(ဃ)-နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်ဥပဒေနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၉-၂၀၁၁)

၁၉၄၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Foreign Exchange Federation Act ဟာဆိုလို့ရှိရင် အနည်းငယ်ပြင်ဆင် ထားသည်မှအပ အခုချိန်အထိ တည်ဆဲဥပဒေတစ်ခုဖြစ်ပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ ၅၊ ပုဒ်မခွဲ မှာ မြန်မာနိုင်ငံသားများအနေနဲ့ ကြိုတင်ခွင့်ပြုချက်လိုင်စင်ယူထားတဲ့ သူကလွဲပြီးတော့ရင် သာမန်ပြည်သူ များအနေနဲ့ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်မရှိဘူး။ ကိုင်ဆောင်ကြောင်းတွေ့ရှိလို့ရှိရင်လည်း ပုဒ်မ ၂၄၊ ပုဒ်မခွဲ အရထောင်ဒဏ်သုံးနှစ်အထိ ကျခံရမယ်လို့ဆိုထားပါတယ်။ နိုင်ငံခြားကို အကြောင်းအမျိုး မျိုးနဲ့သွားရောက်တဲ့ နိုင်ငံသားတွေအနက် နိုင်ငံတော်တာဝန်နဲ့သွားတဲ့ အထူးသဖြင့်ဝန်ထမ်း ပုဂ္ဂိုလ် မျိုးတွေကိုတော့ရင် တရားဝင်ငွေလဲနှုန်းနဲ့ထိုက်သင့်တဲ့ နိုင်ငံခြားငွေလဲလှယ်ပေးပါတယ်။ သာမန် ပြည်သူများကိုတော့ လဲလှယ်ပေးခြင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံခြားကို အကြောင်းအမျိုးမျိုးနဲ့ သွားရောက်တဲ့ သာမန်ပြည်သူများဟာ နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးနဲ့ တရားမဝင်ဈေးကွက် မှာဝယ်ယူနေရတဲ့အပြင် တည်ဆဲဥပဒေကိုချိုးဖောက်ရာလည်းရောက်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ သာမန်ပြည်သူများအနေနဲ့ လက်တွေ့မှာလဲလှယ်နိုင်ခြင်းမရှိတဲ့ အစိုးရအနေနဲ့ လည်းပဲ Law Inforcement ကို တိတိကျကျလုပ်ဆောင်နိုင်ခြင်းမရှိတဲ့ ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေ လဲလှယ်ရေး ဥပဒေကို ပြင်ဆင်ရန် ရှိ၊မရှိနဲ့ မပြင်ဆင်နိုင်သေးဘူးဆိုရင်လည်းပဲ မည်သည့်အတွက် ကြောင့်မပြင်ဆင်နိုင်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးလှထွန်း ပြည်ထောင်စုဝန်ကြီး၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အဖြေ

 ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ နိုင်ငံတော်တွင် လက်ရှိတည်ဆဲဥပဒေများအရ သာမန်ပြည်သူများအနေဖြင့် နိုင်ငံခြားငွေလက်ခံကိုင် ဆောင်ခွင့်မရှိကြောင်း၊ နိုင်ငံခြားသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်သောနိုင်ငံသားများအနက် နိုင်ငံတာဝန်ဖြင့်သွားရောက်သူများကို တရားဝင်ငွေလဲလှယ်နှုန်းဖြင့် ထိုက်သင့်သောငွေလဲလှယ်ပေး ပါသည်။ သာမန်ပြည်သူများကိုမှု လဲလှယ်ပေးခြင်းမရှိပါ။ ထိုကဲ့သို့ လက်တွေ့တွင်ဖြစ်နေသည့် နိုင်ငံရပ်ခြားသို့သွားသော သာမန်ပြည်သူများအနေဖြင့် ဥပဒေချိုးဖောက်ရာ ရောက်ပါသည်။ ပြည်သူများလက်တွေ့တွင် လိုက်နာခြင်းမရှိသောဥပဒေကို  ပြင်ဆင်ရန် ရှိ၊ မရှိ မေးမြန်းချက်နှင့် ပတ်သက်၍ ကျွန်တော် ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ရှင်းလင်းြပောကြား မှာဖြစ်ပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားသုံးငွေစည်းမျဉ်းအက်ဥပဒေပုဒ်မ   အရ မြန်မာနိုင်ငံတွင်မည်သူမဆို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာများအနေဖြင် နိုင်ငံခြားသုံးငွေ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့်ရှိပါတယ်။ မည်သူမဆို နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ရန် အကြောင်းပေါ်ပေါက်ပါက နိုင်ငံခြားသုံးငွေ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရယူပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၌ နိုင်ငံခြားငွေ လက်ခံ ကိုင်ဆောင်ခွင့်လိုင်စင် Foreign Exchange Acceptor & Holder License ကိုလျှောက်ထား ရယူကိုင်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ တရားဝင်လက်ခံကိုင်ဆောင်ရရှိ သည့်အဖွဲ့အစည်းများ (ဥပမာ- ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်ထု၊ ရုပ်ထွင်းများ ရောင်းချခြင်းလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အခြားဝန်ဆောင်မှု လုပ်ငန်းများ) ဟာ နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး Controller of Foreign Exchange ခွင့်ပြုချက်များရယူပြီး နိုင်ငံခြားငွေကို လက်ခံကိုင်ဆောင်ခွင့်လိုင်စင်များ လျှောက်ထားပြီးကိုင်ဆောင် လျက်ရှိကြပါတယ်။ ၁၉၄၇ ခုနှစ် နိုင်ငံခြားသုံးငွေစည်းမျဉ်းအက်ဥပဒေပုဒ်မ အရသည် နိုင်ငံခြား သုံးငွေအုပ်ချုပ်ရေးမှူး Controller of Foreign Exchange ခွင့်ပြုမိန့်ဖြင့် ပြည်ပသို့ နိုင်ငံခြား ငွေများယူဆောင်ခွင့်ပြုထားပါတယ်။ သာမန်ခရီးသွားအလုပ်လုပ်သူများ Show Job Seaman Job တစ်ဦးအတွက် FEC ၁၀၀ ကိုအမေရိကန်ဒေါ်လာဖြင့်လဲလှယ်ခွင့်ပြုထားပါတယ်။ ဒါ့အပြင် အလုပ် လုပ်သူလူသစ်များအတွက် FEC ၂၀၀ ကို အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ယူဆောင် ခွင့်ပြုထား ပါတယ်။ နိုင်ငံခြားငွေဘဏ်စာရင်းဖွင့်လှစ်ထားပြီး ဘဏ်စာရင်းလက်ကျန်ငွေ လုံလောက်စွာရှိသူများ ကိုမိမိတို့၏ဘဏ်စာရင်းမှ အမေရိကန်ဒေါ်လာ ၅၀၀ ကို ထုတ်ယူယူဆောင်ခွင့်ပြုထားပါတယ်။ ပြည်ပ သို့နိုင်ငံခြားငွေများယူဆောင်ရန် ခွင့်ပြုထားတဲ့ပမာဏ ထက်ကျော်လွန်သည့် ငွေပမာဏကိုယူဆောင် သွားရန်လိုအပ်ပါက ကိစ္စရပ်အလိုက် အကျိုးအကြောင်း ပြည့်စုံစွာဖော်ပြပြီး နိုင်ငံခြားသုံးငွေ အုပ်ချုပ်ရေးမှူး Controller of Foreign Exchangeနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုအဖွဲ့ Foreign Exchange Board အာဏာပိုင်များထံ တင်ပြခွင့်ပြုချက်ရယူ ယူဆောင်သွားနိုင်ပါတယ်။ ယခု အခါတွင် နိုင်ငံရပ်ခြားသို့ သွားသောပြည်သူများအနေဖြင့် သွားရောက်သည့် ကိစ္စရပ်အလိုက် သုံးစွဲရန် အတွက်ထိုက်သင့်သော နိုင်ငံခြားငွေပမာဏကို လဲလှယ်ယူဆောင် သွားနိုင်ခွင့် ၊၎င်းတို့၏ နိုင်ငံခြားငွေ ဘဏ်စာရင်းမှထုတ်ယူပြီး ယူဆောင်သွားနိုင်ခွင့်အား ပြင်ဆင် ခွင့်ပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းလည်းတင်ပြလိုပါတယ်။ လက်ရှိတွင် နိုင်ငံခြားသို့ အကြောင်းအမျိုးမျိုးဖြင့်သွား ရောက်ကြသော နိုင်ငံသားအများအနက် နိုင်ငံတော်၏တာဝန်ဖြင့် သွားရောက်သူများကို တရားဝင်ငွေ လဲလှယ်နှုန်းဖြင့် ထိုက်သင့်သောငွေလဲလှယ်ပေးပြီး သာမန်ပြည်သူများကို လဲလှယ်ပေးနိုင်ခြင်းမရှိ သဖြင့် သာမန်ပြည်သူများအနေဖြင့် မိမိတို့လိုအပ်သည့် နိုင်ငံခြားငွေကို တရားမဝင်ယူဆောင်သွား မှုများလည်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်ပေါင်းစည်းရေး Exchange  Rate Unification ဆောင်ရွက်ပြီးပါက ငွေလဲလှယ်နှုန်း တစ်မျိုးတည်းသာရှိလာတော့မှာ ဖြစ်တဲ့အတွက် မည်သူမဆို ၎င်းလဲလှယ်နှုန်းဖြင့်သာ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်း ရေး Exchange  Rate Unification ကို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်း တင်ပြလိုပါတယ်။

          တည်ဆဲနိုင်ငံခြားသုံးငွေ လဲလှယ်မှုစည်းမျဉ်းအက်ဥပဒေ ၁၉၄၇ ခုနှစ်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသာ ဥပဒေများတွင်ပါဝင်တဲ့အတွက် ခေတ်ကာလနှင့် မကိုက်ညီ သည့် ပြဋ္ဌာန်းချက်များအား ခေတ်ကာလနှင့်ကိုက်ညီစေရန် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်အတွက် ပြင်ဆင်ရေးဆွဲလျက်ရှိပြီး၊ ပြင်ဆင်ရေးဆွဲချက်ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့်ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။