(ဇ)-အလုပ်မရသေးသူ ဆရာဝန်များနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ (၂၉-၈-၂၀၁၁)

ကျန်းမာ‌ရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ နှစ်စဉ်မွေးထုတ်ပေးခဲ့၍ ဆရာဝန်လက်မှတ် ရရှိပြီးသူဆရာဝန်အများအပြားမှာ နိုင်ငံတော်က လက်ထောက်ဆရာဝန်များအဖြစ် လုံလောက်သော အ‌ရေအတွက် ခန့်ထားတာဝန်ပေးအပ်နိုင်မှုမရှိ၍ အချို့ဆရာဝန်များမှာ ဆရာဝန်ပညာနှင့်မသက် ဆိုင်သည့် လုပ်ငန်းများလုပ်ဆောင်နေကြရပါသည်။ ဤအခြေအနေများကြောင့်သက်ဆိုင်ရာ ဆရာဝန် များ၊ ၎င်းတို့၏မိသားစုများသာမက နိုင်ငံတော်အတွက်ပါများစွာနစ်နာလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အလုပ်မရရှိသေးသူ ဆရာဝန်များအတွက် နိုင်ငံတော်အနေနဲ့မည်သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

နောက်ဆုံးတစ်ခုကတော့ ဒေါက်တာသန်းဝင်း၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို ကျွန်တော် သောကြာနေ့က ဦးသိန်းညွန့်ရဲ့ မေးခွန်းနဲ့ ဆင်တူရိုးမှား ဖြစ်တဲ့အတွက် ကျွန်တော်‌ြဖေပြီး ဖြစ်ပါတယ်။ တချို့အချက်လေးတွေကိုပဲ ပြန်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အမှတ်ရအောင် ကျွန်တော့် ဖြေကြားချက်ကလေးတွေ ပြန်ပြောလိုပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ ဆရာဝန်များ ထမ်းဆောင်တဲ့ ရာထူးအဆင့်ဆင့် ခွင့်ပြု ၉၈၃၆ နေရာ ရှိတဲ့အနက် ၇၅၆၀ နေရာမှာ ရာခိုင်နှုန်းအားဖြင့်လည်း  ၇၆.၈၆ ရာခိုင်နှုန်း ခန့်အပ်တာဝန် ထမ်းဆောင်လျက်ရှိပါတယ်။ ဆေးတက္ကသိုလ်အသီးသီးကနေ ဆေးပညာဘွဲ့ရရှိပြီးတဲ့ ဆရာဝန် သစ်လွင်တွေကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာနများမှာ လက်ထောက်ဆရာဝန် ဒါမှမဟုတ် သူနဲ့အဆင့်တူတဲ့ရာထူးများမှာ စတင်ခန့်အပ်တာဝန်ပေး ထမ်းဆောင်စေပါတယ်။ အဓိကအားဖြင့် ဆေးရုံဖက်လို့ခေါ်တဲ့ ကျန်းမာရေးဦးစီးဌာနနဲ့ ဆေးကျောင်းဖက်လို့ခေါ်တဲ့ ဆေးသိပ္ပံ ပညာဦးစီးဌာနတို့မှာ စတင်ခန့်အပ်ပေးပါတယ်။ ကျန်းမာရေးဦးစီးဌာနဆေးရုံများမှာ လက်ထောက် ဆရာဝန်ရာထူးနေရာ ၅၅၈၁ နေရာ ခွင့်ပြုချက်ရှိတဲ့အနက် ၃၆၄၆ ဦးကို ခန့်ထားပြီးဖြစ်တဲ့အတွက် ၁၉၃၅ နေရာလစ်လပ်ပါတယ်။ ဆေးသိပ္ပံပညာဦးစီးဌာနတွင် သင်ကြားရေးတက္ကသိုလ်တွေမှာ နည်းပြရာထူး ၉၂၂ နေရာခွင့်ပြုချက်ရှိတဲ့အနက် ၆၅၄ နေရာကို ခန့်ထားပြီးဖြစ်ရာ ရာထူး ၂၆၈ နေရာလစ်လပ်ပါတယ်။ စုစုပေါင်းလစ်လပ်နေရာ ၂၂၀၃ နေရာအတွက်ကို ဆေးပညာဘွဲ့ရ သစ်လွင်ဆရာဝန်များကို ဖြည့်စွက်ခန့် ထားရန်အတွက်ကို တင်ပြညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီတော့ ပြင်ပမှာအလုပ်လုပ်နေတယ်ဆိုတဲ့ နိုင်ငံတော်က မခန့်တဲ့အတွက်ပြင်ပမှာ လုပ်နေတဲ့ ကိစ္စကိုတော့ ကျွန်တော်နည်းနည်းလေးပြောပါရစေ  ၂၀၀၉ ခုနှစ်ထိ ခန့်သွားတဲ့အခါမှာ ဆယ်နှစ်တာ ကာလမှာ အောင်သမျှလူအားလုံးကို ကျွန်တော်တို့ ခန့်နိုင်ခဲ့ပါတယ်။ အောင်သမျှလူအားလုံးကို ခန့်ပေမယ့် အောင်သမျှဆရာဝန်အားလုံး အစိုးရအလုပ်ကို ဝင်တာမဟုတ်ပါဘူး။ တချို့သည် ပြင်ပဆရာဝန်များအဖြစ်နဲ့ တာဝန်ထမ်းဆောင်ပါတယ်။ တချို့က နိုင်ငံခြားထွက်ပါတယ်။ တချို့က တော့ ဆရာဝန်မဟုတ်တဲ့ အခြားအလုပ်တွေကို လုပ်ကြပါတယ်။ လျှောက်သမျှကိုခန့် တဲ့ခေတ်ကာလ မှာလည်း ဆရာဝန်မလုပ်ဘဲနဲ့ ပြင်ပကိုယ်နှစ်သက်ရာလုပ်ငန်းကို လုပ်တဲ့ဆရာဝန်များလည်း ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်ကမခန့်နိုင်လို့ အပြင်မှာလုပ်နေရ တယ်ဆိုတဲ့ အဖြစ်မျိုးမဖြစ်အောင် ခန့်အပ်ဖို့အတွက်ကို အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်နေပါတယ်။ တကယ်လုပ်ချင်ရဲ့သားနဲ့ လုပ်လို့မရဘူး။ မဖြစ်အောင် စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အမှန်တကယ် ဆေးကျောင်းဝင်ကတည်းက ဆရာဝန်တကယ်လုပ်ချင်တဲ့လူတွေကို ပါလာအောင် ကိုလည်း ဆေးကျောင်းရွေးချယ်တဲ့ အချိန်ကတည်းကနေစပြီးတော့ မိဘတိုက်တွန်းလို့ အမှတ်ကောင်း လို့တော့မဟုတ်ဘဲနဲ့ အမှန်တကယ်ဆရာဝန်လုပ်ချင်တဲ့သူတွေ ဆေးကျောင်းကို ရောက်လာအောင် ဆေးတက္ကသိုလ်ဝင်ခွင့် အစီအစဉ်များကိုလည်း ပြီးခဲ့တဲ့ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင်‌့တင့်ရေး အလုပ်ရုံဆွေးနွေးပွဲကြီးမှာ ပညာရှင်ကြီးများ ဝိုင်းဝန်းဆွေးနွေးပြီးတော့ စနစ်များကို စဉ်းစား ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။