ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ မီးရထားဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက် ပေးမှုကြောင့် သက်တမ်းလွန်မော်တော်ယာဉ် နှစ် ၃၀၊ ၄၀ စသည့်ယာဉ်ဟောင်းများကို သုံးစွဲရန် မသင့်တော်သဖြင့် သံရည်ကျိုရန် မော်တော်ယာဉ်အပ်နှံခြင်းအား လက်ခံဆောင်ရွက်လျက်ရှိပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ ယာဉ်အဟောင်းမျိုးစုံ ၅၀၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းထားရှိပါတယ်။ အဆိုပါ ယာဉ်များမှာနှစ်ပေါင်း ၃၀ မှ ၄၀ ခန့်ကြာသော်လည်းပဲ ယနေ့အထိမောင်းနှင်နိုင်ခြင်းမှာ ပြုပြင် အစားထိုးဆောင်ရွက်ထားတဲ့အတွက် အဆိုပါယာဉ်များဟာ မောင်းနှင်ပြီးတော့ အပ်နှံတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါမော်တော်ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ လက်ခံ စစ်ဆေးပြီးတော့ သက်ဆိုင်ရာမော်တော်ယာဉ် လက်ခံသည့်ဌာနများသို့ မော်တော်ယာဉ်များအား မောင်းနှင်သွားလာပြီး အပ်နှံရတာဖြစ်ပါတယ်။ အများအားဖြင့် မော်တော်ယာဉ်များဟာ ကောင်းစွာ မောင်းနှင်နိုင်ပြီးတော့ သင့်တင့်သောယာဉ်များ ဖြစ်သည်ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အချို့ လက်ခံရေးစခန်းများမှာဆိုရင် အပ်သည့်မော်တော်ယာဉ်များကို Running Condition အနေနဲ့ လက်ခံပြီးတော့ တာယာမှအစကောင်းကောင်းမွန်မွန်ဖြစ်မှသာ လက်ခံတယ်လို့လည်း သိရပါတယ်။ သို့ပါ၍ အဆိုပါမော်တော်ယာဉ်များမှာပါရှိတဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ မော်တော်ယာဉ် အင်ဂျင်များနဲ့ဂီယာပေါက်များကို အသုံးပြုပါက အသုံးပြုနိုင်တဲ့အခြေအနေမှာရှိတယ်လို့ သုံးသပ်လို့ ရရှိပါတယ်။ ဒါ့ကြောင့် အပ်နှံတဲ့မော်တော်ယာဉ်များမှာပါတဲ့ အချို့ကားများရဲ့ အင်ဂျင်ဂီယာပေါက် များကို သံရည်ကျိုမည့်အစား အင်ဂျင်များ၊ ဂီယာပေါက်များကိုဖြုတ်သိမ်း၍ လေလံစနစ်ဖြင့် ရောင်းချခြင်း သို့မဟုတ် နိုင်ငံတော်၏ မြို့၊ ရွာ၊ ကျေးလက်စက်မှုလုပ်ငန်း လျှပ်စစ်မီးမရရှိသည့် ဒေသများမှာ Prime Mover အဖြစ်လည်းကောင်း၊ ကျေးလက်မီးလင်းရေးကိစ္စများမှာ အသုံးချနိုင်မည် ဆိုပါကလည်း ရနိုင်မည့်အခြေအနေမှာရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဤသို့ဆောင်ရွက်ပါက သင့်တော်သော နှုန်းထားများဖြင့်၊ ချိုသာသောနှုန်းထားများဖြင့် ရောင်းချပေးမည်ဆိုပါက ကျေးရွာ များမှာ ဈေးသက်သာပြီးတော့ ကျေးရွာတိုင်းမီးလင်းနိုင်မှာဖြစ်သလို နိုင်ငံတော်မှာလည်းပဲ တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သားရွှေအိုးထမ်းလာတာ ကိုမြင်ရမှာဖြစ်ပါတယ်။ ၎င်းအပြင် အပ်ထားတဲ့ကားတွေမှာ အင်ဂျင်ဂီယာပေါက်အတွဲလိုက်ဖြုတ်ဖို့ အခက်အခဲရှိကောင်းရှိနိုင်သော်လည်းပဲ ကျော်လွှားလျှင်နည်းလမ်းရှိပါတယ်။ ရနိုင်မှာဖြစ်ပါတယ်။ ကား ၅၀၀၀၀ အနက်ကားအစီးရေ ၅၀၀၀ မှ ၁၀၀၀၀ ကြားရရင်ကိုပဲ ကျွန်တော်တို့မဆိုးလှပါဘူး။ ဒါ့ကြောင့် နှမ်းတစ်လုံးကြောင့် ဆီမတိုးသော်လည်းပဲ နှမ်းလုံးများများလာရင်တော့ ဆီပြည့်လာမှာဖြစ်တဲ့ အတွက် တစ်ဖက်တစ်လမ်းကနေပြီးတော့ တိုင်းပြည်ကို သွယ်ဝိုက်ပြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်။ သို့ပါ၍ ကျွန်တော်မေးလိုတဲ့ မေးခွန်းဟာဆိုလို့ရှိရင် ယနေ့အပ်နှံလာတဲ့ မော်တော်ယာဉ်များမှ ပြန်လည်အသုံးချနိုင်တဲ့ အင်ဂျင်ဂီယာပေါက်များဟာ သံရည်ကျိုရာတွင် ထည့်သွင်းအသုံးမပြုဘဲ ဖြုတ်သိမ်း၍ လေလံတင်ရောင်းချရန် အစီအစဉ် ရှိ၊ မရှိ ရောင်းချရန် အစီအစဉ်မရှိပါက သက်ဆိုင်ရာ ကျေးရွာများမှာ Prime Mover ခေါ် လည်ပတ်မှုအခြေခံအဖြစ် စက်မှုလုပ်ငန်းများတွင် အသုံးချနိုင်ရန် သို့မဟုတ် ကျေးလက်မီးလင်းရေးလုပ်ငန်းများတွင် အသုံးချနိုင်ရန် မော်တော်ယာဉ်များမှဖြုတ်သိမ်းပြီး သင့်တော်မျှတနည်းပါးသည့်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချဆောင်ရွက်ပေးနိုင်မှု အစီအစဉ် ရှိ၊ မရှိ ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။
စီမံချက်အရ အပ်နှံလာမည့် သက်တမ်းလွန်မော်တော်ယာဉ်များမှ အင်ဂျင်ဂီယာဘောက်များအား လေလံတင် ရောင်းချရန် အစီအစဉ်မရှိပါ။ ယာဉ်အို၊ ယာဉ်ဟောင်းများအား Running Condition ဖြင့်အပ် နှံစေခဲ့သော်လည်း အင်ဂျင်များမှာ ဟောင်းနွမ်းနေ၍ ပြန်လည်အသုံးပြုမည်ဆိုပါက ပြင်ဆင်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ အင်ဂျင်အဟောင်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ မီးခိုးထွက်မှုများခြင်း၊ Air Pollution ကိုထိခိုက်ခြင်း၊ ဆီစားနှုန်းများ၍ လောင်စာဆီအသုံးပြုမှုနှုန်းများ ခြင်းစသည့်ဆိုးကျိုးများ ရှိနိုင်ပါတယ်။ ယခုကာလတွင် ကားဟောင်းများအပ်နှံစေကာ ၎င်းမှပါမစ်ပေး ၍ လူတစ်ဦးချင်းစီမှ ကားတင်သွင်းခွင့်ရရှိလာပြီဖြစ်ပါတယ်။ မကြာမီတရားဝင် နိုင်ငံခြားငွေရရှိသူများ မှာ လည်း ကားတင်သွင်းခြင်းများရှိလာမည်ဖြစ်ပါတယ်။ ထို့နည်းတူ Used Car Sale Room Center များနှင့် Show Room များဖွင့်၍ မော်တော်ယာဉ်များဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မော်တော်ယာဉ်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူလာနိုင်သည် နှင့်အမျှပိုမိုကောင်းမွန်၍ ဆီစားနှုန်းသက်သာသော အင်ဂျင်များနှင့် ဆက်စပ်ပစ္စည်းများအား တင်သွင်းခွင့်ပြုမည်ဖြစ်ပါ၍ ကျေးရွာမီးလင်းရေးအတွက်လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
