ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့လေးဟာ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းမပေါ်မှာရှိတဲ့ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့ငယ်လေးတစ်မြို့ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၅၁၈ ပေမှာတည်ရှိပြီးတော့မှ သဘာဝအရင်းအမြစ်ကောင်းတွေ ဖြစ်တဲ့ တောတောင်၊ လျှိုမြောင်၊ ချိုင့်ဝှမ်း၊ မြစ်ရေ၊ ချောင်းရေများ အင်မတန်မှပေါများလှပါတယ်။ မိုင်းပြင်းမြို့ဟာ ရပ်ကွက်သုံးရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၃၁ အုပ်စုရှိပါတယ်။ မိုင်းဆတ်ခရိုင် အတွင်းမှာတည်ရှိပြီးတော့ များသောအားဖြင့် တောင်သူလယ်သမား၊ လယ်ယာလုပ်ကိုင်သူများနဲ့ အသက်မွေးဝမ်းကျောင်း ရှာနေကြတဲ့ပြည်သူလူထုအများအပြားရှိပါတယ်။ ကျေးရွာမှာကတော့ လျှပ်စစ်စွမ်းအားအတွက် တရုတ်နိုင်ငံကလုပ်တဲ့ အသေးစားရေအားလျှပ်စစ်လေးနဲ့ တစ်နိုင်တစ်ပိုင် ထုတ်လုပ်ပြီး ကျေးရွာမှာမီးလင်းသော်ငြားလည်း ကျွန်တော်တို့ရဲ့မြို့ပေါ်မှာ မြို့ပေါ်သုံးရပ်ကွက်၊ အိမ်ထောင်စု ၈၈၄ အိမ်ထောင်စုအတွက် မြို့ရဲ့မီးလင်းရေးဆိုပြီးတော့ ဒီဇယ်အင်ဂျင်နဲ့ လျှပ်စစ်မီး မောင်းပြီးပေးတဲ့အခါမှာ အင်ဂျင်ချို့ယွင်းသွားလို့ရှိရင် သုံးလေးငါးရက်ကြာပြီးတော့ မြို့လေးဟာ တိုးတက်သင့်သလောက် မတိုးတက်ဘဲနဲ့ မဟူရာညလိုမျိုး မှောင်မည်းသွားတဲ့အပိုင်းလေး ရှိပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ကျွန်တော်တို့ မိုင်းပြင်းမြို့လေးကို ၂၄ နာရီကြာမီးပေးနိုင်မယ့် ရေအားလျှပ်စစ်အခြေအနေ ထုတ်လုပ် ပေးနိုင်ခြင်းအစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိတဲ့အခါကျတော့ မည်သည့်အချိန်မှာ ဆောင်ရွက်ပေးမယ်၊ မရှိတဲ့အခါကျတော့ ဘာကြောင့်အစီအစဉ်မရှိသေးသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းပြင်းမြို့နယ် အားလက်ရှိအခြေအနေမှာ အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ၁၅၀ ကေဗွီအေ စကိုဒါဒီဇယ်ဓာတ်အားပေးစက်တစ်လုံးနဲ့ မက္ကာလာရင် ၆၈.၇၅ ကေဗွီအေဒီဇယ်ဓာတ်အားပေးစက်တစ်လုံးဖြင့် လစဉ်ဒီဇယ်ဆီ ၁၃၅၀ ဂါလန်အသုံးပြုပြီး မီးသုံးသူ ၂၄၈ ဦးကို တစ်ရက်လျှင် ၃ နာရီခန့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ မိုင်းပြင်းမြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးနိုင်ရေးအတွက် နိုင်ငံတော် မှတပ်ဆင်အင်အား ၂၀၀ မဂ္ဂါဝပ်ရှိတဲ့ နမ့်ခ၊ ၉၆ မဂ္ဂါဝပ်ရှိ ကျိုင်းတုံ၊ ၂၅ မဂ္ဂါဝပ်ရှိ ဝမ်တာပင်း၊ ၁၆၅ မဂ္ဂါဝပ်ရှိ ဆိုလူး၊ ၅၀ မဂ္ဂါဝပ်ရှိတဲ့ မိုင်းဝ၊ ၂၈ မဂ္ဂါဝပ်ရှိ ကျိုင်းရမ်း၊ ၈၈ မဂ္ဂါဝပ်ရှိ ဟီလူးရေအား လျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် စီမံကိန်းများချမှတ်ပြီးတော့ စတင်ပြီးတော့ တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းများနဲ့ ဆက်စပ်ပြီး ဒေသအတွင်းဓာတ်အားကွန်ရက်စနစ်တစ်ခု တည်ဆောက်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသ တစ်ခုလုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နဲ့ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်သွား နိုင်ရန်အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းများ ဖြစ်တဲ့ နမ့်ခ-မိုင်းပြင်း ၃၂ မိုင်၊ ကျိုင်းတုံရေအားလျှပ်စစ်စက်ရုံမှ ဝမ်တာပင်း ရေအားစက်ရုံ ၂၈ မိုင်၊ ဝမ်တာပင်း-ကျိုင်းတုံ ၂၂ မိုင်၊ ဆိုလူး-ကျိုင်းတုံ ၂၅ မိုင်၊ မိုင်းဝ-ဆိုလူး ၂၃ မိုင်၊ ကျိုင်းတုံ-မိုင်းဆတ် ၁၀၈ မိုင်၊ ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် ၁၂၀ မိုင်စတဲ့ မဟာဓာတ်အားလိုင်း စီမံကိန်းများအပြင် မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ တာချီလိတ်တို့မှာ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံကြီးများ တည်ဆောက်ရန် စီမံကိန်းများ ချထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၆၆ ကေဗွီဓာတ်အားလိုင်းများနဲ့ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများလည်း တည်ဆောက်သွားရန် စီမံကိန်းများချ ထားပြီးဖြစ်ပါတယ်။ အဆိုပါစီမံကိန်းများဟာ အချိန်ကာလတစ်ခုယူ၍ အကောင်အထည်ဖော်ဆောင် ရွက်မှာဖြစ်ပြီး လက်ရှိမိုင်းပြင်းမြို့မှာ တိုးတက်လာတဲ့ လျှပ်စစ်ဓာတ်အားအသုံးပြုသူများကိုလုံလောက် စွာဖြည့်ဆည်းပေးနိုင်ရန် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၁၅၀ ကေဗွီအေဒီဇယ်ဓာတ်အားပေးစက် အသစ်တစ်လုံး ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြေကြားပါသည်။
