(ဂ)-ကော့ကရိတ်မြို့နယ်နှင့်လှိုင်းဘွဲမြို့နယ် ၂ ခုအားဖြတ်သန်းသွားမည်‌့လမ်းအမြန်ပြီးစီးရေးနှင့်စပ်လျဉ်း သည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၁-၉-၂၀၁၁)

ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ဘားအံလမ်းမကြီးပေါ်မှာရှိတဲ့ အောက်ဗိုလ်တဲကနေပြီးတော့ နဘူး-ထန်းတပင်-တာပေါင်-ထီလုံလမ်း မိုင်အားဖြင့် ၅၄ မိုင် ၂ ဖာလုံ အား အရင်တပ်မတော်အစိုးရလက်ထက် အထူးစီမံကိန်းကြီးများမှာ ပါဝင်ပြီးဖြစ်ပါတယ်။ ၎င်းလမ်းကို ယခုအခါမှာ မြေသားတာပေါင်တင်ခြင်း၊ တောရှင်းခြင်း၊ သစ်ပင်ခုတ် ခြင်းများအပြင် လမ်းပေါ်မှာရှိတဲ့ အရှည်ဆုံးတံတားဖြစ်တဲ့ အတာချောင်းတံတားကို ဆောက်လုပ်ပြီးစီး ပြီးဖြစ်ပါတယ်။ အဆိုပါ လမ်းပြီးစီးသွားပါက လက်ရှိရှိနေတဲ့ မြဝတီ-ကော့ကရိတ်-ဘားအံလမ်းမကြီးနဲ့ အပြိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခု ပေါ်ပေါက်လာမှာဖြစ်ပြီး ယခင်ကငြိမ်းချမ်းမှု မရရှိတဲ့ ကရင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှုများရရှိလာမှာဖြစ်တဲ့အတွက် လက်ရှိနိုင်ငံတော် အစိုးရရဲ့ စေတနာကို ကရင်ပြည်နယ်ပြည်သူလူထုအနေနဲ့ သိသာထင်ရှားစွာသိမြင်လာနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကော့ကရိတ်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်နှစ်ခုကိုဖြတ်သန်းပြီး ဘားအံမြို့နယ်အတွင်းကို ဝင်ရောက်သွားမယ့် နဘူး-ထန်းတပင်-တာပေါင်-ထီလုံလမ်း ၅၄ မိုင် ၂ ဖာလုံ အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် မည်သည့်အချိန်တွင်ပြီးစီးမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကရင်ပြည်နယ်အတွင်းရှိ ထီလုံ-တာပေါင်-ပတ-နဘူး-အောက်ဗိုလ်တဲလမ်းဟာ မိုင်အရှည် ၅၄ မိုင်နဲ့ ၂ ဖာလုံရှိပါတယ်။ ဘားအံ-ကော့ကရိတ်-မြဝတီလမ်းနဲ့ လမ်းအူကြောင်းအသစ်အဖြစ် ဖောက်ထားတာဖြစ်ပါတယ်။ အဆိုပါ လမ်းကို ရာသီမရွေးသွားလာနိုင်တဲ့ မြေသားလမ်းတာပေါင်အကျယ် ၃၄ ပေကနေပြီးတော့ ၁၆ပေအကျယ်အမာခံ လမ်းအဖြစ်တိုးတက်ပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။ ထီလုံ- တာပေါင်-ပတ-အောက်ဗိုလ်တဲလမ်းဟာ ထီလုံရွာမှ တာပေါင်ရွာ၊ ထန်းတပင်ရွာ၊ ကျုံမဒွန်းရွာ၊ တောင်စွန်းရွာ၊ ဝဲကင်းအံရွာ၊ နဘူးရွာ၊ အောက်ဗိုလ်တဲရွာစတဲ့ ရွာပေါင်း ၂၄ ရွာကို ဖြတ်သန်းပြီး ဖောက်လုပ်   ထားတာဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံ-လှိုင်းဘွဲလမ်းပေါ်ရှိ ထီလုံရွာမှ ကော့ပေါ့အင်း၊ လှိုင်းဘွဲချောင်း၊ ပတချောင်း၊ နဘူးချောင်းတို့ကိုဖြတ်ကျော်ပြီး ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းပေါ်ရှိတဲ့ အောက်ဗိုလ်တဲသို့ ဆက်သွယ်ထားတဲ့လမ်းသစ်ဖြစ်ပါတယ်။ ထီလုံ-တာပေါင်-ပတ-နဘူး-အောက်ဗိုလ်တဲလမ်းပိုင်းဟာ လမ်းအူကြောင်းအသစ်ဖြစ်တဲ့အတွက် လမ်းအူကြောင်းရှာဖွေခြင်း၊ လမ်းပုံများတိုင်းတာခြင်း၊ ပုံထုတ်ခြင်း၊ သတ်မှတ်ခံနိုင်ဝန်များနှင့်ထမ်းဆောင်နိုင်မည့် လမ်းလွှာပုံစံ ထုတ်ခြင်း၊ တောရှင်းခြင်းစသည့်လုပ်ငန်းများအပြင် မြေသားတာပေါင်ပြင်ခြင်း၊ တံတားနှင့်ရေပြွန်များ တည်ဆောက်ခြင်း၊ အမာခံလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်းစတဲ့လမ်းအဆင့်ဆင့်ဆောင်ရွက် နိုင်မှုများကိုစီစဉ်လျက်ရှိပါတယ်။ ထီလုံ-တာပေါင်-ပတ-အောက်ဗိုလ်တဲလမ်းဟာ ၅၄ မိုင်နဲ့ ၂ ဖာလုံ ရှည်လျားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ ၈ မိုင် တာဝန်ယူဆောင်ရွက်ပါတယ်။ ဒါ့အပြင် စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေးအတွက် လမ်းတံတားတည်ဆောက်ရေး ပုဂ္ဂလိကကုမ္ပဏီ ၆ ခုအား  ၄၆ မိုင်နဲ့ ၂ ဖာလုံကို စက်ယာဉ်ယန္တရားများ၊ လုပ်သားအင်အားများပြည့်စုံစွာနဲ့ ဝင်ရောက် ဆောင်ရွက်ရန်တာဝန်ပေးထားပြီးဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့အပိုင်းအလိုက် လမ်းပိုင်းများကို တင်ပြရမယ်ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ တာဝန်ယူထားသောအဖွဲ့ဟာ လမ်းဆောက်လုပ် ရေးအထူးအဖွဲ့  ၉ က ဖြစ်ပါတယ်။ ဒုတိယအင်ဂျင်နီယာမှူးကြီးအဖွဲ့ကနေပြီးတော့ ၄ မိုင်၊ ဘားအံခရိုင် အင်ဂျင်နီယာမှူးကြီးအဖွဲ့က ၄ မိုင် စုစုပေါင်း ၈ မိုင် တာဝန်ယူထားပြီး ကျန်ပုဂ္ဂလိကကုမ္ပဏီ တွေကတော့ ရွှေကဆုန်ကုမ္ပဏီက ၁၀ မိုင်၊ ဂဠုန်ချိတ်ကုမ္ပဏီက ၈ မိုင်၊ ဒေါနငြိမ်းချမ်းရေးကုမ္ပဏီက ၅ မိုင်၊ သရီးဘရားသားစ်ကုမ္ပဏီက ၅ မိုင်   ၆ ဖာလုံ၊ ထိုက်စင်ကုမ္ပဏီက ၅ မိုင်၊ အေးကိုမိသားစု ကုမ္ပဏီလီမိတက်က ၁၂ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ကုမ္ပဏီတွေက ၄၆ မိုင်နဲ့ ၂ ဖာလုံ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေကိုတင်ပြရလို့ရှိရင် တစ်ကြောင်းထိုးလမ်းဖောက်လုပ်ပြီးစီးမှုကတော့ ၅၄ မိုင်နဲ့ ၂ ဖာလုံပြီးပါပြီ။ မြေသားလမ်းတာပေါင် တင်ခြင်းကတော့ ၈ မိုင် ၅ ဖာလုံ၊ အမာခံကျောက်ခင်းလမ်းက ၄ ဖာလုံ၊ မိုးရာသီရေကျော် ပျက်စီးမှုများအား မြေညှိခြင်း၊ လမ်းတာပေါင်ပုံစံဖော်ခြင်း၊ ကျောက်ဖြည့်လမ်းကြိတ်ခြင်း၊ ပြုပြင်ခြင်း ကတော့ ၁၀ မိုင် ၄ ဖာလုံ၊ မိုင်တိုင် ၁/၄၊ ၂/၄၊ ၃၆/၆၊ ၄၁/၃ တို့မှာ ၂၀ ပေကွန်ကရစ်တံတား တည်ဆောက်ခြင်းက ၄ စင်း၊ တံတားအမှတ် ၁/၄၊  ၃၀ ပေ ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့်     ၅ ပေပတ်လည်၊ ၃၄ ပေအရှည် သံကူကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း ၁၈ စင်းတို့ ဆောင်ရွက် ပြီးဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ထီလုံ-တာပေါင်-ပတ-နဘူး-အောက်ဗိုလ်တဲလမ်းပိုင်းဟာ လမ်းတံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဒေသအတွက်လိုအပ်ချက်ကြောင့် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းနဲ့ ပြင်ဆင်ထိန်းသိမ်း ရေးရန်ပုံငွေများတင်ပြတောင်းခံပြီး ရရှိငွေပေါ်မှာမူတည်ပြီးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။