(ဂ)-ကျန်းမာရေးအတွက် ဆေးဝါးများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ (၂၉-၈-၂၀၁၁)

မြန်မာနိုင်ငံမြို့ရွာအသီးသီးမှာ တရားဝင်မှတ်ပုံတင်ခွင့်ပြုထားတဲ့ ဆေးဆိုင် တွေမှာရော၊ တရားဝင်ခွင့်မပြုတဲ့ ဆေးဆိုင်ငယ်တွေနဲ့ ကွမ်းယာဆိုင်အချို့မှာပင် ဆေးများရောင်းချ နေတာကို တွေ့ရပါတယ်။ ပြည်သူများကလည်း မိမိတို့ရဲ့ရောဂါဝေဒနာနဲ့ သက်ဆိုင်မယ်ထင်တဲ့ ဆေးများကို လွတ်လပ်စွာဝယ်ယူသုံးစွဲနေကြပါတယ်။ ဆေးကုသခွင့်လိုင်စင်မရှိတဲ့ ရမ်းကုများကလည်း မိမိတို့လိုအပ်ရာထိုးဆေး၊ စားဆေး၊ ဆေးပစ္စည်းကိရိယာများ ဝယ်ယူကာ မသိနားမလည်တဲ့ ပြည်သူ များကို  ဆေးကုပြီး စီးပွားရှာနေကြပါတယ်။ ပိုဆိုးတာက အချို့သော ဆေးရောင်းချသူများဟာ ဆေးကုသမှု ပညာကို ကျွမ်းကျင်နားလည်မှုမရှိဘဲ ဆေးတစ်မျိုးနဲ့တစ်မျိုး စပ်ဟပ်ပြီး ရောင်းချခြင်း၊ ရောင်းချရင်း ဆေးကုသပေးနေကြတာကို တွေ့ရပါတယ်။ အခုလို မိမိလိုရာဆေးကိုပြောပြီး လွတ်လပ်စွာ ဝယ်ယူအသုံးပြုနေခြင်း ဆေးဆိုင်များက ဆေးများရောင်းချပြီး ဆေးကုသပေးနေခြင်း များဟာ မသိနားမလည်ကြသော ပြည်သူများ အထူးသဖြင့် ကျန်းမာရေးအသိပညာနည်းပါးတဲ့ အခြေခံလူတန်းစားတွေအတွက် ကျန်းမာရေးအရ အလွန်အန္တရာယ်များလှပါတယ်။ ကျန်းမာရေး အသိပညာ ဗဟုသုတနည်းပါးတဲ့ ပြည်သူများဟာ ဆေးဆိုင်ကဆေးများ မိမိသဘောအလျှောက် ဝယ်သောက်ကြတဲ့အတွက် အနာတခြား၊ ဆေးတခြားဖြစ်ပြီး အပ်နဲ့ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ ပေါက်ရဆိုသလို ကုသမှု မှန်ကန်ပါက လွယ်လွယ်နဲ့ပျောက်နိုင်ပါလျက် ကုသရန်အလွန်ခက်တဲ့အဆင့် ရောက်သွားတတ်ပါတယ်။ ဥပမာ- ဆီးကြိတ်ကြီးတဲ့ရောဂါကြောင့် ဆီးမသွားနိုင်တဲ့လူနာတစ်‌ယောက် ဆေးဆိုင်ကဆီးဆေးလို့ အများခေါ်နေကြတဲ့ Lasix Tablet ဝယ်သောက်လိုက်တဲ့အတွက် ဆီးအိမ်ကြီးမနေနိုင်၊ မထိုင်နိုင်အောင်တင်းလာပြီး အရေးတကြီးဆေးရုံ ရောက်လာတာတွေ့ရဘူး ပါတယ်။ အမှန်တော့ ဆီးကြိတ်ကြီးပြီး ဆီးလမ်းကြောင်းပိတ်နေတာကိုမသိဘဲ ဆီးများများဖြစ်စေတဲ့ Lasix ဆီးဆေးကို ဆီးရောဂါပျောက်တဲ့ ဆေးလို့ထင်ပြီး ဆေးတလွဲအနာတခြား ဖြစ်သွားခြင်း ဖြစ်ပါတယ်။ HIV၊ AIDS ကုသဆေး Anti       retroviral drugs တွေကိုလည်း မိဘဆွေမျိုးတွေ မသိအောင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်က ဝယ်သောက်ရာက ဒုက္ခရောက်သွားတဲ့ လူငယ်တစ်ယောက်ကိုလည်း တွေ့ဖူးပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ဒီ  HIV၊ AIDS ကုသဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်ဝယ်သောက်နေရင်  ရောဂါပိုးတွေဟာ ဆေးယဉ်ပါးတဲ့ ပြဿနာဖြစ်ပြီး ကုသဖို့အလွန်ခက်တဲ့ HIV ပိုးတွေ မြန်မာပြည်မှာပေါက်ဖွား ပျံ့နှံ့လာဖွယ်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါဟာအလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ Prednisolone ကဲ့သို့သော Steriod ဆေးများ၊ ဆီးချိုရောဂါကုဆေးများ၊ နှလုံး ရောဂါကုဆေးများကို တခါတလေ ရမ်းကုများကညွှန်းပြီး ဆေးဆိုင်မှာ လာဝယ်တာတောင်တွေ့ရှိရပါတယ်။ အဲဒီဆေးများဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးအန္တရာယ်များလှပါတယ်။ မိမိလိုရာဆေးကို နေရာတကာမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တယ် ဆိုပြီး ရောင်းသူ၊ ဝယ်သူကျေနပ်နေကြပေမယ့်လို့ ရမ်းကုတွေများ ပြားလာခြင်း၊ ဆေးဝါးတွေကို စနစ်တကျမသုံးတတ်တဲ့အတွက် ဆေးယဉ်ပါးမှု ဖြစ်ပေါ်လာခြင်း၊ ဘေးထွက်ဆိုးကျိုးများခံစားရခြင်းစတဲ့စတဲ့ အန္တရာယ်များတဖြည်းဖြည်းကြီးထွားလာနေပြီဖြစ်ပါတယ်။  အဲဒါကြောင့် အန္တရာယ်ကင်းတဲ့ အိမ်သုံးဆေးဝါးများကိုသာ  လွတ်လပ်စွာဝယ်ယူခွင့်ပြုပြီး အခြားသော အန္တရာယ်ရှိနိုင်ဖွယ်ရှိသည်‌့ ဆေးဝါးများကို ဆေးပညာကျွမ်းကျင်သူများ၏ ဆေးညွှန်းဖြင့်သာ ရောင်းချခွင့်ပြုမည့်အစီအစဉ် ရှိ၊ မရှိ ဥပဒေရှိပြီးဖြစ်လျှင်လည်း  ၎င်းဥပဒေအား တိတိကျကျ လိုက်နာနိုင်အောင် မည်ကဲ့သို့စီစဉ်မည်ကို သိရှိလိုပါကြောင်းနှင့် တဆက်တည်းမေးမြန်း လိုတာကတော့ ဆေးဆိုင်များမှာရောင်းချနေတဲ့ ဆေးဝါး၊ ဆေးတစ်မျိုးကို ကုမ္ပဏီများစွာက တင်သွင်းနေကြပါတယ်။ မူလဆေး Generic Name နဲ့တူပါလျက် ဈေးမတူ ကြပါဘူး။ ဈေးကြီးတဲ့ဆေးက ပိုစိတ်ချရသလား။ ဆေးအာနိသင်ပိုပြီး ပြည့်ဝသလားလို့ ပြည်သူတွေရဲ့ စိတ်မှာ သံသယဖြစ်နေကြပါတယ်။ ဆေးဘူးပေါ်မှာ ရေးထားတဲ့ ဆေးဟာ မှန်ကန်မှု ရှိ၊ မရှိ ပါဝင်တဲ့ ပမာဏအတိုင်းမှန်ကန်မှု ရှိ၊ မရှိကို စစ်ဆေးပေးနိုင်မယ်ဆိုရင် ပြည်သူများဟာ ဆေးများအပေါ် စိတ်ချလက်ချနဲ့ ဈေးသက်သာတဲ့ဆေးကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။  ဒါ့ကြောင့် ဆေးဆိုင်များမှာရှိတဲ့ ဆေးဝါးများဟာ အရည်အသွေးပြည့်ဝမှုရှိ၊မရှိ စစ်ဆေးပေးနေတဲ့စနစ်  Quality Control Unit ရှိ၊ မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

မြန်မာနိုင်ငံမှာ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၆ မှာ မည်သူမျှလိုင်စင်မရှိဘဲ ဆေးဝါးကုန်ကြမ်း သို့မဟုတ် ဆေးဝါးကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရလို့ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆေးဆိုင်တိုင်း ဟာ ဆေးဝါးရောင်းချလိုင်စင်ရရှိမှသာ ရောင်းချခွင့်ရှိပါတယ်။ မြန်မာနိုင်ငံမြို့ရွာ အသီးသီးမှာ ဆေးဝါးများကို လွတ်လပ်စွာ ရောင်းချခွင့်ကို ဥပဒေအားဖြင့် ဥပဒေအရခွင့်မပြုပါဘူး။ ဆေးဝါးလက်ကား သို့မဟုတ် လက်လီရောင်းချမှုလိုင်စင်ရလိုတဲ့လူဟာ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က တာဝန်ပေးအပ်တဲ့ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး ကော်မတီသို့ လျှောက်ထားပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီပါက လိုင်စင်ထုတ်ပေးပါတယ်။ မြို့နယ် အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ရေးကော်မတီဟာ အောက်ပါတာဝန်နဲ့လုပ်ပိုင်ခွင့်များကိုလည်း ကျင့်သုံး‌‌‌ဆောင်ရွက်ပါတယ်။

ဆေးဝါးရောင်းချခွင့် လိုင်စင်လျှောက်ထားသည်‌့ ကိစ္စရပ်ကိုစိစစ်ပြီးတော့ လိုင်စင်ထုတ် ပေးခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊ အစားအသောက်နဲ့ ဆေးဝါးစစ်ဆေးခြင်းဆိုင်ရာကိစ္စ အဝဝကိုကြီးကြပ်ခြင်း၊ လိုအပ်ပါက ကိုယ်တိုင်ဆောင်ရွက်ခြင်းနဲ့ စည်းကမ်းဖောက်ဖျက်မှုများအား အရေးယူခြင်း၊ ဒီကိစ္စ‌တွေကို ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးဝါးရောင်းချရာမှာ မှတ်ပုံတင် ထုတ်ပေးစဉ်က သတ်မှတ်ထားတဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲရမယ့်ဆေး၊ အင်္ဂလိပ် လိုတော့ Prescription Only Medicine (POM)လို့ ခေါ်ပါတယ်။ နောက်တစ်ခုကတော့ ဆရာဝန်ညွှန်ကြားချက် မလိုဘဲနဲ့ အလွတ်ဝယ်ယူနိုင်တဲ့ဆေး Over The  Counter Medicine (OTC)လို့ ခေါ်ပါတယ်။ အဲဒီတော့ ဆေးဝါးတွေအားလုံးမှာ မှတ်ပုံတင်ပြီးတော့ ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ ဒီအစာနဲ့ဆေးဝါး FDA ကနေ မှတ်ပုံတင်ပြီးကတည်းက ဒီလိုသတ်မှတ်ချက်က ရှိပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ စပ်ဆေးတွေကို ရောင်းချခွင့်မရှိဘူးဆိုတာလည်း  ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ နောက် အဲဒီမှာပါတဲ့မေးခွန်းတွေနဲ့ ပတ်သက်လို့လည်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနဟာ ဈေးကွက်အတွင်းမှာရှိတဲ့ ဆေးဝါးများရဲ့ အရည်အသွေးကို ပုံမှန်ဓါတ်ခွဲစမ်းသပ်စစ်ဆေးတဲ့အပြင် အခါအားလျော်စွာထူးခြားတဲ့ အခြေအနေ အရ သတင်းရရှိတဲ့အခါဖြစ်စေ၊ တိုင်တန်းမှုရှိတဲ့အခါဖြစ်စေ  ဓာတ်ခွဲစမ်းသပ်စစ်ဆေး ပါတယ်။ အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲရမယ့် ဆေးဝါးတွေ Anti- Malaria ဆေး၊ ငှက်ဖျားဆေး၊ တီဘီဆေး၊ ပဋိဇီဝဆေး၊ ဆီးချိုဆေး၊ HIVဆေး၊ သွေးကျဆေးစတဲ့ ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာမှာ ၂၀၁၀ ခုနှစ် မှတ်ပုံတင်မှာ ၂၀၁၀ ခုနှစ်မှာ မှတ်ပုံတင် လျှောက်ထားတဲ့ ဆေးဝါး အမျိုးပေါင်း ၁၈၀၀ နဲ့ ဈေးကွက်စာရင်းဝင်မှုဟာ ၁၁၅ မျိုးကို စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးဆိုင်ရာ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေးရှေ့ဆောင်ဦးစီးဦးဆောင်ပုဂ္ဂိုလ်ကြီးများ တက်ရောက်ပြီးတော့ အဲဒီမှာ ကျွန်တော်တို့ရဲ့ အစာနဲ့ဆေးဝါးကွပ်ကဲရေးဌာနကို ယခုထက်ပိုပြီးတော့ ဖွဲ့စည်းပုံ တိုးချဲ့ပြီးတော့၊ ဖွင့်လှစ်ပြီးတော့လုပ်ငန်းများကို ပိုမိုထိရောက်စွာ၊ ပီပြင်စွာဆောင်ရွက် နိုင်ဖို့ကိုလည်း အကြံဉာဏ်ပြုထားတာရှိပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ဖို့ အစီအမံ ရှိပါတယ်။ ဒါကြောင့်မို့လို့ FDA ကိုပိုမိုပြီးတော့ ဖွဲ့စည်းပုံ တိုးချဲ့ပြီးတော့ နေရာအနှံ့မှာ ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ ဒီထက်ပိုပြီးတော့ ခုန ကိုယ်စားလှယ်တော်ကြီး တင်ပြထားတဲ့ကိစ္စ တွေကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။