ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကစက်ရုံများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ တည်ရှိပါတယ်။ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးပါရန်နှင့် ဖွင့်လှစ်ပေးနိုင်မှု ရှိ၊ မရှိ။ ရှိပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်။ မရှိပါက မည်သည့်အကြောင်းကြောင့် မဖွင့်လှစ်နိုင်ခြင်းကို သိရှိလိုကြောင်းမေးမြန်းပါသည်။
မင်္ဂလာဒုံမြို့နယ်မှာ ပုဂ္ဂလိကလုပ်ငန်းကြီးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် ပင်စင်စားပုဂ္ဂိုလ် အများအပြားတို့ရှိနေတာကြောင့် ဘဏ်ခွဲတစ်ခုဖွင့်လှစ်ဖို့ အမှန်တကယ်လိုအပ်လျက်ရှိပါတယ်။ တစ်ဆက်တည်းတင်ပြရမယ်ဆိုရင် မြန်မာ့စီးပွားရေးဘဏ်၊ အင်းစိန်ဘဏ်ခွဲဟာလည်း အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် နှစ်ထပ် အဆောက်အအုံရဲ့အောက်ထပ်မှာ အခန်းနှစ်ခန်းကို ငှားရမ်းဖွင့်လှစ်လျက်ရှိပြီး ဝန်ထမ်းဦးရေ ၉၆ ဦးနဲ့ လုပ်ငန်းဆောင်ရွက်ရတဲ့အတွက် ဝန်ဆောင်မှုလုပ်ငန်းများကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် နေရာကျဉ်းကျပ်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါ့အပြင် အင်းစိန်ဘဏ်ခွဲမှာ ပင်စင်လစာထုတ်ယူတဲ့ အငြိမ်းစားဦးရေ ၃၄၁၄၈ ဦးရှိတဲ့အနက် မင်္ဂလာဒုံမြို့နယ်အတွင်းမှ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဦးရေ ၈၆၀၀ ကျော်ရှိတဲ့အတွက် သက်ကြီးရွယ်အိုပင်စင်စားများအနေနဲ့ မိမိတို့ရဲ့ ပင်စင်လစာများထုတ်ယူတဲ့အခါမှာ ဝေးလံစွာသွားလာရခြင်းမရှိဘဲ သွားလာရေးလွယ်ကူစေဖို့၊ နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ ဘဏ်နဲ့ဆက်သွယ်ပြီး ငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်လိုသူများအနေနဲ့လည်း ဘဏ်နဲ့ အလွယ်တကူဆက်သွယ် ဆောင်ရွက်နိုင်စေဖို့တို့အပြင် အင်းစိန်ဘဏ်ခွဲအနေနဲ့လည်း ဘဏ်လုပ်ငန်းများဆောင်ရွက်ရာမှာ ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့တို့ကိုရည်ရွယ်ပြီးတော့ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲတစ်ခုဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် မင်္ဂလာဒုံမြို့နယ်အတွင်းဘဏ်ခွဲဖွင့်လှစ်ဖို့ သင့်တော်တဲ့နေရာကိုရှာဖွေခဲ့တဲ့အခါမှာ မင်္ဂလာဒုံဈေးလမ်း မှာရှိတဲ့ တပ်မတော်ပိုင်နှစ်ခန်းတွဲအဆောက်အအုံရဲ့ လစ်လပ်နေတဲ့အခန်းတစ်ခန်းကိုသာတွေ့ရှိခဲ့တဲ့ အတွက် အခြားသင့်တော်မယ့်နေရာကို ထပ်မံရှာဖွေစီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ မင်္ဂလာဒုံဘဏ်ခွဲအတွက် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)အမြန်လမ်းမကြီးပေါ်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနဲ့ မြန်မာ့ဆက်သွယ်ရေးရုံးတို့အကြားမှာ ပေ ၁၀၀ ပတ်လည်မြေကွက်ကိုရရှိပြီးဖြစ်တဲ့အတွက် ဘဏ်ခွဲအဆောက်အအုံဆောက်လုပ်ပြီး ဘဏ်ခွဲဖွင့်လှစ်ဖို့ အစီအမံများဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့ မင်္ဂလာဒုံမြို့နယ်ဘဏ်ခွဲဖွင့်လှစ်ဖို့အတွက် သက်ဆိုင်ရာဌာနများနဲ့ညှိနှိုင်းဆောင်ရွက်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဘဏ်ခွဲအဆောက်အအုံ ဆောက်လုပ်ပြီး ဘဏ်ခွဲတစ်ခုဖွင့်လှစ်ပေးသွားဖို့ အစီအစဉ်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
