ရွှေဘိုမြို့နယ် ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံချက်အရ သမဝါယမဝန်ကြီးဌာန၏ စီမံမှုဖြင့် လယ်ယာမြေ အနည်းဆုံး ၂ ဧကရှိသော အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်း၊ အတိုးနှုန်း ၁.၅ ရာခိုင်နှုန်းနှင့် ၆ လ တစ်ကြိမ် ချေးပေးလျက်ရှိပါကြောင်း၊ ၆ လ ပြည့်သည့်အခါ ငါးဦးဝိုင်းချုပ်စနစ်ဖြင့် ပြန်ဆပ်ပါက ရက်ပိုင်းအတွင်း ပြန်ချေးပေးသည်ဟုသိရပါကြောင်း၊ တောင်သူလယ်သမားများမှာ ချေးငွေပြန်ဆပ်ချိန်သည် သီးနှံပေါ်ချိန် မဟုတ်ပါက ဆပ်ရန်ငွေမရှိသဖြင့် တခြားငွေရှင်၊ ကြေးရှင်များထံမှ ၁၀၀ လျှင် တစ်လ ၇ ကျပ်၊ ၈ ကျပ်တိုးဖြင့် ချေးပြီးမှသာ ပြန်ဆပ်နေရပါကြောင်း၊ ထို့ကြောင့် ပြန်ဆပ်ချိန်တွင် အတိုးငွေသည် သမဝါယမချေးငွေ ကျပ်တစ်သိန်း ၆ လအပေါ် အတိုး ၉၀၀၀ ကျပ်နှင့် ပြင်ပကချေးယူပြီး ၁ လအတွက် ၇၀၀၀၊ ၈၀၀၀ ကျပ် ပေးနေရပါကြောင်း၊ တောင်သူလယ်သမားများ၏ဆန္ဒမှာ သမဝါယမချေးငွေကို ၆ လ တစ်ကြိမ် ချေးပေးခြင်းအစား ချေးငွေကာလကိုတစ်နှစ်သို့ ပြောင်းလဲသတ်မှတ်ပေးပါက ပိုမိုအဆင်ပြေမည် ဖြစ်သောကြောင့် တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို သမဝါယမဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သမဝါယမဝန်ကြီးဌာနသည် နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ် (၈) ရပ်တွင် ပါဝင်သော အသေးစား အရင်းအနှီးချေးငွေလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက် (၂) ရပ်၊ လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစား အရင်းအနှီးချေးငွေလုပ်ငန်းသည် လုပ်ငန်းစဉ် (၅) ရပ်၏ အခြေခံဖြစ်ပြီး အသေးစားအရင်း အနှီးချေးငွေလုပ်ငန်း၏ ရည်ရွယ်ချက်သည် အတိုးနှုန်းသက်သာပြီး ပြည်သူများအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရေးသာမက နောင် ၄၊ ၅ နှစ်ကြာသည့်အခါ ငွေချေးစရာ မလိုတော့ဘဲ မိမိဘာသာ ရပ် တည်လာနိုင်အောင် Selfreliance ဖြစ်စေရန်နှင့် ၎င်းမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် Sustainable Development အထိပါ မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank ချေးငွေအမေရိကန်ဒေါ်လာသန်း ၁၀၀ အနက် ပထမအကြိမ် EXIM Bank ချေးငွေအမေရိကန်ဒေါ်လာသန်း ၅၀ ကို မိုးသီးနှံအကြိုအတွက် ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလတွင် အသင်းအဆင့်ဆင့် လမ်းကြောင်းအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အတိုးငွေတစ်လလျှင် တစ်ကျပ် ၅၀ ပြားနှုန်းဖြင့် ထုတ်ချေးခဲ့ရာ ၂၀၁၄ ခုနှစ် ဇွန်လတွင် သတ်မှတ်ကာလ ၆ လပြည့်သည့်အတွက် သမဝါယမအသင်းသား တောင်သူများမှ အရင်း၊ အတိုး အားလုံးကို ပြန်လည်ပေးဆပ်ခဲ့ကြရာ ဆုံးရှုံးမှုမရှိ ပြန်လည်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းပြန်လည်ရရှိငွေနှင့် ဒုတိယအကြိမ် EXIM Bank ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေနှင့် အသင်းသားများ၏ အစု၊ စုဆောင်းငွေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုတို့အား ၂၀၁၄ ခုနှစ် ဇွန်လတွင် ဆောင်းသီးနှံအကြိုအတွက် ကြိုတင်၍ မြို့နယ် ၂၅၅၊ အသင်း ၁၆၅၈၁၊ အသင်းသား ၁၀၈၂၅၆၄ ဦးသို့ ထုတ်ချေးကျပ်သန်း ၁၀၉.၅၄၆ ဘီလီယံကို ထပ်မံထုတ်ချေးခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် သတ်မှတ်ကာလ ၆ လပြည့်သည့်အတွက် သမဝါယမအသင်းသားတောင်သူများမှ အရင်း၊ အတိုးအားလုံးကို အပြေအကျေပေးဆပ်ခဲ့ကြရာ ၁၀၀ ရာခိုင်နှုန်းပြန်လည်ရရှိခဲ့ပြီးဖြစ်ပါကြောင်း။
သမဝါယမဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် (၁) သမဝါယမအသင်းသားများ၏အစု၊ စုဆောင်းငွေ များဖြင့်လည်းကောင်း၊ (၂) အသင်းအချင်းချင်းပံ့ပိုးငွေများဖြင့်လည်းကောင်း၊ (၃) အသင်းပိုင်ပစ္စည်းများကို သမဝါယမဘဏ်တွင် အာမခံထား၍လည်းကောင်း၊ (၄) China EXIM Bank ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့်လည်းကောင်း ပံ့ပိုးငွေများရယူ၍ ယနေ့ထိ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု၊ မြို့နယ် ၃၀၇ မြို့နယ်၊ အသင်းပေါင်း ၂၃၄၅၁ သင်း၊ အသင်းသားပေါင်း ၂၀၃၇၅၄၃ ဦးကို ထုတ်ချေးငွေကျပ်သန်း ၂၁၈.၆၀၉ ဘီလီယံထုတ်ချေးပေးလျက် ရှိပါကြောင်း။
သမဝါယမဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်များ၌ ဒေသအလိုက် စိုက်ပျိုးရာသီချိန် မတူညီမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank ချေးငွေ ရယူဆောင်ရွက်ရာတွင် အထက်တင်ပြပါအတိုင်း စိုက်ပျိုးရာသီချိန်မတိုင်မီ အနီးစပ်ဆုံးခန့်မှန်း တွက်ချက်၍ အသင်းသားများသို့ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သမဝါယမဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank တို့ နှစ်ဦးသဘောတူချေးငွေစာချုပ်တွင် ပထမ ၂ နှစ်အတွင်း ၆ လ တစ်ကြိမ် အတိုးပေး၍ တတိယနှစ်မှစ၍ ၆ လတစ်ကြိမ် အရင်း၏ ၁၆ ပုံ ၁ ပုံနှင့် ကျသင့်သည့်အတိုးကို ကျန် ၈ နှစ်တွင် ပေးဆပ်ရန်ဟု ဖော်ပြပါရှိကြောင်း။
သမဝါယမအသင်းသားများသို့ ချေးငွေကာလ ၆ လအစား တစ်နှစ်ထိတိုးမြှင့် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank ချေးငွေသည် ၄.၅ %နှင့် Management Fee ၁ % ကြိုတင်ပေးရခြင်းကြောင့် အတိုးနှုန်းသည် ၄.၆ % ပေးချေရပြီး ပထမ ၂ နှစ်တွင် အတိုးသာပေးရသော်လည်း ကျန် ၈ နှစ်တွင် အရင်း၏ ၁၆ ပုံ ၁ ပုံ နှင့်ကျသင့်သည့်အတိုးကို ၃ နှစ်မှစတင်၍ ၆ လ တစ်ကြိမ် EXIM Bank သို့ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ သမဝါယမအသင်းသားများသို့ ချေးငွေကာလ ၆ လ အစား ၁ နှစ်အထိ တိုးမြှင့်ပါက သတ်မှတ်အရင်းငွေပြန်ဆပ်ရာတွင် အခက်အခဲရှိခြင်းနှင့် နှစ်ဦးသဘောတူ ချေးငွေစာချုပ်ပါ စည်းကမ်းနှင့် မကိုက်ညီခြင်းတို့ကြောင့် ချေးငွေကာလ ၆ လ အစား ၁ နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးနိုင်ခြင်း မရှိပါကြောင်း၊ အသင်းသားအဖြစ် စတင်လျှောက်ထားပြီး ချေးငွေစတင်ယူသော ပထမ ၆ လတစ်ကြိမ်တွင် အစုထည့်ဝင်ရပြီး ဒုတိယ ၆ လမှ စတင်၍ ထုတ်ချေးငွေ၏ ၁၀ % ကို စုဆောင်းစေပြီး ၆ လတစ်ကြိမ် ပြန်ဆပ်ပြန်ချေးစနစ်ဖြင့် ဆောင်ရွက်ခြင်းကြောင့် ကျပ်သိန်း ၁၀၀ ဖြင့် စတင်ထုတ်ချေးသော အခြေခခံ သမဝါယမအသင်းတစ်သင်းသည် နောင် ၄ နှစ် ကြာသည့်အခါ အသင်း၏ ထုတ်ချေးငွေ၊ အသင်းသားများ၏ အစုငွေနှင့် စုဆောင်းငွေအပါအဝင် လည်ပတ်ငွေသည် ကျပ် ၁၈၁.၈၆ သိန်းဖြစ်ပြီး ၎င်းအချိန်၌ ပေးဆပ်ရမည့်အရင်းသည် ကျပ် ၈၁.၂၅ သိန်း သာကျန်ရှိမည်ဖြစ်ပါကြောင်း၊ အသင်းသားများအား ငွေစုဆောင်းသည့် အလေ့အကျင့်ဖြစ်စေပြီး နောင် ၄ နှစ် ကြာသည့်အခါ မိမိဘာသာရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သမဝါယမလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်အကြံပြုချက်များ၊ ပံ့ပိုးကူညီဆောင်ရွက်မှုများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ထံ အချိန်မရွေး ဝေဖန်အကြံပြုနိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြု ချက်များအပေါ်လည်း အလေးထားသုံးသပ်၍ ပြုပြင်လိုက်နာဆောင်ရွက်သင့်သည်များကို ပြုပြင် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
