(စ)-ထော်လာဂျီ(ထုံကုန်းလေးလုံးထိုး) ယာဉ်မှတ်ပုံတင်ခွင့်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၂-၉-၂၀၁၁)

ယနေ့နိုင်ငံတော်ဟာ လက်မှုလယ်ယာစိုက်ပျိုးရေးကနေ စက်မှု လယ်ယာစိုက်ပျိုးရေးသို့ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ကျေးလက်နေ ပြည်သူများဟာလည်း စက်များ၊ ယာဉ်များကို ပိုမိုအသုံးပြုလာကြပြီဖြစ်ပါတယ်။ ကျေးလက်ဒေသ များရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထော်လာဂျီယာဉ်များကိုလည်း ကျယ်ပြန့်စွာသုံးစွဲလာကြပြီဖြစ်တဲ့အတွက် ဒေသအတွင်းမှာလုပ်ငန်း ဆောင်တာများ ပိုမိုတိုးတက်အဆင်ပြေမြန်ဆန်လာကြပြီဖြစ်ပါတယ်။ အလားတူ အဲဒီယာဉ်များကို ရှမ်းပြည်နယ်မှာလည်းသုံးစွဲလျက်ရှိနေတာမှာ ၂၀၁၁ ခုနှစ်၊ မေလအတွင်းက ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်မှဒေသခံများဟာ ထော်လာဂျီ(ထုံကုန်းလေးလုံးထိုး)ယာဉ်များကို တရားဝင်သုံးစွဲနိုင် ရေးအတွက်အခွန်ပေးဆောင်ပြီး ယာဉ်မှတ်ပုံတင်ခွင့်ရရှိရေးဆောင်ရွက်ရာမှာ အဲဒီယာဉ်များဟာ အခွန်ဆောင်ခွင့်မရရှိတဲ့အပြင် အကောက်ခွန်ဥပဒေပုဒ်မ ၁၆၇(ဂ) အရ ပြည်သူ့ဘဏ္ဍာအဖြစ် အပြီးတိုင် သိမ်းဆည်းခြင်းခံရမယ်လို့သိရပါတယ်။ ဒါ့အပြင် သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၅(၁)၊ ၅(၃)အရ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းများဟာလည်း အရေးယူခံရမယ့်အခြေအနေမျိုးကိုရောက်ရှိ နေပါတယ်။ သို့ပါသော်လည်း အလားတူထော်လာဂျီ(ထုံကုန်းလေးလုံးထိုး)ယာဉ်များဟာ ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးများမှာ ကုမ္ပဏီများအနေနဲ့ တရားဝင်ကြော်ငြာ၍လည်းကောင်း၊ အရောင်းပြခန်းများ ဖွင့်လှစ်၍လည်းကောင်း အများပြည်သူသုံးစွဲနိုင်ဖို့ရောင်းချပေးလျက်ရှိတာကိုတွေ့ရပါတယ်။ သို့ပါ၍ အဆိုပါထော်လာဂျီ(ထုံကုန်းလေးလုံးထိုး)ယာဉ်များမှတ်ပုံတင်ခွင့်ရရှိရေးတွင် မည့်သို့သောအကြောင်း အချက်များကြောင့် ထိုသို့ကွဲလွဲချက်များရှိနေသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အဖြေ

ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရန်ရည်ရွယ်၍ မြန်နှုန်းနိမ့် မောင်းနှင်နိုင်သော ထော်လာဂျီယာဉ်များအား လယ်ယာသုံးထရပ်ယာဉ်အဖြစ် အောက်ပါ ကန့်သတ်ချက်များဖြင့် မှတ်ပုံတင်ပေးလျက်ရှိပါတယ်။ ယာဉ်အတိုင်းအတာ ၅၄၀၀x၂၀၀၀x၂၄၅၀ မီလီမီတာ၊ ဝန်တင်အား-၂၀၀၀ ကီလိုဂရမ်၊ ဝန်ရိုး-၃၀၀၀ ကီလိုဂရမ်အောက် စက်(အင်ဂျင်)-ဆလင်ဒါ နှစ်လုံးထိုးအများဆုံး၊ တာယာအရွယ်အစား ၇.၅၀x၁၆ လက်မတို့ဖြစ်ပါတယ်။ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှလည်း ပြည်တွင်းစက်မှုဇုန်များမှထုတ်လုပ်သော ထော်လာဂျီ ယာဉ်များအတွက် ခွင့်ပြုထားသည့်စံသတ်မှတ်ချက်များသည် အထက်ပါကန့်သတ်ချက်များ ဘောင်အတွင်း၌ပင်ဖြစ်ပါတယ်။ ယခု မေးမြန်းထားသည့် ထော်လာဂျီ(ထုံကုန်းလေးလုံးထိုး) ယာဉ်များ အားတရားဝင်ကြော်ငြာ၍ အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခြင်းအား ခွင့်ပြုထားခြင်းမရှိပါ။ ခွင့်ပြုထားခြင်းမရှိကြောင်းကိုလည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ယခုအခါ မှာလည်း ထိုသို့ ဆောင်ရွက်ခြင်းမရှိကြောင်းလည်းတင်ပြအပ်ပါတယ်။ တရုတ်နိုင်ငံထုတ် အချို့ ထော်လာဂျီအမျိုးအစားယာဉ်များသည် Light Truck မော်တော်ယာဉ်ထက် အရွယ်အစားကြီးမားပြီး တင်အားပိုမိုသယ်ဆောင်နိုင်၍ မြန်နှုန်းမြင့်မောင်းနှင်နိုင်သော စက်စွမ်းအား တပ်ဆင်ထားသည့် လယ်ယာသုံးထရပ်ထော်လာဂျီများပါရှိကြောင်းတွေ့ရှိရပါတယ်။ အဆိုပါ ထော်လာဂျီယာဉ်များသည် မော်တော်ယာဉ်တစ်စီးကဲ့သို့တည်ဆောက်ထားပြီး ထော်လာဂျီယာဉ် သတ်မှတ်ချက်များထက်များစွာ ကျော်လွန်နေပါသည်။ သို့ဖြစ်ပါ၍ မြန်နှုန်းမြင့်မောင်းနှင်နိုင်သော ဆလင်ဒါလေးလုံးထိုးအင်ဂျင်တပ် ယာဉ်များအား ထော်လာဂျီယာဉ်အဖြစ်သတ်မှတ်မှတ်ပုံတင်ခွင့် မပြုနိုင်ပါ။ အဆိုပါယာဉ်များသည် မော်တော်ယာဉ်ကဲ့သို့တည်ဆောက်ထားသဖြင့် မော်တော်ယာဉ်အဖြစ် လျှောက်ထားခြင်း၊ တင်သွင်း ခွင့်ပြုခြင်း၊ အကောက်ခွန်ပေးဆောင်ခြင်းစသည့် တရားဝင် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ မော်တော်ယာဉ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် နယ်မြေဒေသအပေါ် မူတည်၍ကွဲလွဲသတ်မှတ်ချက်များ ဆောင်ရွက်ပေးခြင်းမျိုးမရှိဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ် ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။