တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊မင်္ဂလာဒုံမြို့နယ်များတွင် နေထိုင်သောလူနာများ အချိန်တိုအတွင်း သွားရောက်ကုသ မှုလွယ်ကူစေရန် အားကိုးအားထားပြုရမည့် မင်္ဂလာဒုံမြို့နယ် မြို့နယ်ဆေးရုံအား မြောက်ဥက္ကလာပ ဆေးရုံကြီးနှင့် အင်းစိန်မြို့နယ်ဆေးရုံကြီးကဲ့သို့ အဆင့်မြှင့် ဆောင်ရွက်ပေးမည်ဆိုပါက လျော်ကန် သင့်မြတ်လှပါတယ်။ သို့ဖြစ်ပါ၍ မင်္ဂလာဒုံမြို့နယ်ဆေးရုံကြီးအား အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်မှု အစီအစဉ်ရှိ၊မရှိ သိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးပါရန် ပြန်လည်ဖြေကြားပါသည်။
မင်္ဂလာဒုံဆေးရုံကို အခုအဆင့်မြှင့်တင်ပြီး ဖြစ်ပါတယ်။ ခုတင် ၁၀၀ အဆင့်ဆေးရုံအဖြစ်သို့ မြှင့်တင်ဆောင် ရွက်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အထူးကူးစက်ရောဂါ ဖြစ်တဲ့ (HIV၊ AIDS) လူနာများအတွက် သီးသန့်အထူးပြုစုစောင့်ရှောက်ဖို့ ဖွင့်ပေးထားတဲ့ဆေးရုံ ဖြစ်နေပါတယ်၊၊ အဲဒီတော့ ဦးတင်မောင်ဝင်းမေးတဲ့ မေးခွန်းမှာလိုပဲ အင်းစိန်ဆေးရုံကြီးသည် တစ်ဖက်ကမ်းမှာရှိတဲ့ လူနာတွေ၊ မြို့နယ်တွေကနေ လွှဲပြောင်းပေး လို့ရတယ်။ ဒီလိုပဲ မြောက်ဥက္ကလာပ ဆေးရုံကြီးသည်လည်း အဲဒီနားမှာ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)က လွှဲပြောင်းပေးလို့ရတယ်။ ဒါ့ကြောင့် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင် ဆိုတဲ့မြို့နယ်တွေကနေ လွှဲပြောင်းဖို့အတွက် အထူးကု၊ အထွေထွေရောဂါအထူးကုဆေးရုံကြီးတစ်ရုံ လိုအပ်လျက်ရှိတယ် ဆိုတာကျွန်တော်တို့ အနေနဲ့ဒါကိုလက်ခံပါတယ်။ အဲဒါကြောင့်လည်း ဒီမြို့နယ်တွေကနေအားကိုး အားထားပြုရမယ့် ဆေးရုံ တစ်ရုံကိုဖွင့်လှစ်ဖို့၊ စီမံဆောင်ရွက်ဖို့ ရည်ရွယ်ပြီးတော့ သင့်လျော်တဲ့နေရာတွေကို လိုက်လံလေ့လာ ပြီးတော့ လေ့လာဆန်းစစ် ကြည့်ရှုလျက်ရှိပါတယ်။ ရရှိလို့ရှိရင် ဒီဆေးရုံအသစ် ဖွင့်လှစ်ဖို့အတွက်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ဖြေကြားပါသည်။
