တမူးမြို့ ပြည်သူ့ဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်းယနေ့ထိအောင် ခုတင် ၁၀၀ ဆံ့ဆေးရုံနဲ့ လျော်ညီတဲ့ အဆောက်အဦ ဆောက်လုပ်ပေးခြင်း မရှိသေးခြင်းနဲ့ လိုအပ်တဲ့ဆေးရုံသုံးပစ္စည်း ကိရိယာများလည်းပဲ ပြည့်စုံမှုမရှိသေးကြောင်းကြားသိရပါတယ်။ ဒါကြောင့်မို့လို့ ပထမအချက်အနေနဲ့ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဆင့်နဲ့လျော်ညီတဲ့ အဆောက်အဦ ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ၊ မရှိနဲ့ ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်းနဲ့ မရှိပါကလည်း မည်သည့်အတွက်မရှိ ကြောင်း၊ နံပါတ်နှစ်အခြေအနေနဲ့ လိုအပ်နေသော ဆေးရုံသုံးပစ္စည်းကိရိယာများအား ဖြည်းဆည်း ပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံအသစ်တွေတိုးချဲ့တယ်။ ဆေးရုံအဟောင်းတွေကိုလည်း အဆင့်တိုးမြှင့်တယ်။ စံကိုက်ဖွဲ့စည်းပုံ ဖြစ်အောင်လုပ်ပေးတယ်။ အထူးကုဌာနတွေကိုလည်း တိုးချဲ့ဖွဲ့စည်းလျက်ရှိရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၊ တမူးမြို့ကို ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့ဆောက်လုပ်ခြင်းအတွက် ဒီနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေ ၁၈၁.၇၇၉ သန်းခွင့်ပြုချက်ရရှိခဲ့ပြီးတော့ လူနာဆောင်တစ်ဆောင်၊ ဓာတ်ခွဲခန်း ဓာတ်မှန်ဆောင်တစ်ဆောင်၊ လက်ထောက်ဆရာဝန် ငါးခန်းတွဲ၊ တစ်ထပ်တိုက် တစ်လုံးနဲ့ သူနာပြု ခြောက်ခန်းတွဲတစ်ထပ်တိုက် တစ်လုံးတို့ကို ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
