နိုင်ငံသားဟုဆိုရာမှာ တိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူများအားလုံးသည် နိုင်ငံသားဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း ဥပဒေအာဏာတည် သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများ အားလုံးသည် နိုင်ငံသားဖြစ်သည်ဟုဆိုထားပါတယ်။ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း ဆိုသည်များသည် နိုင်ငံတော်အတွက် အထူးအရေးကြီးသောကိစ္စဖြစ်ပါသည်။ နိုင်ငံသားအဖြစ်မပြု သင့်မပြုထိုက်သောပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံသားပြုခွင့်ပေးမိပါက နိုင်ငံတော်အတွက် ရေရှည်မှာ အန္တရာယ်ဖြစ်နိုင်သလို နိုင်ငံသားအဖြစ်ရပ်စဲခြင်း၊ နိုင်ငံသားအဖြစ် ရုပ်သိမ်းခြင်း၊ မပြုသင့်မပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံသားအဖြစ် ရုပ်သိမ်းပါကလည်း ထိုပုဂ္ဂိုလ်အတွက် နစ်နာဆုံးရှုံးမှုများရှိသလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံသားအဖြစ် မှတ်ပုံတင်ခွင့် ပြုရာမှာ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူများနှင့် သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ ဟူ၍ရှိရာမှာ သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများသည် နိုင်ငံသားဖြစ်ခြင်းဥပဒေပုဒ်မ ၆ နဲ့ ပုဒ်မ ၇ အရ အမှန်တကယ်စိစစ်ပြီးသော နိုင်ငံသားများဖြစ်ပါက နိုင်ငံသားပြုခြင်းစိစစ်ရေး မှတ်ပုံတင် ကတ်ပြားထုတ်ပေးရာမှာ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများကဲ့သို့ အချိန်နှင့်တစ်ပြေးညီပြီးစီး နိုင်ရန်အတွက် ခရိုင်အဆင့်မှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပါက ပြည်သူများအတွက်ပို၍ အဆင်ချောမွေ့မည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် ခရိုင်အဆင့်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ ကိုသိလိုကြောင်း မေးမြန်းပါသည်။
တိုင်းရင်းသား မိဘနှစ်ပါးကမွေးဖွားတဲ့ မွေးရာပါနိုင်ငံသားတွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပုံစနစ်နှင့် သွေးနှောနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူတွေအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပုံစနစ်ဆိုတဲ့ အချက်နှစ်ချက်ကို ခွဲခြား ရှင်းလင်းသွားရမှာဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ဟာ ဥပဒေပါမတူကွဲပြားနေတဲ့ သဘာဝပေါ်မူတည်ပြီး အချိန်ယူစိစစ်ရတဲ့လုပ်ငန်းစဉ်ကွာခြားရခြင်းဖြစ်ပါကြောင်းလည်း ကနဦးအဆင့်တင်ပြရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မေးခွန်းရှင်က တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားသူအားလုံးသည် နိုင်ငံသားဖြစ်သည်၊ နိုင်ငံသားဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည် စတဲ့အချက် များကိုထည့်သွင်းရည်ညွှန်းပြောဆိုထားတာဖြစ်တဲ့အတွက် ဒီဖော်ပြချက်များဟာ ၁၉၈၂ ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေပုဒ်မ ၅ နဲ့ ၆ တို့ကိုရည်ညွှန်းပြောဆိုနေခြင်းဖြစ်တာကြောင့် ဒီပုဒ်မတွေရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ပါဆက်စပ်ပြီး အကျဉ်းချုံးရှင်းလင်း ပြောကြားသွားရမှာဖြစ်ပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော် ကနဦး ရှင်းပြလိုတဲ့အချက်က ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၅ မှာ တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊ မွေးရာပါနိုင်ငံသား ဖြစ်သည်လို့ဖော်ပြထားပါတယ်။ တစ်ခါတိုင်းရင်းသားဖြစ်သည်ဆိုတဲ့ အဓိပ္ပာယ်ရှင်းလင်းချက်ကို လေ့လာကြည့်မယ်ဆိုရင်လည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၃ မှာ နိုင်ငံတော်မှာပါဝင်တဲ့ နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီကာလကစလို့ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ စတဲ့ တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်လို့ ဖော်ပြထားတဲ့အတွက်ကြောင့် ဥပဒေပါတိုင်းရင်းသားလို့သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးတွေ အဲဒီတိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားတဲ့သူတွေ၊ တိုင်းရင်းသားလို့အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားမျိုးနွယ်စုမိဘနှစ်ပါးက မွေးဖွားလာသူတွေဟာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၅ အရ မွေးရာပါနိုင်ငံသားများ ဖြစ်တယ်လို့ ဥပဒေက အဓိပ္ပာယ်ဖွင့်ဆိုထားပြီး မေးခွန်းရှင်ကလည်း ဒီအချက်ကိုရည်ညွှန်းကိုးကား ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် သူတို့တွေဟာ မွေးရာပါနိုင်ငံသားတွေဖြစ်ကြလို့ နိုင်ငံသားအဖြစ်ရရှိဖို့ ထပ်မံလျှောက်ထားရန်မလိုအပ်တော့ပါ။ ဒါ့အပြင် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကိုရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ် ၅၀၀၀၀ ကျခံစေရမည်ဆိုတဲ့ ပုဒ်မ ၁၈ အရလည်း နိုင်ငံသားအဖြစ်က ရုပ်သိမ်းလို့မရသူများဖြစ်ပါကြောင်း ရှင်းလင်းပြောကြားလိုပါတယ်။ ယခင်ကတော့ အဲဒီနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားတဲ့ နိုင်ငံသားတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာမှာ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ခရိုင်မှူးအဆင့်အထိ အဆင့်ဆင့်တင်ပြစိစစ်ခွင့်ပြုချက်နဲ့ ထုတ်ပေးခဲ့ ပါတယ်။ ယခု အစိုးရအဖွဲ့သစ်လက်ထက်မှာတော့ ဆက်စပ်တဲ့သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ပြီး ဥပဒေနှင့်အညီ လွယ်ကူလျင်မြန်စွာထုတ်ပေးနိုင်ဖို့ ဖြေလျော့တဲ့စနစ်ကိုသုံးပြီးအခြေခံ ကျတဲ့မြို့နယ်မှူးအဆင့်ကပဲ စိစစ်ခွင့်ပြုချက်နဲ့ ထုတ်ပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါကို ဒီကိစ္စမှာ မြန်ဆန်မှုရှိလာတယ်လို့ မေးခွန်းရှင်က ဖော်ပြခဲ့တာဖြစ်နိုင်ပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဒုတိယအချက်အနေနဲ့ မေးခွန်းရှင်မေးမြန်းထားတဲ့ သွေးနှောနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူများအတွက် ဆောင်ရွက်ပေး ရတဲ့စနစ်ကျတော့ အထက်က ကျွန်တော်တို့ လုပ်ပေးတာနဲ့သဘာဝအရ အနည်းငယ်ခြားနားမှု ရှိနေပါကြောင်းပြောကြားလိုပါတယ်။ အဲဒီအချက်နဲ့ပတ်သက်လို့ မေးမြန်းချက်မှာ ရည်ညွှန်းပြောဆို ခဲ့တဲ့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆ မှာ ဤဥပဒေ အာဏာတည်သည့်နေ့တွင် နိုင်ငံသား ဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်ဟုဆိုထားတဲ့အတွက် အဲဒီဥပဒေအာဏာတည်တဲ့ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးသူတွေဟာ နိုင်ငံခြားလူမျိုး စစ်စစ်များ၊ တိုင်းရင်းသားနှင့် နိုင်ငံခြားလူမျိုး သွေးနှောများမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားအဖြစ်ရရှိဖို့ လျှောက်ထားပြီးမှ ဥပဒေအရ နိုင်ငံသားဖြစ်လာသူများကို ရည်ညွှန်းဆိုလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော် အထက်ကတင်ပြခဲ့တဲ့ မွေးရာပါနိုင်ငံသားများ မဟုတ်ကြပါ။ မွေးရာပါ နိုင်ငံသားများမဟုတ်တဲ့အတွက် မဟုတ်မမှန်ဖော်ပြခြင်း၊ ဖုံးကွယ်ခြင်းများကြောင့် နိုင်ငံသားအဖြစ် ရရှိအောင် ဆောင်ရွက်ခြင်းဟုတ်၊ မဟုတ်စတာတွေကိုစိစစ်နိုင်ဖို့ မျိုးရိုးစဉ်ဆက် ဇယား၊ မွေးဖွားရာ ဒေသ၊ ဇာတိ၊ ရပ်ရွာ၊ ထောက်ခံချက်ပေးရမည့် အဖွဲ့အစည်းစသည်တို့နဲ့ အကျုံးဝင်တဲ့ ကျွန်တော် အထက်ကတင်ပြခဲ့သော ပုဒ်မ ၁၈ ပါအချက်များကို ထပ်မံစစ်ဆေးအတည်ပြုရန် လိုအပ်တဲ့အတွက် အဲဒီဖြစ်စဉ်မှာတော့ အချိန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များပါရှိနေကြောင်း တင်ပြလိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း မေးခွန်းအစမှာကတည်းက နိုင်ငံသား ပြုခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများဟာ နိုင်ငံအတွက်အထူးအရေးကြီးသော ကိစ္စများဖြစ်ခြင်းကြောင့် နိုင်ငံသားအဖြစ် မပြုသင့် မပြုထိုက်သူတစ်ဦးဦးအား နိုင်ငံသားအဖြစ် လက်ခံမိပါက နိုင်ငံအတွက် ရေရှည်မှာ အန္တရာယ်များပြီး အကျိုးမရှိဖြစ်သွားနိုင်ပါတယ်လို့ လက်ခံအတည်ပြုပြောဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒီလိုမဟုတ်မမှန် ဖော်ပြခြင်းများ ရှိမနေစေဖို့အတွက် အချိန်ယူပြီးစစ်ဆေးတာဝန်ခံရတဲ့ လုပ်ငန်းစဉ်တွေဖြစ်တာကြောင့် စစ်ဆေးတာဝန်ခံရတဲ့သူဟာ ဥပဒေရေးရာအရထိုက်သင့်တဲ့ အတွေ့အကြုံရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင်တိုင်းနယ်မြေတစ်ခုအတွင်းမှာ မျိုးရိုးစဉ်ဆက် အတည်ပြုရတဲ့ကိစ္စတွေကို မြို့နယ်/ခရိုင်အဆင့် အားလုံးကိုချိတ်ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်အတည်ပြု လုပ်ကိုင်နိုင်တဲ့စွမ်းအားနှင့် လုပ်ပိုင်ခွင့်များလည်းရှိဖို့အမှန်တကယ်လိုအပ်နေတာကြောင့်လက်ရှိအခြေအနေမှာတော့ မေးခွန်းရှင် တင်ပြခဲ့တဲ့ ပုဒ်မ ၆ အရ စိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းမှာ မမှားမယွင်းရအောင် အဲဒီ စွမ်းရည်၊ လုပ်ပိုင်ခွင့်၊ ဥပဒေရေးရာအတွေ့အကြုံရှိတဲ့ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးအဆင့်ကို တာဝန်ခံလက်မှတ်ရေးထိုး ထုတ်ပေးစေခြင်းပဲဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ အလျဉ်းသင့်လို့ အခုလို တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် စိစစ်အာမခံထုတ်ပေးစေရတဲ့ နောက်ခံအချို့ကိုလည်း အနည်းငယ်တင်ပြလိုပါတယ်။ ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကာလမှာ နိုင်ငံသားတိုင်း မဲပေးနိုင်ရေး အတွက် ၁၉၈၉-၁၉၉၀ ခုနှစ်၊ အဲဒီကာလတွေမှာစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ဖြေလျှော့တဲ့ စနစ်နဲ့ ထုတ်ပေးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရာမှာ နိုင်ငံခြားသားမှတ်ပုံတင် လက်မှတ်ကိုင်ဆောင်သူအချို့နဲ့ တိုင်းရင်းသားမဟုတ်သူအချို့က လူမျိုးအမှန်နှင့်အချက်အလက် မှန်များဖုံးကွယ်ပြီး တိုင်းရင်းသားလူမျိုးတစ်မျိုးမျိုးအဖြစ် မဟုတ်မမှန်ဖော်ပြလျှောက်ထားခြင်းများ ရှိခဲ့ဖူးတာကြောင့် စိစစ်ဖော်ထုတ်အရေးယူခဲ့ရတဲ့ ဖြစ်စဉ်များရှိခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးရာမှာ မြို့နယ်မှူးအဆင့်တွေကို လက်မှတ်ရေးထိုးခွင့်ကို ၁၉၈၉ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၂ ခုနှစ်က တစ်ကြိမ်ခွင့်ပြုခဲ့ဖူးပါတယ်။ သို့သော်လည်းပဲ မိမိဌာနဝန်ထမ်းများမှ ဥပဒေရေးရာအတွေ့အကြုံနဲ့ တိုင်းနဲ့ပြည်နယ်အဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆက်စပ်ဆောင်ရွက်ရာမှာ နှောင့်နှေးအားနည်းချက်တွေအနည်းငယ်ရှိခဲ့လို့ ပြန်လည်စိစစ်ပြင်ဆင်အရေးယူမှုများလည်းပြုလုပ်ခဲ့ ရတဲ့သာဓကများရှိခဲ့ဖူးပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော်အထက်က အကျယ်တဝင့်တင်ပြပြီးဖြစ်တဲ့ အကြောင်းအရာတွေကြောင့် သွေးနှောနိုင်ငံသားများကို နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးမှုနဲ့ပတ်သက်ပြီး အမှားအယွင်းတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလလောက်ကစပြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဆင့်အထိအဆင့်ဆင့်တင်ပြအတည်ပြုပြီးမှ ထုတ်ပေးရေးကိုလမ်းညွှန်ချက်တွေ အရဆောင်ရွက်ခဲ့ဖူးပါတယ်။ သို့သော်လည်းပဲ နောက်ပိုင်းမှာ ညွှန်ကြားရေးမှူးချုပ်တစ်ဦးတည်းက တာဝန်ခံလက်မှတ်ရေးထိုးထုတ်ပေးနေရလို့ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာရတာကြောင့် လျှောက်ထားသူများလည်း အဆင်ပြေအောင်ဖြေလျှော့တဲ့အနေနဲ့ ၄-၄-၂၀၀၇ ရက်နေ့ကကျင်းပတဲ့ နိုင်ငံခြားရေးရာ မူဝါဒကော်မတီအစည်းအဝေးအမှတ်စဉ် (၁၂/၂၀၀၇) ပါသဘောတူညီမှုအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ဦးစီးမှူးများမှ အတည်ပြုလက်မှတ်ရေးထိုးထုတ်ပေးစေတဲ့အဆင့်ကို ပြောင်းလဲလျှော့ချခဲ့ပြီး အဲဒီစနစ်နဲ့ ယနေ့အထိ ဆောင်ရွက်နေရခြင်းလည်းဖြစ်ပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ အထက်က ကျွန်တော် ရှည်လျားစွာရှင်းပြခဲ့တဲ့ နောက်ခံဖြစ်ရပ်အကြောင်းများနဲ့ အတိတ်ကာလအတွေ့အကြုံတွေအရ သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရာမှာ တိုင်းနဲ့ပြည်နယ်ဦးစီးမှူးအဆင့်ထိ တာဝန်ခံစစ်ဆေးအတည်ပြုပြီးမှ ထုတ်ပေးတဲ့စနစ်ကို ကျင့်သုံးနေရ ခြင်းဖြစ်ပါကြောင်းနဲ့ လက်ရှိကျွန်တော်တို့ဆောင်ရွက်နေတဲ့ ဖြေလျှော့နည်းအရ တိုင်းရင်းသားမိဘ နှစ်ပါးကမွေးဖွားသူတွေအတွက် မြို့နယ်အဆင့်ထိလျှော့ပြီး လက်မှတ်ရေးထိုးဆောင်ရွက်ပေးနေတဲ့ အခြေအနေရလဒ်တွေပေါ် ပြန်လည်ဆန်းစစ်ပြီး မေးခွန်းရှင်ကြီးတင်ပြထားသလို ပြင်ဆင်ဖြေလျှော့ ဆောင်ရွက်ပေးနိုင်တဲ့အချိန်မှာ ဆောင်ရွက်ပေးသွားဖို့လည်း အလေးအနက်ထည့်သွင်းစဉ်းစားလျက် ရှိပါကြောင်းတင်ပြလိုပါတယ်။ လောလောဆယ် လုပ်ပေးနိုင်တဲ့အချက်ကတော့ လျှောက်ထားသူ ကာယကံရှင်တွေဘက်က ပြည့်စုံမှန်ကန်တဲ့အထောက်အထားတွေ ပါလာမယ်ဆိုရင်ကြန့်ကြာသင့် သည့်အချိန်ကာလထက် ပိုပြီးကြန့်ကြာမှုမရှိစေဖို့နဲ့ သတ်မှတ်အခကြေးငွေထက်ပိုမိုတောင်းခံခြင်းများ မရှိစေရေးအတွက် စနစ်သစ်နဲ့အထူးကြပ်မတ်စီမံချက်ချဆောင်ရွက်လျက်ရှိနေပါကြောင်း ဆက်၍ လည်းဆောင်ရွက်နေမည်သာဖြစ်ပါကြောင်း ဖြေကြားပါသည်။
