(ည)-ရစ်ကန်ကြီးနှင့် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

ပဲခူးကနေပြီးတော့ ပဲခူး- သနပ်ပင်-ကမာစဲ-သက္ကလ-ခရမ်း-သုံးခွ-သန်လျင်ကားလမ်းမကြီးဟာ ဟိုတုန်းကဆိုလို့ရှိရင် ရထားလမ်းပါ။ အဲဒီရထားလမ်းကို ၁၉၄၃ ခု ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေကနေ ရထားလမ်းသံလမ်းတွေ ဖြုတ်ပြီးတော့ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်မှာ ရထားလမ်းဖောက်တဲ့အခါ အသုံးပြုလိုက်ပါတယ်။ အသုံးပြုလိုက်တဲ့အတွက်ကြောင့် အဲဒီရထားလမ်း ဟာကားလမ်းဖြစ်ပါတယ်။ ကားလမ်းဖြစ်ခဲ့သည်နဲ့အမျှ အဲဒီလမ်းမှာရှိတဲ့ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ် ခုနစ်မြို့နယ်ဟာဆိုလို့ရှိရင် စပါးစိုက်ဧကပေါင်း ၁၃ သိန်း လောက်ရှိပါတယ်။ အဲဒီ ၁၃ သိန်း လောက်ရှိတော့ စပါးတော်တော် ထွက်ပါတယ်။ တော်တော်ထွက်တဲ့အတွက်ကြောင့် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်က အဲဒီရထားလမ်းဖောက်ပြီးတော့ စပါးတွေသယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ သယ်ခဲ့သလို ဒီဘက်ပိုင်းမှာလည်း ကားလမ်းဟာ အခုဆိုရင် ကတ္တရာလမ်းပါ။ ကားလမ်းရှိသလို သနပ်ပင် မြို့နယ်ဟာဆိုရင် ပဲခူးနဲ့ခုနစ်မိုင်ပဲဝေးပါတယ်။ ခုနစ်မိုင်ပဲဝေးသလို သနပ်ပင်မြို့ဟာ     ၁၉၅၆-၁၉၅၇ လောပိတရေအားလျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့ဆိုတာ အဲဒီကတည်းကနေပြီးတော့ သနပ်ပင်မြို့ဟာ မီးလင်းနေတာဖြစ်ပါတယ်။ အဲဒီတော့ သနပ်ပင်နဲ့ ငါးမိုင်ပဲကွာတဲ့ ကမာစဲ ကျေးရွာ၊ အိမ်‌ြခေ ၁၀၀၀ ရှိပါတယ်။ အထက်တန်းကျောင်းရှိပါတယ်။ အခုထိမီးမလင်းသေးပါဘူး။ နောက်တစ်ခါ အဲဒီကမာစဲကနေပြီးတော့ နောက်ထပ် ငါးမိုင်သွားလို့ရှိရင် ရစ်ကန်ကြီးကျေးရွာဆို တာရှိပါတယ်။ ကျေးရွာဟာ သုံးရွာပေါင်းထားပါတယ်။ သုံးရွာကအိမ်‌ြခေ ၁၂၀၀ ရှိပါတယ်။ အဲဒီ ရစ်ကန်ကြီးကနေ နောက်ထပ် ငါးမိုင်သွားရင်တော့ အုန္နဲ၊ အုန္နဲဆိုတာလည်း မီးလင်းနေပါပြီ။ နောက်တစ်ခါ အုန္နဲကနေ ငါးမိုင်သွား လို့ရှိရင် သက္ကလ၊ သက္ကလကလည်း မီးလင်းနေပါပြီ။ ဒီကားလမ်းပေါ်မှာ ဒီရွာကြီးနှစ်ရွာဟာ မီးမလင်းသေးတဲ့အတွက်ကြောင့် အဲဒီရွာ နှစ်ရွာမီးလင်း ဖို့အတွက် မီးရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ကျွန်တော် တင်ပြရခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာနှင့် သနပ်ပင်မြို့နယ်၊ ကမာစဲ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာရှိ အိမ်ခြေ ၁၁၆၁ အိမ်အား ဓာတ်အားရရှိရန်အတွက် ကဝမြို့နယ်၊ ခဲမပြင်ကျေးရွာ ၁၁ ကေဗွီဓာတ်အားလိုင်းမှ ဆက်လက်၍ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၅.၅ မိုင် ဆွဲထားခြင်း၊ ၁၁/၀၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံး တည်ဆောက်ခြင်းနှင့် ကျေးရွာအတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃ မိုင်ခန့် တည်ဆောက်ရမှာဖြစ်ပြီး အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအတွက် စုစုပေါင်းကုန်ကျငွေ သိန်း ၂၀၀၀ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ အိမ်ခြေ ၁၀၁၉ အိမ်အား လက်ရှိတွင် ၅၀ ကီလိုဝပ် စပါးခွံဓာတ်အားပေးစက်ဖြင့် တစ်ရက်လျှင် ၁၈ နာရီမှ ၂၁ နာရီအထိ ၃ နာရီခန့်ဓာတ်အား ပေးလျက်ရှိကြောင်းသိရှိရပါတယ်။ ကမာစဲကျေးရွာကို ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရန်အတွက် သနပ်ပင်မြို့ ၃၃/၁၁ ကေဗွီ၊ ၃ အမ်‌ဗွီအေဓာတ်အား ခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆ မိုင်ဆွဲခြင်း၊ ၁၁/၀၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်းနှင့် ကျေးရွာအတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း ၂ မိုင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းအတွက်လည်း စုစုပေါင်းကုန်ကျငွေ သိန်း ၂၀၀၀ ကျော်ခန့်ကုန်ကျနိုင်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် တစ်ဝန်းလုံး လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရန်အတွက် မဟာဓာတ်အားလိုင်းကြီးများ၊ ပင်မဓာတ်အား ခွဲရုံကြီးများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများကို နိုင်ငံတော်မှ နှစ်စဉ် ရရှိတဲ့ ရန်ပုံငွေဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းလုံးရှိ ဓာတ်အားမရသေးတဲ့ ကျေးရွာများအား ဓာတ်အားပေးနိုင်ရန်အတွက် နှစ်စဉ်ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ ရန်ပုံငွေခွင့်ပြုချက်ပေါ်မူတည်ပြီး ကျေးရွာမီးလင်းရေးများကို ထည့်သွင်းဆောင်ရွက် ပေးသွားနိုင်ရန် လည်း စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ကျေးရွာနှစ်ရွာအတွက် ဆောလျင်စွာ လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်ပါက အခြားကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီများ ဆောင်ရွက်တဲ့ ကျေးရွာများနည်းတူ ဒေသအာဏာပိုင်များ သဘောတူညီချက်ရရှိပြီး ပြည်သူ လူထုမှ ခိုင်ခိုင်မာမာဖွဲ့စည်းထားတဲ့ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးလျှောက်ထားရန်လိုအပ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့လည်း မူဘောင်သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေး သွားမှာဖြစ်ပြီး နည်းပညာပိုင်းများကို ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါကြောင်းဖြေကြားပါသည်။