(ဂ)-ကျောင်းအုပ်ကြီးများကို ရာထူးတိုးပေးခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၂) ရက်မြောက်နေ့ (၂၇-၁၀-၂၀၁၁)

မေးခွန်းနံပါတ်(၂) ပညာရေးဌာနတွင် ယခု လက်ရှိကျောင်းအုပ်ကြီးများအား ရာထူးတိုးပေးရာတွင် လုပ်သက်အနု၊ အရင့်အလိုက် အမှတ်စနစ်ဖြင့် တွက်ချက်၍ပေးသည်ဟုသိရှိရပါသည်။ ထို့ကြောင့် အသက်ကြီးမှရာထူးရမည်ဟူသော တရားသေမူ ဖြင့်မဟုတ်ဘဲ စေတနာအရင်းခံဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ထူးချွန်ထက်မြက်သည့် တီထွင်ဖန်တီးနိုင်စွမ်းရှိသည့်လူငယ်များအားလည်း အရည်အချင်းဖြင့် ရာထူးတိုးခန့်ထားပေးပါက ပိုမို အကျိုးရှိမည်ဟုယူဆပါကြောင်းနဲ့ ထိုကိစ္စနဲ့ပတ်သက်၍ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်းနံပါတ်(၂)ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနမှာ ယခုလက်ရှိ ကျောင်းအုပ်ကြီးများအား ရာထူးတိုးမြှင့်ပေးရာမှာ လုပ်သက်ရမှတ်တွက်ချက်၍ ရာထူးတိုးပေးခြင်းဖြစ်ပါတယ်။ ဒီလို တိုးပေးခြင်း ဟာလည်းမျှတမှုရှိစေရန်အတွက် စီစဉ်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။ အမိန့်၊ ညွှန်ကြားချက်များ ကို နာခံတတ်သော၊ စေတနာအရင်းခံဖြင့် ထူးချွန်ထက်မြက်သော၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူငယ်များကိုလည်း အရည်အချင်းဖြင်‌့ ရာထူးတိုးခန့်ထားရန် ကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းတစ်ဦး အပေါ်မှာ အချိန်တိုအတွင်း ဆုံးဖြတ်ရန် ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ သို့သော်လည်း ပညာရေးနှင့် ပတ်သက်သောခံယူချက်၊ ကျောင်းတွင်းအုပ်ချုပ်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်မှု၊ အောင်ချက်မြင့်မားမှုနှင့် ပညာရပ်တတ်မြောက်မှုစတဲ့ အချက်များ နှင့်တိုင်းတာပြီး အမှန်တကယ် ထူးခြားစွာ ဆောင်ရွက်နိုင်သူများကိုလည်း ရာထူးတိုး ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနတွင် ကျောင်းအုပ်ကြီးများ ရာထူးတိုးဆောင်ရွက်ရာတွင် လုပ်သက်နုရင်‌့ တန်းစီဇယားသာမက အရည်အချင်းရှိသူများကိုပါစိစစ်၍ ရာထူးတိုးကိစ္စရပ်များ ဆောင်ရွက်လျက်ရှိနေပါကြောင်း ဖြေကြားပါသည်။