ဟုမ္မလင်းမြို့မှာ ခုတင် ၁၀၀ ဆေးရုံကြီးကို ၂၀၀၄ ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်စဉ်တုန်းက တော့ ဆရာဝန်တွေ ပြည့်စုံမှုရှိခဲ့သော်လည်း အခုအချိန်မှာ အထွေထွေရောဂါကု ဆရာဝန်တစ်ဦး၊ ကလေးအထူးကုဆရာဝန်တစ်ဦး၊ မေ့ဆေးဆရာဝန်တစ်ဦး လစ်လပ်လျက်ရှိပါတယ်။ ခွင့်ပြုလက်ထောက် ဆရာဝန် ၁၁ ဦးအနက်မှာ နှစ်ဦးသာရှိပြီး၊ လက်ရှိနှစ်ဦး အနက်မှာလည်းပဲ တစ်ဦးကို နောင်ပေါင် တိုက်နယ်ဆေးရုံသို့ တွဲဖက်ပေးထားရပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ သောင်သွပ်ရွာ၊ ထမံသီရွာ တိုက်နယ်ဆေးရုံမှာလည်း ဆရာဝန်လုံးဝလစ်လပ်နေပါတယ်။ ရွှေပြည်အေးမြို့သစ်ဆေးရုံမှာလည်းပဲ ဆရာဝန်လုံးဝလစ်လပ်နေပါတယ်။ ရွှေပြည်အေး မြို့သစ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုယ်စားလှယ်ကြီး များသိသာနိုင်ရန်အနည်းငယ် ရှင်းလင်းခွင့်ပြုပါခင်ဗျား။ ဟုမ္မလင်းမြို့ရဲ့အထက်ဘက် မိုင် ၃၀ ခန့်အကွာ တဆုံးကျေးရွာအနီးမှာ ချင်းတွင်းမြစ်ကို ပိတ်ပြီးတည်ဆောက်မယ့် တဆုံးရေအားလျှပ်စစ် စီမံကိန်းဧရိယာအတွင်းကျရောက်တဲ့အတွက် မိုးတွင်းကာလမှာ ရွှေ့ပြောင်းခဲ့ရပြီး ဟုမ္မလင်းမြို့ရဲ့ အောက်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်ရဲ့ အရှေ့ ဘက်ကမ်းမှာ ရွှေပြည်အေးမြို့သစ်တည်ပြီး နေထိုင်စေခဲ့ပါတယ်။ အိမ်ထောင်စု ၅၀၀ ကျော် ရှိပါတယ်။ မိမိပိုင်လယ်ယာ၊ လက်ဖက်ခင်း၊ ဒညင်းခင်း၊ စပါးခင်းများကို စွန့်ပစ်လာခဲ့ရပါတယ်။ ယခု ငါးနှစ်၊ ခြောက်နှစ် ကြာသည့်တိုင်အောင် လုပ်ငန်းကိုင်ငန်း မပြေလည်သူအချို့ ရှိနေပါတယ်။ သက်ဆိုင်ရာက အတတ်နိုင်ဆုံးဖြည့်ဆည်းပေမယ့် ရွာသူ၊ ရွာသားတွေက စိတ်ဓာတ်အနည်မထိုင်ကြသေးပါဘူး။ ဒီအိမ် ထောင်စု ၅၀၀ ကျော်အတွက် အထက်တန်းကျောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးပြီး၊ လက်ထောက် ဆရာဝန်နှစ်ဦး ခန့်ထားပေးခဲ့ပေမယ့် အဲဒီအမိန့်စာထဲမှာပဲ တစ်ဦးကို ကသာဆေးရုံ၊ တစ်ဦးကို ကလေးမြို့ဆေးရုံသို့တွဲဖက်ချထားခဲ့ပါတယ်။ ဒါကြောင့်မို့ ရွှေပြည်အေး မြို့သစ်အတွက် အနည်းဆုံး ဆရာဝန်တစ်ဦးကို ခန့်ထားပေးသင့်ပါတယ်။ အဲဒီဆရာဝန်ဟာလည်းပဲ ဈေးတွက်တွက်တတ်တဲ့ ဆရာဝန်ကိုခန့်ထားပေးခြင်းမပြုဘဲ စေတနာကောင်းတဲ့ Volunteer ဆရာဝန်တစ်ဦးကို ခန့်ထားပေး သင့်ပါတယ်။ ဒီအခြေအနေကို ပြည်ထောင်စုဝန်ကြီးမှ သိရှိပါသလား။ သိရှိရင်မည်ကဲ့သို့ ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့ပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်တစ်ဦး၊ လက်ထောက်ဆရာဝန် အရိုးအထူးကုတစ်ဦး၊ လက်ထောက်ဆရာဝန် သားဖွားမီးယပ်တစ်ဦး၊ လက်ထောက်ဆရာဝန် ခွဲစိတ်တစ်ဦးနဲ့ သာမန်လက်ထောက်ဆရာဝန်တစ်ဦးတို့ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ လစ်လပ်လျက်ရှိတဲ့ အထူးကုဆရာဝန်များဖြစ်တဲ့ ဆေးပညာ၊ ကလေးကျန်းမာရေးပညာနဲ့ မေ့ဆေး ဆရာဝန်တို့အပြင် ထမံသီတိုက်နယ်ဆေးရုံ၊ သောင်သွပ်တိုက်နယ်ဆေးရုံ၊ ရွှေပြည်အေး တိုက်နယ် ဆေးရုံ တို့မှာလည်း လက်ထောက်ဆရာဝန်များကို အမြန်ဆုံးခန့်ထားရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။
