(ဇ)-စက်ရုံ၊ အလုပ်ရုံများတည်ထောင်ဖွင့်လှစ်ခြင်းကို ခွင့်ပြုပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၆-၉-၂၀၁၁)

ကရင်ပြည်နယ်အတွင်းနေထိုင်လျက်ရှိကြတဲ့ ဒေသခံအချို့ဟာတစ်ဖက်နိုင်ငံကိုသွားရောက်ပြီးအလုပ် လုပ်ကိုင် လျက်ရှိကြပါတယ်။ ဒေသခံအချို့ဟာ အထည်ချုပ်စက်ရုံ၊ ပရိဘောဂစက်ရုံနဲ့ အခြားစက်ရုံ များမှာ သွားရောက် အလုပ်လုပ်ကိုင်ကြသူဟာအများစု ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။  ကျွန်တော်တို့ဒေသ အတွင်းမှာအထူးသဖြင့် ဘားအံ၊ မြဝတီတို့ကဲ့သို့ ၂၄ နာရီလျှပ်စစ်ဓာတ်အားရရှိမှု အားသာချက်ရှိတဲ့ မြို့နယ်များမှာ အလားတူစက်ရုံ၊ အလုပ်ရုံများတည်ထောင်ပေးနိုင်လျှင် ဒေသခံ ပြည်သူများအခြားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်မလိုအပ်တော့ပဲ မိမိဒေသအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး အိုးမကွာ၊ အိမ်မကွာနဲ့ သာယာအေးချမ်းစွာနေထိုင် လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒေသတွင်းလုပ်ငန်းများအား တိုင်းရင်းသားလုပ်ငန်းရှင်များကို သော်လည်းကောင်း၊ တိုင်းရင်းသားနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များဖက်စပ်၍ ကုန်ကြမ်းပေး ကုန်ချောယူစနစ်၊ ဥပမာ- CMP စနစ်ကိုဥပဒေနဲ့အညီ တည်ထောင်ခွင့်ပြုပေးခြင်းဖြင့် ဒေသခံ အလုပ်သမားများအတွက် အာမခံချက်ရှိပြီး အထူးအခွင့်ကောင်းများ ရရှိနိုင်မည်ဟု လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဘားအံ မြို့နယ်၊ မြဝတီမြို့နယ်များတွင် အထည်ချုပ်စက်ရုံ၊ ပရိဘောဂစက်ရုံများ နှင့် အလားတူစက်ရုံများ တည်ထောင်ဖွင့်လှစ်ခြင်းကိုခွင့်ပြုပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိကို သိလိုပါ ကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ် (၂)စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း
အဖြေ

ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတစ်ဝိုက်မှာ စက်မှုဇုန်တည်ထောင်သွားဖို့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန် ချက်ဖြင့် ဘားအံ-လှိုင်းဘွဲကားလမ်း၊ ဘားအံမြို့မှ ခုနှစ်မိုင်အကွာရှိမြေဧရိယာ ၉၆၉ ဧက အကျယ်အဝန်းမှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဖြစ်ပါကြောင်း အသိပေးတင်ပြအပ် ပါတယ်။ အဲဒီစက်မှုဇုန်မှာ အထူးသဖြင့် စက်ကိရိယာနည်းနည်းနဲ့ လူရဲ့လုပ်အားကို အဓိက အသုံးပြုရတဲ့စက်မှုလုပ်ငန်းဖြစ်တဲ့ Labour Intensive Industry များကို အကောင်အထည်ဖော် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီစက်မှုဇုန်အနေနဲ့ လူဦးရေ ၅၀၀၀ မှ ၁၀၀၀၀ ခန့်အထိ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးရရှိစေမှာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ခြောက်လက ကိုးလအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဘားအံစက်မှုဇုန်မှာတော့ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ခွင့်ပြုမှာမဟုတ်ကြောင်းလည်း ဖော်ပြအပ်ပါတယ်။ မြဝတီမြို့နယ်အတွင်းမှာ နယ်မြေအေးချမ်းမှု မရှိသေးတဲ့အတွက်ကြောင့် လတ်တလော ြခေအနေအရ စက်မှုဇုန်တည်ထောင်ရန် အစီအစဉ်မရှိသေးပါကြောင်းနဲ့ နယ်မြေအေးချမ်းလာတဲ့ အခါမှာ စက်မှုဇုန်တည်ထောင်နိုင်ရေးအတွက် ဦးစားပေးစဉ်းစားသွားမယ် ဖြစ်ကြောင်းလည်း ပြန်ကြားအပ်ပါတယ်။ အခြားပြည်နယ်များဖြစ်တဲ့ မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသ၊ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ နမ့်ဖတ်ကာဒေသ၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အနီးတို့မှာ မကြာမီကာလ        အတွင်းမှာ စက်မှုဇုန်များ တည်ထောင်သွားရန် စီစဉ်လျှက်ရှိပါကြောင်းဖြေကြားပါသည်။