မိမိတို့ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီ ကို ရောက်ရှိလာသော တိုင်ကြားစာများစွာတွင် ဥပဒေရုံးများ၊ တရားရုံးများမှ လာဘ်ပေးလာဘ်ယူ ကျူးလွန်၍ ဆောင်ရွက်နေသည်ဟု တင်ပြတိုင်တန်းချက်များ များစွာရှိနေပါကြောင်း၊ တိုင်ကြားစာများတွင် တရားစတင် စွဲဆိုသည့်အချိန်မှစ၍ စွပ်စွဲခံရသူများကို အမှုတွဲစာများနှင့် မမှန်သက်သေတည်ဆောက်ပြီး အာမခံမရနိုင်သည့် ပုဒ်မများ တပ်ပြီး မြို့နယ်ဥပဒေရုံးများမှ လာဘ်ယူနိုင်သည်ဟု ယူဆနိုင်သော တိုင်ကြားချက်များ၊ အမှုသည်များအချင်းချင်း အပြန်အလှန် ကျေအေးရုပ်သိမ်းခြင်းများကို အထက်အဆင့် တိုင်းဥပဒေရုံးများအတွက်ဟုဆိုကာ ငွေတောင်းမှုများရှိနေပြီး ငွေမပေးပါက အမှန်တကယ် ရုပ်သိမ်းခွင့် မရဘဲ ပြစ်ဒဏ်ကျခံရခြင်းများ ရှိနေပါကြောင်း၊ အခြားသောလာဘ်ပေးလာဘ်ယူ တိုင်တန်းမှုများစွာ ရှိသော်လည်း ယနေ့ ပြည်သူများ၏ တိုင်ကြားမှုအပေါ် ဆောင်ရွက်မပေးနိုင်သည်မှာ သက်သေမခိုင်လုံဟူသော အကြောင်းပြချက်ဖြစ်နေပါကြောင်း၊ ပြစ်မှုလာဘ်ပေးလာဘ်ယူကျူးလွန်သူများသည် အများပြည်သူ မြင်သာအောင် ကျူးလွန်ကြခြင်းမရှိသဖြင့် သက်သေပြပြီး တိုင်တန်းရန်အခက်အခဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဥက္ကဋ္ဌကြီး မကြာခဏမိန့်ကြားသကဲ့သို့ ပြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ဥပဒေများကို ပယ်ဖျက်ပြီး မိမိတို့လွှတ်တော်က ပြည်သူကိုကာကွယ်စောင့်ရှောက်သော၊ အကျိုးပြုသော ဥပဒေများကို ပြဋ္ဌာန်းပေးပါသော်လည်း ဥပဒေကိုလက်တစ်လုံးခြားပြု၍ လာဘ်ပေးလာဘ်ယူကျူးလွန်ကာ ဆောင်ရွက်နေသဖြင့် ပြည်သူ အချို့သည် ဥပဒေ၏ အကာအကွယ်မဲ့နေသည်ကို တွေ့ရှိနေရပါကြောင်း။
သို့ဖြစ်ပါ၍ ဥပဒေရုံး၊ တရားရုံးတို့တွင် ဥပဒေကိုလက်တစ်လုံးခြားလှည့်၍လည်းကောင်း၊ ပြည်သူပေးထားသော အခွင့်အာဏာကို အလွဲသုံးစားပြုလုပ်၍ ခြိမ်းခြောက်ငွေတောင်းမှုများ ပပျောက်စေရန် သက်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဥပဒေရုံး၊ တရားရုံးများတွင် အမှုသည်အသွင်ယူ၍ စုံစမ်းဖော်ထုတ်ပေး ပါရန်နှင့် ဖော်ထုတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၄၃၊ ပုဒ်မခွဲ(က)တို့အရ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ တာဝန်ပေးအပ်လာလျှင်ဖြစ်စေ၊ ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၄၄ တို့အရ နစ်နာသူက တိုင်ကြားလာလျှင်ဖြစ်စေ စုံစမ်းစစ်ဆေးပြီး တရားရုံးသို့ တရားစွဲတင်နိုင်သည့် သက်သေခံ အထောက်အထားရရှိပါက တရားစွဲတင်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၈ တွင် ဤကော်မရှင်သည် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရဖြစ်စေ ရရှိသော အခြားခိုင်လုံသည့် သတင်းအချက်အလက်အရဖြစ်စေ၊ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တွေ့ရှိသည့်အခါ တရားစွဲတင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည့်အတွက် တရားစွဲတင်နိုင်ရေး အတွက် ခိုင်လုံသည့် သတင်းအချက်အလက် ရရှိရန် လိုအပ်ပါကြောင်း၊ ခိုင်လုံသည့် သတင်းအချက်အလက်ရရှိမှသာ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့ကော်မရှင်အနေဖြင့် ယနေ့အထိ စုံစမ်းစစ်ဆေးတရားစွဲတင်ခဲ့သည့်အမှုများမှာ လာဘ်ယူသည့် ငွေကြေးကို သက်သေခံအဖြစ် သိမ်းဆည်းနိုင်သောအမှုမှာ ၁ မှုသာရှိခဲ့ပါကြောင်း၊ ကျန်အမှုများမှာ လာဘ်ငွေအပေးအယူလုပ်စဉ်က မျက်မြင်သက်သေ၊ ပတ်ဝန်းကျင်မှ မြင်တွေ့၊ ကြားသိသက်သေ၊ လာဘ်ပေးသူနှင့် လာဘ်ယူသူတို့အကြား အပေးအယူ လုပ်ပေးသည့်သက်သေနှင့် စားသောက်ဆိုင်များတွင် ဧည့်ခံကျွေးမွေးသည်ကို မြင်တွေ့သည့်သက်သေများဖြင့်သာ တရားစွဲဆို အရေးယူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ မမြင်ကွယ်ရာတွင် ကျူးလွန်လေ့ရှိသောကြောင့် လက်ပူးလက်ကြပ် ဖမ်းမိရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါကြောင်း၊ သို့သော် ဖြစ်စဉ်မှန်ကန်မှုရှိရန်လိုအပ်ပြီး ယင်းဖြစ်စဉ်ကို မှန်ကန်ကြောင်းဖော်ထုတ်နိုင်သည့် အထောက်အထား၊ သက်သေတင်ပြနိုင်မှုရှိပါက စုံစမ်းစစ်ဆေးဖော် ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဥပဒေရုံး၊ တရားရုံး အသီးသီးတွင် အမှုသည်အသွင်ယူပြီး စောင့်ကြပ်ကြည့်ရှုကာ စုံစမ်းဖော်ထုတ် အရေးယူနိုင်ခြင်းသည် မလွယ်ကူသောကိစ္စ ဖြစ်ပါကြောင်း၊ တိုင်ကြားသည့်ကိစ္စရပ်တစ်ခုချင်းအပေါ် မူတည်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းဖော်ထုတ် အရေးယူသွားနိုင်မည်ဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်သည့် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်စိုး (ပျော်ဘွယ်) က တိုက်တွန်းပြောကြားသွားပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြည်သူများကို ကာကွယ်ပေးရန်အတွက်မည်သို့ ကာကွယ်ပေးနိုင်မည်နည်း၊ အဂတိကျူးလွန်ခြင်းသည် အများပြည်သူရှေ့တွင် ကျူးလွန်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အသွင်ယူရန်အတွက် ဥပဒေတစ်ရပ်ရေးဆွဲပြီး လွှတ်တော်ကို တင်ပြမည်ဆိုပါက ပိုပြီးအဆင်ပြေမည်ဟု ထင်မြင်မိပါသဖြင့် နောက်ပိုင်းတွင် စဉ်းစားပေးရန် မိမိအနေဖြင့် တိုက်တွန်းပြောကြားပါသည်။
