ယခုအခါ ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ နေအိမ်ခြံဝင်းများအတွက် ဂရန်အသစ် လျှောက်ထားခြင်း၊ အမည်ပြောင်းခြင်း၊ သက်တမ်းတိုးခြင်းများ အတွက်ဆိုင်းငံ့ထားသည်ဟု သိရ ပါတယ်။ ထိုသို့ ဆိုင်းငံ့ကြန့်ကြာမှုကြောင့် ပြည်သူလူထုမှာ အခက်အခဲများ ဖြစ်နေရပါတယ်။ ဂရန်မှာ ပြည်သူလူထုအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထား တစ်ရပ်အနေဖြင့်လည်းကောင်း၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထားကိုပြကာ ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ်များတွင် ငွေချေးငှားရာ၌ အသုံးဝင်ပါသည်။ ဂရန်ထုတ်ပေးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များပါ အခန်း(၈) ဥပဒေ ပုဒ်မ ၃၇၁ အရ နိုင်ငံတော်သည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်းအစရှိသည်တို့ကို ရရှိစေရန် ကူညီမည်ဟူသောစကားရပ်ကို အကောင်အထည် ဖော်ပေးခြင်းလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဂရန်အသစ်လျှောက်ထားခြင်း၊ အမည်ပြောင်းခြင်း၊ သက်တမ်းတိုးခြင်းများကို ယခင်ကဲ့သို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ပေးစေပါက ပို၍မြန်ဆန်ကာ အဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။ ယခုတင်ပြသကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်၊ မပေးနိုင်သိရှိလိုပါသည်။ ပေးနိုင်မည်ဆိုပါကလည်း ဘယ်တော့လောက် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၊ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတ ပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟုပြဋ္ဌာန်းထားပါသည်။ ဒီပြဋ္ဌာန်းချက်တွေနဲ့အညီ နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်မြေသယံဇာတတွေဖြစ်တဲ့ မြို့နယ်ကျေးရွာမြေတွေ၊ မြေယာတွေ၊ မြေလွတ်မြေရိုင်းတွေ စီမံ ခန့်ခွဲဖို့အတွက် ဝန်ကြီးဌာနအလိုက် တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို အပ်နှင်းထားပြီးတော့ ခေတ်ကာလ နှင့်အညီ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်နိုင်ဖို့ ဥပဒေကြမ်းတွေ ရေးဆွဲလျက်ရှိပါတယ်။ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ၁၈၇၆ ခုနှစ် မြေနဲ့အခွန်နည်းဥပဒေ၊ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနဲ့အခွန် စည်းမျည်းစည်းကမ်းဥပဒေနဲ့ နည်းဥပဒေများ၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နယ် ကျေးရွာမြေများဥပဒေ၊ ၁၉၀၇ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နယ်ကျေးရွာများ နည်းဥပဒေပါ ပြဋ္ဌာန်း ချက်များနဲ့အညီ မြေတစ်ဧကအထိ အကျယ်အဝန်းကို ခရိုင်အုပ်ချုပ်ရေးမှူးက ထောက်ခံတင်ပြ၍ လည်းကောင်း၊ မြေတစ်ဧကမှငါးဧကအထိအကျယ်အဝန်းကို တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အုပ် ချုပ်ရေးမှူးမှ ထောက်ခံတင်ပြပြီးတော့ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်း အဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ မြေငါးဧကအထက်အကျယ်အဝန်းကို အထွထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ထောက်ခံတင်ပြပြီး ပြည်ထဲရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှလည်းကောင်း၊ မြေငှားဂရန်များ ချထားဆောင်ရွက်လျက်ရှိပါတယ်။ သို့ရာတွင် တစ်စုံ တစ်ရာအငြင်းပွားဖွယ်ရာရှိပါက မြေအကျယ်အဝန်း မည်မျှပင်ရှိစေကာမူ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးထံသို့ အဆင့်ဆင့်တင်ပြ သဘောထားရယူပြီး စိစစ်ပြီးမှသာ မြေဂရန်များချထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြေကြားပါသည်။
