(၁)မေးခွန်းက ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း ခွဲဝေချထားမှုများနှင့်ပတ်သက်၍ လွန်ခဲ့သောငါးနှစ် အတွင်း အသုံးပြုခဲ့သော ဘဏ္ဍာငွေများအနက်မှ ပညာရေးကဏ္ဍအတွက် မည်သို့မည်ပုံခွဲဝေသုံးစွဲ သည်ကို ရှင်းလင်း ဖြေကြားပေးစေလိုပါတယ်။ ထို့အပြင်ယခုလက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ပညာရေးကဏ္ဍ ဘဏ္ဍာငွေအသုံးစရိတ်သည် အစိုးရအဖွဲ့ တစ်ခုလုံး၏ အသုံးစရိတ်အချိုးအစား Percentage of government expenditure အရ မည်မျှ ရှိသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းကို (၁)အနေနဲ့ဖြေရမယ်ဆိုရင် ပညာရေးကဏ္ဍ တွင် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍဟူ၍ နှစ်ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍတွင် အခြေခံပညာကျောင်းအားလုံးကို လည်း ကောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်၊ ဒီကရီကောလိပ် ၆၄ ကျောင်းကိုလည်းကောင်း တာဝန်ယူပြီးကျန်ရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၉၇ ကျောင်းကို သက်ဆိုင်ရာဝန်ကြီးဌာန ၁၂ ခု က တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ (၂)ပညာရေးဝန်ကြီးဌာနနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများတာဝန်ယူသော ဝန်ကြီးဌာန ၁၂ ခုရှိ ပညာရေးအသုံးစရိတ်စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၃၅၂၅၈၄ ရှိသဖြင့် ပညာရေးကဏ္ဍစုစုပေါင်းသည် ၄.၄၂ ရာခိုင်နှုန်းဖြစ်ပါသည်။ (၃)နိုင်ငံတော် သမ္မတကြီးက ပညာရေးဆိုင်ရာမူဝါဒ ၁၀ ရပ်ကိုချမှတ်ပေးခဲ့ရာ အောက်ပါလုပ်ငန်းသုံးရပ်တို့ကို တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ (က) မသင်မနေရမူလတန်းကျောင်းပညာရေးစနစ် ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အစပျိုးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူလတန်းကျောင်းသား/ ကျောင်းသူ ၅.၃ သန်းကျော်သို့ ကျောင်းသုံးစာအုပ်များအခမဲ့ ထောက်ပံ့ပေးခဲ့ ပါတယ်။ မူလကခွင့်ပြုထားသည့် သာမန်အသုံးစရိတ်အပြင်ငွေကျပ် ၂၀၈၇ သန်းကျော်ကို ထပ်ဆောင်း ခွင့်ပြုခဲ့ပါတယ်။ (ခ) ပညာသင်ဆုနဲ့ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးရေး အစီအစဉ်အရ တက္ကသိုလ်ပညာသင်ဆု၊ အခြေခံပညာသင်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေးများအဖြစ် ၁၀၈၉.၆ သန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ချီးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ (ဂ) အခြေခံ ပညာကဏ္ဍတွင် ပုဂ္ဂလိကပညာကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေများထုတ်ပြန်နိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲခဲ့ပြီး ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်အရ ဆက်လက်စိစစ် ဆောင်ရွက်နိုင်ရန် လွှတ်တော်ရုံးသို့ တင်ပြဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ (ဃ) ကျန်ရှိသည့်ပညာရေး ဆိုင်ရာမူဝါဒလမ်းညွှန်ချက်ခုနှစ်ရပ်ကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ (၄) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်ရှစ်ရပ်နဲ့အညီ အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၏ လုပ်ငန်းစီမံချက်အရ ကျေးလက်ဒေသများတွင် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် ၁၃ ရပ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ (၅) အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍနှစ်ရပ်လုံးတွင် ပညာသင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိရေး၊ ပညာရေး အရည်အသွေးမြင့်မားရေးတို့အတွက် နိုင်ငံတော်အစိုးရအဖွဲ့သစ်၏ ပညာရေးဆိုင်ရာမူဝါဒများနှင့် အညီ ပညာရေးကဏ္ဍအသုံးစရိတ်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေပေါ် မူတည်၍ နှစ်စဉ်တိုးမြှင့်သုံးစွဲသွားရန် အစီအမံများရှိပါကြောင်း ဖြေကြားပါသည်။
