(င)-နိုင်ငံခြား‌သ‌င်္ဘေ‌ာသားများ မော်တော်ကားတင်သွင်းခွင့်ပါမစ်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆-၈-၂၀၁၁)

နိုင်ငံခြားသ‌င်္ဘောသားများသည် မော်တော်ကားတင်သွင်းခွင့်ပါမစ်ရရှိခဲ့ပြီး၊ ၎င်းတို့ရရှိသော လစာမှ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့အခွန်ငွေအဖြစ်ဒေါ်လာဖြင့် အပြည့်အဝပေးသွင်းခဲ့ရ သော်လည်း မော်တော်ကားတင်သွင်းခွင့်ပါမစ်လုံးဝမရရှိခဲ့တော့ပါ။ ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ်ကြောင့် နိုင်ငံခြားသ‌င်္ဘောသားများအဖြစ်လုပ်ကိုင်နေသော အလုပ်သမားများကို အဘယ်ကြောင့်ပိတ်ပင်ထားခဲ့ပါသနည်း။ မသိပါက စိစစ်ပြီးယခင်ခံစားမှုအတိုင်း ရရှိခံစားနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးပါမည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းမြင့်
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများအား တရားဝင်စုဆောင်းရရှိသော နိုင်ငံခြားငွေဖြင့် ပြည်ပမှမော်တော်ယာဉ်များတင်သွင်းခွင့်ကို ၁၉၉၇ ခုနှစ်အထိ မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်များခွင့်ပြုထုတ်ပေးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လမှစပြီး နိုင်ငံခြားသ‌င်္ဘော သားများအပါအဝင် တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ပါ တယ်။ လက်ရှိအခြေအနေမှာ နိုင်ငံသားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို အများပြည်သူသုံးစွဲရန်နဲ့ တည်ဆောက်ရေးလုပ်ငန်းများမှာအဓိကအသုံးပြုသော ယန္တရားကြီးများ၊ ကုန်တင်ယာဉ်ကြီးများ၊ အများသုံးလူစီးဘတ်စ်ကားကြီးများ၊ မီနီဘတ်စ်များကိုတင်သွင်းခွင့်ပြုနေပါတယ်။ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသ‌င်္ဘောသားများအပါအဝင် တရားဝင်စုဆောင်းရရှိ သောနိုင်ငံခြားငွေရှိသူနိုင်ငံသားတိုင်းအနေနဲ့ကုမ္ပဏီဖွဲ့စည်းပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားရယူပြီး မိမိရဲ့တရားဝင်နိုင်ငံခြားငွေကို ခွင့်ပြုတဲ့မော်တော်ယာဉ်များတင်သွင်းလို့ရပါ တယ်။  ကိုယ်တိုင်ကုမ္ပဏီတည်ထောင်လိုခြင်းမရှိကလည်း မိမိစုဆောင်းရရှိတဲ့နိုင်ငံခြားငွေကို ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ရရှိထားသူ လုပ်ငန်းရှင်တစ်ဦးဦးရဲ့ငွေစာရင်းကို လွှဲပြောင်းပြီး မော်တော်ယာဉ်တင်သွင်းရန် အကျိုးတူဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားပါသည်။