(ဃ)-ပဲဒက်ကျေးရွာကျေးလက်ကျန်းမာရေးဌာနအဆင့် တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၁) ရက်မြောက်နေ့ (၄-၁၀-၂၀၁၁)

သရက်ချောင်းမြို့နယ်အတွင်းမှာ မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံတစ်ရုံနဲ့ ကျေးလက်ကျန်းမာရေးဆေးပေးခန်းသုံးခုရှိပါတယ်။ ကျွန်တော်တို့ ပဲဒက်ကျေးရွာကျေးလက်ကျန်းမာရေးဌာနဟာ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ၄၃ မိုင်ကွာဝေးပြီး၊ ရငဲတိုက်နယ်ဆေးရုံနှင့် ၁၉ မိုင်ကွာဝေးပါတယ်။ ထားဝယ်မြို့မှ မြိတ်မြို့သို့ သွားသည့်အဝေးပြေးလမ်းမကြီးဟာလည်း ရွာရဲ့အလယ်ခေါင်ကိုဖြတ်သန်းသွားပြီး အောက်ပါအချက် အလက်များနှင့် ပြည့်စုံသောရွာကြီးတစ်ရွာဖြစ်ပါတယ်။ (က) လမ်းပန်းဆက်သွယ်ရေး အခြေအနေ ကောင်းမွန်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ အချိန်မရွေးသွားလာနိုင်ခြင်းရှိပါတယ်။ (ခ) ပဲဒက် ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စု ခုနစ်အုပ်စုနှင့် ကျေးရွာ ၂၄ ရွာ၊ အိမ်ခြေ ၄၃၅၈ ဦးရှိပြီးတော့ လူဦးရေ ၃၀၀၀၀ ကျော်ခန့်ရှိပါတယ်။ (ဂ) ၎င်းကျေးရွာတွင် အစိုးရအထက်တန်းကျောင်း တစ် ကျောင်း၊ အထက်တန်းကျောင်းခွဲ တစ်ကျောင်း၊ အ.လ.က ခွဲလေးကျောင်း၊ မူလွန်သုံးကျောင်းနှင့် အ.မ.ကကျောင်း ၂၀ ရှိပါတယ်။ လက်လှည့်တယ်လီဖုန်းအိတ်ချိန်းတစ်ခု၊ ၎င်းဒေသတွင် CDMA ၄၅၀ တယ်လီဖုန်းများလည်းပဲ အလွယ်တကူပြောဆိုနိုင်ပါတယ်။  ကိုယ်ထူကိုယ်ထစနစ်နဲ့ မြဝတီရုပ်သံ ထပ်ဆင့်လွှင့်စက်ရှိခြင်း၊ ကျေးလက်လျှပ်စစ်မီးဖြန့်ဖြူးမှုရှိခြင်း၊ မကြာမီ မီးရထားလမ်းရောက်ရှိလာမှာ ဖြစ်တဲ့အတွက် မီးရထားဘူတာရှိခြင်းတို့ဖြစ်ပါတယ်။ (ဃ) စီးပွားရေးကဏ္ဍအနေဖြင့် ဆီအုန်းစိုက်ပျိုး ခြင်း၊ ဆီကြမ်းစက်ရုံရှိခြင်း၊ ဥယျာဉ်ခြံများစိုက်ပျိုး၍ ဥယျာဉ်ခြံထွက်သီးနှံများ ရောင်းဝယ်ခြင်း၊ ပင်လယ်ပြင်ငါးဖမ်းဆီးခြင်း လုပ်ငန်းများလုပ်ကိုင်ခြင်း၊ တောင်ယာများလုပ်ကိုင်ခြင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်နေတဲ့စီးပွားရေး အခြေခံကောင်းမွန်သော ရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။ (င) လုံခြုံရေးအခြေအနေအရ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ အမာခံအင်အား ၃၀ ရှိ ခြင်း၊ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့များရှိခြင်း၊အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှစစ်ကြောင်းများ မကြာခဏသွားလာနေခြင်း၊ အခြေစိုက်ဗျူဟာမှ တပ်မတော်သားများ မကြာခဏလာရောက်ခြင်းတို့ ရှိပါတယ်။ (စ) ကျေးလက်ဆေးပေးခန်းနှင့် တစ်ဆက်တစ်စပ်တည်း မြေခြောက်ဧက ခန့်ကိုလည်း လှူဒါန်းရန် အဆင်သင့်ရှိပါတယ်။ ပဲဒက်ကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲသာရှိခဲ့ပါတယ်။ ပဲဒက်ကျေးလက် ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးတစ်ဦး၊ ကျန်းမာရေးဆရာမတစ်ဦး၊ သားဖွားဆရာမ ခုနစ် ဦး ရှိခဲ့ပါတယ်။ ၎င်းဒေသတွင် ဆရာဝန်တစ်ဦးမျှမရှိခဲ့ဘူးပါသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင် ပေးနိုင်ရန်အတွက် အထူးလိုအပ်လျက်ရှိပါတယ်။ ယခုတင်ပြချက်များသည် ၎င်းဒေသရှိ ပြည်သူများ၏ အမှန်တကယ်လိုအပ်နေသော ပြည်သူများ၏သဘောထားဆန္ဒများသာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ (က) ပဲဒက်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနအား ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ ရှိပါက မည့်သည့်အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ဆိုတာကိုလည်းပဲ တစ်ဆက်တည်းသိလိုပါတယ်။ လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ အစီအစဉ်ရှိမည်ဆိုပါက၎င်းဆေးရုံ အတွက်လိုအပ်သောသံ၊သစ်နှင်‌့ ဆေးရုံမှာလိုအပ်တဲ့ ဆက်စပ်ပစ္စည်းများကိုလည်း ကျွန်တော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ပေးလှူရန်အဆင်သင့်ရှိပါကြောင်း တင်ပြမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

သရက်ချောင်းမြို့နယ်မှာ ၂၅ ခုတင်ဆံ့မြို့နယ် ဆေးရုံတစ်ရုံ၊ ၁၆ ခုတင်ဆံ့ ရငဲတိုက်နယ်ဆေးရုံ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခု၊ ငှက်ဖျား တိုက်ဖျက်ရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာန လေးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခုတို့ ဖြင့်ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါတယ်။ လက်ရှိ အ‌ြခေအနေမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပဲဒက်ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်တိုးမြှင့် နိုင်ရန်အတွက် တင်ပြထားခြင်းမရှိသေးပါဘူး။ ဒေသခံပြည်သူများက တိုက်နယ်ဆေးရုံဖြစ်‌ြမောက်ရေး အတွက်စိတ်အားထက်သန်ပါက တည်နေရာ‌ြမေပုံ၊ ဧရိယာအကျယ်အဝန်း၊ လူဦးရေနှင့်အိမ်‌ြခေ၊ တိုက်နယ်ဆေးရုံဖွင့်လှစ်ပါက အကျိုးပြုမယ့် လွှမ်းခြုံနိုင်မယ့်ဧရိယာအကျယ်အဝန်း၊ အနီးဆုံးဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများနှင့်အကွာအဝေး၊ လက်ရှိကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထား ခြင်းရှိ၊မရှိနှင့် လမ်းပန်းဆက်သွယ်မှုအ‌ြခေအနေ၊ လုံခြုံမှုအ‌ြခေအနေ၊ လူမှုစီးပွားရေးဆိုင်ရာအချက် အလက်များနှင့် ဖွံ့ဖြိုးမှုအ‌ြခေအနေများကို အဆင့်ဆင့်တင်ပြပြီးတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနရဲ့ သဘောထားမှတ်ချက်၊ ထောက်ခံချက်တို့ပါဝင်တဲ့ ဖွဲ့စည်းပုံအဆိုပြုတင်ပြရာ တွင်ပါရှိမည့်စာရင်းအင်းအချက်အလက်များနှင့်အတူ ကျန်းမာရေးဌာနသို့ အဆိုပြုတင်ပြရန်ဖြစ်တဲ့ အကြောင်း ဖြေကြားပါသည်။