်းသာ ဖြစ်ပါကြောင်း၊ ထို့အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ချက်အရ ရန်ကုန်-ပဲခူး ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၂-၁-၂၀၁၅ ရက်နေ့ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်း၍ Hilux ယာဉ်များအား ၂၀၀ ကျပ်နှုန်း၊ Mini Bus ယာဉ်နှင့် City Bus ယာဉ်များအား ၁၀၀၀ ကျပ်နှုန်းဖြင့် မြို့ဝင်ကြေးနှုန်းထားများအား ပြင်ဆင်လျှော့ပေါ့ သတ်မှတ်ကောက်ခံခဲ့ပြီးဖြစ်ပါကြောင်း၊ နယ်များမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဝင်ရောက်လျက်ရှိသည့် မော်တော်ယာဉ်များကို လက်ရှိကောက်ခံနေသည့် မြို့ဝင်ကြေးနှုန်းထားများအတိုင်း ဆက်လက်ကောက်ခံသွားမည်ဖြစ်ပါကြောင်း။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးပြင်ပနှင်‌့ မြို့တော်နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များကို မြို့ဝင်ကြေး ကောက်ခံရာ၌လည်း မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများကို ဝင်ရောက် အသုံးပြုမောင်နှင်သည့် ယာဉ်များကိုသာ မြို့ဝင်ကြေးကောက်ခံသွားမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့တော်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိသော အဝေးပြေးခရီးသည်တင် ယာဉ်များအနေဖြင့် နေပြည်တော်အမြန်လမ်း၊ ရန်ကုန်-ပဲခူးလမ်းများကို အသုံးပြုမောင်းနှင်၍ အမှတ် (၃) လမ်းမှတစ်ဆင့် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်မှုများ၊ ရန်ကုန်-ပြည်လမ်း မှတစ်ဆင့် ထောက်ကြန့်အနီးရှိ မြို့ရှောင်လမ်းမှ အမှတ် (၃) လမ်း၊ ယင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ဝင်ရောက်သည့် မော်တော်ယာဉ်များသည် အမှတ်(၃)လမ်းကို အဓိကအသုံးပြုပြီး ခရေပင်လမ်းနှင့် အမှတ် (၃) လမ်းဆုံရှိ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ဝင်ရောက်မှုများကို မြို့ဝင်ကြေးကောက်ခံခြင်းမပြုပါကြောင်း။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးပြင်ပမှ မော်တော်ယာဉ်များ (နယ်မှလာရောက်သည့် မော်တော်ယာဉ်များ) ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများကို ဝင်ရောက်အသုံးပြု မောင်းနှင်ခြင်းအတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် လက်ရှိကောက်ခံနေသည့် မြို့ဝင်ကြေး နှုန်းထားများအတိုင်း ဆက်လက်ကောက်ခံသွားမည်ဖြစ်သဖြင့် နယ်မှလာရောက်သည့် မော်တော်ယာဉ်များကို သန်လျင်၊ မှော်ဘီ၊ တိုက်ကြီး အစရှိသော မြို့နယ်များမှ မော်တော်ယာဉ်များ၏ မြို့ဝင်ကြေးနှုန်းထားအတိုင်း တူညီစွာသတ်မှတ်ပေးရန် (သို့မဟုတ်) မြို့တော်နယ်နိမိတ်ပြင်ပရှိယာဉ်များ၏ တန်ဘိုးနှုန်းထားအတိုင်း မြို့ဝင်ကြေးကောက်ခံမှုအား ပြင်ဆင်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။