(ဃ)-မြဝတီ-ဘားအံလမ်းပိုင်းနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၁-၉-၂၀၁၁)

မြန်မာနိုင်ငံရဲ့စီးပွားရေးအချက်အခြာ ကျပြီး ရန်ကုန်မြို့နဲ့ ဆက်သွယ်နိုင်တဲ့ နယ်စပ်ဝင်ပေါက်များအနက် မြဝတီ-ဘားအံ-ရန်ကုန်လမ်းဟာ အတိုဆုံးလမ်းဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍကကြည့်မယ်ဆိုရင် မဟာဗျူဟာမြောက်လမ်းဖြစ်တာ မည်သို့မှမငြင်းဆိုနိုင်သောအချက်ဖြစ်ပါတယ်။ မြဝတီ-ဘားအံ-ရန်ကုန်လမ်း တစ်လျှောက်ကိုကြည့်ရင် ဘားအံ-ရန်ကုန်လမ်းသည် အလွန်အဆင်ပြေစွာသွားလာနိုင်ပြီဖြစ်သဖြင့်  ငါးနာရီ၊ ခြောက်နာရီအတွင်း ခရီးပေါက်နိုင်ပြီဖြစ်ပါတယ်။ ဒါကိုလည်း ဒေသခံများက နိုင်ငံတော်အပေါ်အလွန်ကျေးဇူးတင် နေကြောင်းသိရှိရပါတယ်။ မြဝတီ-ဘားအံခန့်မှန်း မိုင် ၁၀၁ မိုင်ကတော့ ယခုမိုးရာသီမှာ ပို၍ပင် အခြေအနေဆိုးလာတာတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ မြဝတီ-ဘားအံလမ်းပိုင်းအား-

(၁)     မည်သည့်ကုမ္ပဏီ သို့မဟုတ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဆောက် လုပ်နေကြောင်း၊

(၂)     စီမံကိန်းစတင်ချိန်နှင့် ပြီးဆုံးချိန်ကိုသိလိုပါကြောင်း၊

(၃)     နှစ်ရှည်လုပ်ငန်းပြီးဆုံးရမယ့်ပမာဏနှင့် အရည်အသွေးစိစစ်ကြီးကြပ်မှု ရှိ၊ မရှိနှင့်

(၄)     စီမံကိန်းမပြီးမီ လမ်းအသုံးပြုခကောက်ခံ၍ ရ၊ မရ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြဝတီ-ဘားအံ လမ်းအပိုင်းအား မည်သည့်ကုမ္ပဏီ သို့မဟုတ်  ပဆငမှ လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ B.O.T စနစ်ဖြစ်ပါက စီမံကိန်းစတင်ချိန်နှင့် ပြီးဆုံးချိန်သိလိုကြောင်း၊ နှစ်စဉ်လုပ်ငန်းများပြီးဆုံးရမည့်ပမာဏ၊ အရည်အသွေးစိစစ်ကြီးကြပ်မှု ရှိ၊ မရှိ သိလိုပါကြောင်းနဲ့ စီမံကိန်းမပြီးမီ လမ်းအသုံးစရိတ်ကောက်ခံ၍ ရ၊ မရ မေးမြန်းထားတာကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကရင်ပြည်နယ်ရှိ မြဝတီ-ဘားအံလမ်းဟာ AK ကုမ္ပဏီကို B.O.T စနစ်နဲ့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ၂၃-၉-၂၀၀၉ ကနေပြီးတော့ B.O.T စတင်ပေးတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းနဲ့ ပတ်သက်လို့တင်ပြရရင် ဘားအံမြို့နယ်အပိုင်းမှာ သံလွင်တံတား (ဘားအံ)မှာချဉ်းကပ်လမ်းက ၅ မိုင် နဲ့ ၃ ဖာလုံရှိပါတယ်။ ဘားအံ- ပိုင်ရမ်းလမ်းက ၂ မိုင်နဲ့ ၃ ဖာလုံရှိပါတယ်။ နောင်လုံ- ပိုင်ရမ်းလမ်းက  ၄ မိုင်ရှိပါတယ်။ ဘားအံနဲ့ ထုံးအိုင်လမ်းက ၃ မိုင်နဲ့ ၂ ဖာလုံ ရှိပါတယ်။ ဘားအံ- လှိုင်းဘွဲလမ်းက       ၂ မိုင် ၆ ဖာလုံ၊ ဘားအံ-နောင်လုံ-ဂျိုင်းလမ်းက ၃၅ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ ကော့ကရိတ်မြို့နယ် အပိုင်းကိုတင်ပြရလျှင် ဂျိုင်း - ကျုံဒိုးလမ်းက ၂ မိုင်နဲ့ ၂ ဖာလုံ၊ ကျုံဒိုး - လှိုင်းဘွဲလမ်းက ၉ မိုင်၊ မုဒုံ - မြဝတီလမ်းပိုင်းက ၂၇ မိုင်နဲ့ ၆ ဖာလုံတို့ဖြစ်ပါတယ်။ ဒါ့အပြင် မြဝတီမြို့နယ်အပိုင်းမှာဆိုရင် မုဒုံနဲ့မြဝတီလမ်းပိုင်းက ၁၇ မိုင် ၆ ဖာလုံ၊ စုစုပေါင်း ၁၁၀ မိုင်နဲ့ ၂ ဖာလုံရှိပါတယ်။ AK ကုမ္ပဏီကနေ ပြီးတော့ B.O.T ယူထားတဲ့လမ်းအပိုင်းပေါ်မှာ ဆောင်ရွက်ထားတဲ့တံတားများရှိပါတယ်။ အဲ့ဒီ တံတားတွေကတော့ ၅၀ ပေအောက် ရေပြွန်တံတားက ၂၉၇ စင်း၊ ၅၀ ပေ မှ ၁၀၀ ပေအထိတံတား  ၁၈ စင်း၊ ၁၈၀ ပေအထက်တံတား ၆ စင်း၊ စုစုပေါင်း  ၃၂၁ စင်းဖြစ်ပါတယ်။ AK ကုမ္ပဏီဟာ သင်္ဃန်းညီနောင်မှ မြဝတီနယ်စပ် ချစ်ကြည်ရေးတံတားအထိ အာရှလမ်းမကြီးအပိုင်းဖြစ်တဲ့ ၁၁ မိုင်နဲ့ ၂ ဖာလုံဟာ B.O.T လမ်းပိုင်းမှာမပါသော်လည်း ကုမ္ပဏီကနေပြီးငွေကြေးစိုက်ထုတ်ပြီး ပြုပြင် ထိန်းသိမ်းပေးလျက်ရှိပါတယ်။ AK ကုမ္ပဏီဟာ လုပ်ငန်းအတွေ့အကြုံရင့်ကျက်တဲ့ အင်ဂျင်နီယာ မှူးကြီးအဆင့်နှစ်ဦး၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်မှာ ခရိုင်အဆင့်အင်ဂျင်နီယာမှူးသုံးဦး၊ အငယ်တန်း အင်ဂျင်နီယာကိုးဦး၊ စုစုပေါင်းအင်ဂျင်နီယာ ၁၄ ဦးနဲ့ ကြီးကြပ်ရေးလုပ်သားခေါင်းဆောင် ၂၈ ဦး၊ ဘားအံခရိုင်အတွင်းမှာလုပ်သား ၁၃၈ ဦး၊ ကော့ကရိတ်ခရိုင်အတွင်းမှာလုပ်သား ၁၄၀ ဦး၊ မြဝတီ ခရိုင်အတွင်းမှာလုပ်သား ၁၃၄ ဦး၊ စုစုပေါင်းလုပ်သားအင်အား ၄၄၀ ဦးတို့နဲ့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ လမ်း-တံတားလုပ်ငန်းများ အရေးပေါ်ပြင်ဆင်နိုင်ရေးနဲ့ လုပ်ငန်း ဆောင်ရွက်နိုင်ရန် လွန်းညရွာ၊ နောင်လုံ၊ သာမည၊ ကျုံဒိုး၊ ကိုးတိုင်၊ တံတားကျိုး၊ သင်္ဃန်းညီနောင်၊ ခင်နိမ်းမူ၊ အောက်ဗိုလ်တဲ၊ ဇူဝေလေး၊ အလယ်ဗိုလ်တဲရွာတို့မှာ စခန်းများဆောက်လုပ်ပြီးတော့ တာဝန်များပေးထားလျက်ရှိပါတယ်။ တစ်ရက်လျှင် တန် ၅၀ ကျကျောက်ခွဲစက်ကြီးသုံးခုကနေပြီးတော့ အိန္ဒုရွာစခန်း၊ အောက်ဗိုလ်တဲရွာ စခန်း၊ သင်္ဃန်းညီနောင်စခန်းတို့မှာအထိုင်ချပြီး ကျောက်ခွဲစက် များနဲ့လုပ်နေပါတယ်။ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့တန် ၂၀ ကျ ကျောက်ခွဲစက်များအနေနဲ့ ဒေါန တောင်ကြောတစ်လျှောက်မှာ ၄ ခု၊ ဂျိုင်းတံတားမှ အောက်ဗိုလ်တဲရွာအထိလမ်းဆုံအပိုင်းမှာ ၂ ခု၊ ဘားအံမှ ဂျိုင်းအထိလမ်းအပိုင်းမှာ ၂ ခုနဲ့ စုစုပေါင်း ၈ ခု ဖြန့်ခွဲပြီးကျောက်များထုတ်လုပ်လျက် ရှိပါတယ်။  စက်ယာဉ်ယန္တရားများကတော့ မြေထိုးစက် ၈ စီး၊ မြေတူးစက် ၈ စီး၊ လမ်းကြိတ်စက် ၃၆ စီး၊ တုန်ခါလမ်းကြိတ်စက် ၄ စီး၊ လက်တွန်းသိပ်သည်းစက် ၄၀ စီး၊ ကတ္တရာဖြန်းစက် ၄ စီး၊ မြေညှိစက် ၂ စီး၊ မြေတင်စက် ၄ စီး၊ မြေသယ်ယာဉ်ကြီး ၃၃ စီး၊ ကွန်ကရစ်ဖျော်စက်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဆီသယ်ယာဉ် ၁ စီး၊ စက်တင်ယန္တရား ၁ စီး၊ နောက်တွဲပါထွန်စက် ၃ စီးတို့နဲ့လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းများစတင်ခွင့်ပြုချိန်ကစပြီး ယနေ့အချိန်အထိ လုပ်ငန်းကာလ နှစ်နှစ်မပြည့်သေးပါဘူး။ ၎င်းကာလအတွင်းမှာ လုပ်ငန်းသဘောသဘာဝအရ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဖြစ်တဲ့အတွက်လည်း တန်ပိုယာဉ်ကြီးများသွားလာမှုကြောင့်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ မိုးရာသီကာလမှာ မိုးများသောကြောင့် အထူးသဖြင့်ဂျိုင်းနှင့် ကျုံဒိုးအပိုင်းမှာ သဘာဝအနေအထားအရ လမ်းဘေးဝဲယာပတ်ဝန်းကျင်နှစ်ဖက် ရေပြင်ကျယ်ကွင်းကြီးများဖြစ်ပေါ်ပြီး လမ်းသားရဲ့အတွင်းသို့ ရေစိမ့်ဝင်မှုကြောင့် လမ်းလွှာများပျက်စီးသွားပါတယ်။ AK ကုမ္ပဏီဟာ B.O.T စနစ်နဲ့ဆောင်ရွက်ခွင့်ရတဲ့အချိန်ကစပြီး ယနေ့အထိဆောင်ရွက်ပြီးတဲ့ လုပ်ငန်းများကိုတင်ပြရရင် ကတ္တရာလမ်းပေါက်များကို ကြိုတင်ရော ကျောက်၊ ကတ္တရာများဖြင့်ဖာထေးခြင်းက ၇၇ မိုင်နဲ့ ၃ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းက ၃ မိုင်နဲ့ ၆ ဖာလုံ၊ လမ်းချိုင့်ကြီးများအား ကျောက်၊ သဲတို့ဖြင့် ဖာထေးခြင်းက ၇ မိုင်နဲ့ ၅ ဖာလုံ၊ ကတ္တရာလမ်းချဲ့ခြင်းက ၁ မိုင် ၁ ဖာလုံ၊ အန္တရာယ်ကွေ့များမှာ လမ်းတာပေါင် ပေ ၄၀ အကျယ်ရစေရန် စက်ယန္တရားဖြင့်တူးချဲ့ခြင်းနှင့် ရေမြောင်းများဖောက်လုပ်ခြင်း က ၃ မိုင်နဲ့ ၃ ဖာလုံ၊ လမ်းကွေ့များတွင် ၂၄ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းက ၅၉၀၀ ပေ၊ သံကူကွန်ကရစ်တံတားအသစ်တည်ဆောက်ခြင်းက ၁၈ စင်း၊ သံကူကွန်ကရစ်တံတားများ ၂၈ ပေ အကျယ်ရရန်ချဲ့ခြင်းက ၁၇ စင်း၊ ကော့ကရိတ်မြို့နယ်အတွင်း(ခင်နိမ်းမူအနီး)မှာ လမ်းပြတ်အပိုင်းအား ကွန်ကရစ်လမ်းခင်းခြင်းက ၂ ဖာလုံတို့ ဖြစ်ပါတယ်။ ဘားအံမှအိန္ဒု-ဂျိုင်း ၃၈ မိုင်၊ ၄ ဖာလုံကိုလည်း ပွင့်လင်းရာသီမှာ ၂၄ ပေ အကျယ်ရရှိရန် ကတ္တရာလမ်းသားချဲ့ခင်းပြီး အပြီးဆောင်ရွက်ရန်စီစဉ်လျက် ရှိပါတယ်။ အောက်ဗိုလ်တဲကနေပြီးတော့ သင်္ဃန်းညီနောင်အပိုင်းမှာလည်း မိုးသည်းထန်းစွာ ရွာသွန်းတဲ့အချိန်တွေမှာ တောင်ပြိုလေ့ရှိတဲ့အတွက် အချိန်နှင့်တစ်ပြေးညီ စက်ယန္တရားကြီးများနဲ့ ဖယ်ရှားရှင်းလင်းခြင်းများလည်းဆောင်ရွက်လျက်ရှိပါတယ်။ ဘားအံမှအိန္ဒုအပိုင်း ၁၃ မိုင်မှာ ကတ္တရာ လမ်းဖြစ်ပြီးတော့ ချောမွေ့စွာသွားလာနိုင်တဲ့အဆင့်မှာရှိနေပါတယ်။ အိန္ဒုကနေ ဂျိုင်း-ကော့ကရိတ် အပိုင်းမှာလမ်းသားများကို ကြိုတင်ရောကျောက်ကတ္တရာများဖြင့်လည်းကောင်း၊  ကျောက်၊ သဲဗြုန်း တို့ဖြင့် ဖာထေးခြင်းများကိုဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းများကိုလည်း နိုင်နင်းစွာဆောင်ရွက် နိုင်တဲ့အနေအထားရှိပါတယ်။ ကော့ကရိတ်ကနေ အောက်ဗိုလ်တဲကြားအပိုင်းမှာ ပျက်စီးမှုများပြားတဲ့ အတွက်အခြေအနေအရ လမ်းချောရန်အချိန်ယူဆောင်ရွက်လျက်ရှိပါတယ်။ သင်္ဃန်းညီနောင်မှ မြဝတီ လမ်းအပိုင်း အာရှလမ်းမကြီးမှာပျက်စီးမှုနည်းပါးသော်လည်း ချောမွေ့စွာသွားလာနိုင်ရေးအဆင့် ရှိအောင် စီစဉ်ပေးလျက်ရှိပါတယ်။ ဖော်ပြပါလမ်းတံတားများဆောင်ရွက်ရာမှာ အချိန်တိုကာလ အတွင်းမှာချောမွေ့စွာယာဉ်များလွယ်ကူစွာသွားလာနိုင်ရေး၊ ပုံမှန်လမ်းလုပ်ငန်းများအပြင် တောင်ပေါ် လမ်းပိုင်း လမ်းကျဉ်း၊ လမ်းကွေ့များကိုလည်း စက်ယန္တရားများနဲ့ချဲ့ထွင်ခြင်း၊ လမ်းအကွေ့နေရာများ မှာလည်း ကွန်ကရစ်လမ်းပိုင်းများခင်းခြင်းတို့ကို အချိန်နဲ့တစ်‌ပြေးညီဆောင်ရွက်ပေးနေပါတယ်။ တောင်ပေါ်လမ်းပိုင်းမှာ ယခင်နှစ်က ယာဉ်နှစ်စီးရှောင်တိမ်းရန်ခက်ခဲပြီး ယာဉ်တန်းစနစ်နဲ့ တစ်ရက်စီ ခွဲခြားသွားရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ AK ကုမ္ပဏီအနေနဲ့ လုပ်ငန်းဆောင်ရွက်စဉ် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးအတွက် ဖြတ်သန်းသွားလာနိုင်ရန်နှင့် ယာဉ်များမထိခိုက်စေရေး အတွက် အထူးအလေးထားပြီးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘားအံမှ မြဝတီအထိ လေးနာရီ ခန့်သာ ခရီးပေါက်နေပြီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့လမ်းအပိုင်းကို လမ်းဆက်သွယ်ရေးပိုမိုကောင်းမွန်စေရေးအတွက် ပွင့်လင်းရာသီမှာ လမ်းသားချဲ့ခြင်း၊ လမ်းများ အဆင့်မြှင့်တင်ခြင်းကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းတင်ပြ လိုပါတယ်။ မြဝတီ-ဘားအံလမ်းအပိုင်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ လမ်းတံတားပြုပြင် ကောက်ခံမှုလေလံစနစ်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ လမ်းအသုံးပြုခကောက်ခံရေးဂိတ်များ ဖြစ်တဲ့ ပညာရေးကောလိပ်ဂိတ်မှာ လေလံလုပ်ငန်းရှင် ဒေါ်ဆွေဇင်သက်ကလည်းကောင်း၊ ကော့ကျိုက် ဂိတ်မှာ လေလံလုပ်ငန်းရှင် ဦးခွန်ဝင်းသိန်းကလည်းကောင်း၊ ကော့ကရိတ်ဂိတ်တွင် လေလံလုပ်ငန်းရှင် ဦးအောင်လင်းကလည်းကောင်း၊ လေလံစနစ်နဲ့လမ်းအသုံးပြုခများကောက်ခံထားပါတယ်။ လက်ရှိ မြဝတီ-ဘားအံလမ်းပိုင်းမှာ AK ကုမ္ပဏီကနေပြီး လမ်းအသုံးပြုခကောက်ခံခြင်းမရှိဘဲ လမ်းတံတား လုပ်ငန်းများကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းများကိုသာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ AK ကုမ္ပဏီဟာ စက်ယန္တရားအင်ဂျင်နီယာနှင့် လုပ်သားအင်အားတောင့်တင်းပြီး လုပ်နိုင်သူဖြစ်ပါ တယ်။ ဒေသရဲ့ထောက်ခံချက်နဲ့ ခွင့်ပြုထားတဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ B.O.T စနစ်နဲ့ လမ်းတံတား အဆင့်မြှင့်တင်ခြင်းကို ဒေသထောက်ခံချက်ပါရင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ B.O.T စနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန် အရည်အချင်းသတ်မှတ်ချက်များနဲ့ပြည်‌့စုံလို့ရှိရင် မည်သည့် တိုင်းရင်းသားကုမ္ပဏီမဆို B.O.T စနစ်နဲ့လုပ်ငန်းများကိုလည်း လျှောက်ထားနိုင်ပါတယ်။

          ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ B.O.T စနစ်နဲ့   ဆောင်ရွက်နေတဲ့လမ်းပိုင်းများမှာ လုပ်ငန်းများနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများစစ်ဆေး ကြပ်မတ်နိုင်ရန်အတွက်လည်း အင်ဂျင်နီယာချုပ်၊ ဒုတိယအင်ဂျင်နီယာချုပ်၊ အင်ဂျင်နီယာမှူးကြီးများ ပါဝင်သော လမ်းတံတားလုပ်ငန်းများစစ်ဆေးကြီးကြပ်ရေးအဖွဲ့ ၁၉ ဖွဲ့ကိုလည်း တာဝန်ပေးစစ်ဆေး ပြီးတော့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ လမ်းလုပ်ငန်းများကိုစဉ်ဆက်မပြတ်ကြပ်မတ်ပြီး စစ်ဆေးလျက်ရှိပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ မြဝတီ-ဘားအံကားလမ်းကို တာဝန်ယူဆောင်ရွက်ထားသော B.O.T လုပ်ငန်းရှင် AK ကုမ္ပဏီအား လမ်းအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံကောင်းမွန်နိုင်ရေး၊ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရေးတွန်းအားပေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။