မာန်အောင်ကျွန်းဟာ ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းသူ၊ ကျွန်းသားများအားလုံး ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်ပြီး သီးသန့်ကျွန်း လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကျွန်းသူ၊ ကျွန်းသားများဟာ ရခိုင်ပြည်နယ်နှင့် လည်းကောင်း၊ ပြည်မ နှင့်လည်းကောင်း ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးနေရသောကျွန်းဖြစ်ပါတယ်။ ကျွန်းသူ၊ ကျွန်းသားများအားလုံး ရိုးသားကြပြီး ပွင့်လင်းဖော်ရွေမှုရှိကြပါတယ်။ ကျွန်တော်တို့ကျွန်းပေါ်မှာ အဓိကအားဖြင့် ဆန်စပါးထွက်ရှိပြီး ရေထွက်ပစ္စည်းများဖြစ်တဲ့ ငပိ၊ ငါးခြောက်၊ ပုဇွန်၊ ပုဇွန်ခြောက်၊ မာကန်ကျောက်ပုဇွန်ခေါ်တဲ့ မာကန်နှင့် အခြားကွမ်းသီး၊ အုန်းသီး၊ ပဲ၊ နှမ်း၊ ငရုတ်နှင့် ကြက်သွန်များ ထွက်ရှိပါတယ်။ ခရီးလမ်းပန်းအခက်အခဲကြောင့် ခရီးစရိတ်ကုန်ကျမှုကများနေတဲ့ အတွက်ကြောင့် ဈေးရသင့်သလောက် ဈေးမှန်အတိုင်းမရကြဘဲ ဝယ်လက်ရဲ့ဆုံးဖြတ်ချက်အတိုင်း ရောင်းကြရပါ တယ်။ ကျွန်တော်တို့ကျွန်းဟာ ဝေးလံခေါင်းပါး ဒေသမှာပါဝင်ပြီးတော့ နေတဲ့အတွက်ကြောင့် စက်ရုံ၊ အလုပ်ရုံမရှိပါဘူး။ စက်မှုလက်မှုလည်း မတိုးတက်ပါဘူး။ မထွန်းကားပါဘူး။ မနေ့က ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးသွားတဲ့ နာဂတိုင်းရင်းသားများနေထိုင်တဲ့ လေရှီး၊လဟယ်၊နန်းယွန်းတို့လိုပဲ ဆင်းရဲနေကြတာများပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မာန်အောင်ကျွန်းမှာ လယ်ယာလုပ်ငန်းအဓိကဖြစ်ပြီးတော့ လယ်ဧက ၃၀၀၀၀ ကျော်ရှိပေမယ့် စက်မှုလယ်ယာလုံးဝမရှိပါဘူး။ လယ်ထွန်စက်၊ ကောက်ရိတ်စက်၊ ပေါင်းလိုက်စက်စသည်ဖြင့် စက်များကိုမမြင်ဘူးသေးတဲ့ လယ်သမားများ အများအပြားရှိပါတယ်။ ဘိုးဘွားဘီဘင်လက်ထက်ကစပြီး ယခုအချိန်အထိ မိရိုးဖလာ သမာရိုးကျအတိုင်း ယနေ့တိုင် ကျွဲ၊ နွားကိုသာ အဓိကထားပြီးတော့ အားကိုးထွန်ယက် လုပ်ကိုင်နေကြပါတယ်။ ဒီနေ့ စပါးအထွက်နှုန်းကို ကြည့်လျှင် စပါးတစ်ဧကကို ၃၅ တင်းကနေပြီးတော့ တင်း ၄၀ အများဆုံးထွက်ပါတယ်။ ဓာတ်မြေ သြဇာသုံးစွဲခြင်းက မရှိသလောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မာန်အောင်ကျွန်းဟာ မြို့နယ်မှာပါတဲ့ ရဲကျွန်း၊ တိုက်ကျွန်းအပါအဝင် မြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃၈ ရွာ၊ လူဦးရေ ၁၀၀၀၀၀ ခန့် နေထိုင်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျွန်တော်တို့ မာန်အောင်ကျွန်းမှာ ကျွန်းပတ်လမ်းဖောက်ပြီးတော့ ၅၂ မိုင်ဝေးတဲ့ မြေသားလမ်းကို ဒုတိယဗိုလ်ချုပ်ကြီးကိုကို ယခု ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျောက်ချော လမ်းနှင့်ကတ္တရာလမ်းဖြစ်ရန် တင်ပြထားခြင်း ဖြစ်ပါတယ်။ အခု ကျွန်တော် အဓိကတင်ပြလိုတာ ကတော့ လယ်ယာမြေမြေကွက်အသစ် ဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ ကျွန်းမှာ အများအားဖြင့်ရွှံ့စေးကနည်းပါတယ်။နုန်းမြေနည်းနည်းနဲ့သဲမြေကများပါတယ်။ အဲဒါမာန်အောင်ကျွန်း မှာ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်တို့မှာရှိတဲ့ပေ ၁၀၀၀ ပတ်ဝန်းကျင်မြင့်တဲ့ ဗျိုင်းတောင်၊ ကြက်ကင်တောင်၊ ခမောင်တောင်နဲ့ ပုလဲငူတောင်များအားလုံး အလျား ၁၀ မိုင်၊ အနံ လေးမိုင် ခန့်အတွင်းမှာ ဒီပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သစ်တော၊ သစ်ပင်ကြီးများကို ထိခိုက်မှုမရှိစေဘဲ မြေယာကွက်သစ် အသစ်များဖော်ထုတ်မည်ဆိုလျှင် လယ်ဧက ၈၀၀၀မှ ၁၀၀၀၀အထိ ဖော်ထုတ်ရရှိ နိုင်ကြောင်းကိုခန့်မှန်းရရှိပါတယ်။ အထက်ပါဖော်ပြတဲ့ မြေယာကွက်သစ်ဖော်ထုတ်ရန်လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော လုပ်အားများကို ကျွန်တော်တို့ မာန်အောင်ကျွန်းအတွင်းရှိ ကျေးရွာများမှာ ရရှိနိုင်ပါတယ်။ တကယ်မရှိမဖြစ်တဲ့ မြေတူးစက်၊ မြေထိုးစက်၊ မြေကော်စက်စတဲ့ ယန္တရားစက်များရရှိမှသာ လယ်ယာမြေကွက်သစ်များ ဖော်ထုတ်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြို့နယ်အတွင်း မြေရိုင်းများကိုအခြေခံပြီး လယ်ယာမြေအသစ်များပေါ်ပေါက်လာပါက လယ်သမား များအတွက် လယ်ယာလုပ်ပိုင်ခွင့်မြေနေရာရရှိကာ ဆန်စပါးများနှင့် အခြား ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ ကြက်သွန်တို့ပါ တိုးတက်ထွက်ရှိပြီး ဆင်းရဲနွမ်းပါးမှုနည်းလာမည်ဖြစ်တဲ့အတွက်ကြောင့် လယ်ယာ မြေကွက်အသစ်များ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်နှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း ဖြေကြားပါသည်။
ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်ရဲ့ အနောက် တောင်ဘက်နဲ့ အနောက်မြောက်ဘက်အကြားရှိ ဗျိုင်းတောင်၊ ဘုန်းကြီးတောင်၊ ကြက်ကင်တောင်၊ ခမောင်တောင်နဲ့ ပုလဲငူတောင်များ၏ အရှေ့ဘက်အလျား ၁၀ မိုင်ခန့် အနံ လေးမိုင်ခန့်အတွင်း တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တော၊ သစ်ပင်ကြီးများကို ထိခိုက်မှုမရှိစေရန်အပြင် လယ်ယာမြေသစ်များ ဖော်ထုတ်ပေးနိုင်မည်ဖြစ်ပါက ဧက ၈၀၀၀ မှ ၁၀၀၀၀ ကြားအထိ တိုးတက်ရရှိနိုင်မည့်အခြေအနေ အလားအလာကို ဖော်ပြထားကြောင်းတွေ့ရှိရ ပါတယ်။ နိုင်ငံတော်အစိုးရသစ်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိလယ်မြေ များကို တစ်ဧကအထွက်နှုန်းတိုးတက်လာစေရန် စက်မှုလယ်ယာစနစ်သို့ အပြည့်မဟုတ်သည့်တိုင် အောင်တစ်စိတ်တစ်ပိုင်း ပြောင်းလဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ဧက အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးစေ့များပြောင်းလဲအသုံးပြုနိုင်ရေးအပါအဝင် နည်းပညာ သစ်များ၊ စိုက်နည်းစနစ်များ တောင်သူလယ်သမား လက်ဝယ်သို့ရောက်ရေး၊ သီးနှံအမယ်အလိုက် တောင်သူများတွက်ခြေကိုက်စေရေးအပါအဝင် အဖက်ဖက်မှစွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်နေ ပါကြောင်းလည်းပဲ ကိုယ်စားလှယ်တော်ကြီးအား တင်ပြအပ်ပါတယ်။
နိုင်ငံနှင့်အဝန်းတည်ဆောက်ပြီးဖြစ်နေတဲ့ ဆည်မြောင်း၊ တာတမံလုပ်ငန်းများမှာ တည်ဆောက် ရန်ကျန်ရှိနေသေးတဲ့ မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်ရမယ့် ဆည်ရေသောက်စနစ်၊ ရေမြောင်းစနစ်များ တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းများကိုလည်းပဲ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ရန်အတွက် ဆောင်ရွက်ရန် ကျန်ရှိနေမှုရှိပါတယ်။ လက်ရှိမာန်အောင်မြို့နယ်အတွင်းမှာ နေထိုင်လျက်ရှိနေတဲ့ လူဦးရေ ၁၀၀၀၀၀ ခန့်ရှိပြီးတော့မှ စိုက်ပျိုးမြေဧကဟာ စုစုပေါင်း ၃၀၀၀၀ ကျော်ခန့်ရှိနေတဲ့အတွက်ကြောင့်လည်းပဲ လက်ရှိလူဦးရေနဲ့ လယ်မြေဧက အသုံးပြုနိုင်မှုအချိုးအစားမှာ လုံလောက်သင့်တင့်မျှတမှု ရှိနေကြောင်းကိုလည်းပဲ နှိုင်းယှဉ်တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာကဏ္ဍအပါအဝင် နိုင်ငံနှင့်အဝန်း နိုင်ငံတော်ကာကွယ်ရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံတိုးတက်ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်း များအရ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ခွင့်ပြုပေးလျက် ရှိနေပါတယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့တဲ့မာန်အောင် မြို့နယ်အတွင်း လယ်မြေ၊ယာမြေအကွက်သစ်များကို စက်ယန္တရားကြီးများဖြင့် ဖော်ထုတ်ရန်လုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် အထူးအလေးထားပြီး မှတ်သားထားရှိမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေ ခွင့်ပြုပေးနိုင်မှုနှင့် စက်ယန္တရားများအား ဖြန့်ခွဲအသုံးပြုနိုင်မှု အခြေအနေအချိန်အခါတွင် ဆက်လက် အကောင်အထည်ဖော်ပေးရန် လုပ်ဆောင်သင့်သောလုပ်ငန်းအဖြစ် မှတ်တမ်းတင်ထားရှိမှာဖြစ်ပါ ကြောင်းသိရှိနားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ဖြေကြားအပ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်အပေါ် လေးစားသောအားဖြင့် မြို့နယ်တွင်း လိုအပ်လျက်ရှိတဲ့ စက်ယန္တရားများအပေါ်မှာ မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိတဲ့ စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်တပ်ဆင်အသုံးပြုလျက်ရှိသော လက်တွန်းထွန်စက်ငယ်များ၊ ကောက်ရိတ်စက်ငယ်များ၊ ချွေလှေ့စက်ငယ်များအား သက်သာသောဈေးနှုန်းထားဖြင့် မာန်အောင်မြို့နယ်ရဲ့ လိုအပ်ချက်အပေါ် မှာ အရစ်ကျငွေပေးသွင်းသောစနစ်ဖြင့် အထူးကိစ္စတစ်ရပ်အနေနဲ့ ရောင်းချပေးရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါတယ်။ စက်များမောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် သင်တန်း အသီးသီးကိုလည်း အခမဲ့မိတ္ထီလာစက်မှုလက်မှု၊ စက်မှုလယ်ယာသင်တန်းကျောင်းမှာ သင်တန်းသား များစေလွှတ်နိုင်သလောက်ကို အခမဲ့လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါကြောင်းလည်းပဲ ဖြေကြားလိုပါ တယ်။ စက်ငယ်များဝယ်ယူ အသုံးပြုပါကလည်းပဲ ပြုပြင်ထိန်းသိမ်းနိုင်မယ့် Workshop ငယ်များကို လည်းပဲ မြို့နယ်အတွင်း ထူထောင်ပေးပါမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
