အခြေခံပညာစာသင် ကျောင်းအချို့တွင် စာသင်ခုံများလုံလောက်မှုမရှိခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်သည် ပညာရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကိုယ်ပိုင်သင်တန်းနည်းပြဆရာတစ်ဦးဖြစ်ပြီးတော့ နှစ်ပေါင်း ၂၅ နှစ် စာသင်သက်အတွေ့အကြုံနဲ့ ယခုလက်ရှိ ကျောင်းသူ၊ ကျောင်းသားပေါင်း ၅၀၀ ကျော်ကို Mathematic နှင့် Physics သင်ကြားနေတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ထိုအတွေ့အကြုံတွေကို အရင်းတည်ပြီးတော့ အောက်ခြေကျောင်းပေါင်းစုံမှ ကလေးတွေကို ဘယ်လိုစာသင်ကြားနေရတာတွေ၊ ဘယ်လိုလိုအပ်ချက်တွေ ရှိနေတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာကို ရည်ညွှန်းပြီးတော့ မေးမြန်းရခြင်းဖြစ်ပါတယ်။ နောက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက် တန်းကျောင်းတွေမှာ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ စာသင်ခန်း၊ ဆရာများ၊ စာသင်စားပွဲခုံများ၊ ထိုင်ခုံများ၊ အားကစားကွင်း၊ စာကြည့်တိုက်၊ သိပ္ပံလက်တွေ့ခန်း၊ ရုံးခန်း၊ ဆရာများနားနေခန်း၊ အစည်းအဝေးခန်း၊ မုန့်စားဆောင်၊ ကွန်ပျူတာခန်း၊ Multimedia Room, Projector Room အဲဒီအစရှိတဲ့ အင်္ဂါရပ်တွေနဲ့ပြည့်စုံရမှာဖြစ်ပါတယ်။ မြို့ကြီးအချို့ရှိ အခြေခံပညာကျောင်းများမှာ လိုအပ်တဲ့အချက်အလက်တွေ ပြည့်စုံသော်လည်းပဲ ကျေးရွာဒေသများနဲ့ ဝေးလံခေါင်းပါးတဲ့နေရာ တွေမှာ ထိုအချက်အလက်တွေ လိုအပ်နေတာကိုတွေ့ရှိရပါတယ်။ ပညာရေးဝန်ကြီးဌာနအနေ ဖြင့်လည်း နှစ် ၃၀ နှစ်ရှည်စီမံကိန်းများချမှတ်ပြီးတော့ အကောင်အထည်ဖော် ပညာရေး အရှိန်အဟုန်မြင့်စေရန် ဆောင်ရွက်နေတာကိုလည်းသိရှိထားပါတယ်။ နိုင်ငံတော်မှ ချမှတ်ပေးသော ဘတ်ဂျက်ငွေအပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးဝန်ကြီးဌာန လုပ်ကိုင်နေရတဲ့ အတွက်လည်း နည်းနည်းတော့ အခက်အခဲရှိမယ်ဆိုတာကိုတော့ နားလည်သဘောပေါက်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီလို လိုအပ်ချက်တွေအများကြီးထဲကနေပြီးတော့ ကျောင်းတစ်ကျောင်းမှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ဆရာ၊ စာသင်ခုံ၊ ပရိဘောဂ အဲဒီအခြေခံလိုအပ်ချက်လေးတွေကို အရင်ဆုံး၊ ပထမဦးဆုံးအနေနဲ့ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ စိတ်ချမ်းသာစွာနဲ့ ပညာရေးကို ဆက်လက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ကြည့်မြင်တိုင်ကျောင်းမှာဆိုရင် စာရင်းအတိအကျကိုတော့ အချိန်ကိုလေးစားသောအားဖြင့် မဖတ်ပြ တော့ပါဘူး။ စုစုပေါင်း Total Amount ကိုပဲ တင်ပြမှာဖြစ်ပါတယ်။ ကြည့်မြင်တိုင်ကျောင်းမှာ ဆိုလို့ရှိရင် ဆရာဦးရေဟာ လောလောဆယ် ကျောင်းအားလုံးအတွက်ကို အယောက် ၃၀ လိုအပ် နေပါတယ်။ စာသင်ခုံ၊ ပရိဘောဂတွေဖြစ်တဲ့ လေးယောက်တွဲခုံတန်းရှည် ၃၄၂ လုံး၊ လေးယောက် တွဲထိုင်ခုံရှည် ၃၅၂ လုံး၊ စားပွဲအလုံး ၅၀၊ ဆရာထိုင်စားပွဲပေါ့ ဆရာထိုင်ခုံ ၃၈ လုံး လိုအပ်နေပါတယ်။ အဲဒီလို လိုအပ်နေတဲ့အချက်ကို ရည်ညွှန်းပြီးတော့ မေးခွန်းတွေကို မေးမြန်းရခြင်းဖြစ်ပါတယ်။ နောက်တစ်ခါ လေ့လာတွေ့ရှိချက်အရ ကြည့်မြင်တိုင်မြို့နယ် အ.မ.က (၁၅) မှာ ဆိုရင်လည်း နံရံတွေကွဲပြီးတော့ ထုပ်လျောက်ဒိုင်းမြားတွေဟာဆွေးမြေ့ပြီးတော့ စာသင်တဲ့အခါမှာ နေ့တိုင်း ကလေးတွေဟာကြောက်လန့်တကြားနဲ့ စာသင်ကြားနေတာကိုတွေ့ရပါတယ်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ငါးဇင် အ.မ.က(၁၈) မှာဆိုရင်လည်း ကျောင်းဆောင်တွေဟာ အောက်ခြေကနိမ့်ကျ သွားတဲ့အတွက်ရေတွေဝင်ပါတယ်။ ရေတွေဝင်တဲ့အခါမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ စာသင်ချိန် ကိုခေတ္တဖျက်ပြီးတော့ နီးစပ်ရာအိမ်များမှာစုရပါတယ်။ ပြီးတာနဲ့ ရေကျသွားတဲ့အချိန်မှာ နုန်းတွေ၊ သဲတွေကို မူလတန်းကလေးများက ပုံးများဆွဲပြီးတော့ကျုံးနေရတာ ကျွန်တော်ကိုယ်တိုင် သွားရောက် ကြည့်ရှုပြီးတော့ အားပေးခဲ့တာလည်းရှိပါတယ်။ အဲဒီမှာ အဓိကအဆိုးဆုံးက မြွေများကလည်း စာသင်ခန်းထဲမှာဝင်ပြီးတော့ ရေကြီးတဲ့အခါမှ ကျန်ရစ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီလို အခက်အခဲမျိုး တွေကို ပြည်သူများကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်းနံပါတ်(၁)အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ နိုင်ငံတော်ပိုင်အခြေခံပညာစာသင်ကျောင်းအချို့တွင် ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသဖြင့် စာပေသင်ကြားရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသောကြောင့် ကျောင်းဆရာ၊ ဆရာမများ ပြည့်စုံအောင်ဖြည့်ဆည်းပေးမယ့် အစီအစဉ်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ ဆရာနှင့်ကျောင်းသား အချိုးမှာ မူလတန်းအဆင့်တွင် ၁း၃၀၊ အလယ်တန်းအဆင့်တွင် ၁း၃၂ နှင့် အထက်တန်းအဆင့်တွင် ၁း၂၇ ရှိပါတယ်။ ဆရာ၊ ဆရာမများ ကွယ်လွန်ခြင်း၊ ဆေးခွင့်ယူခြင်း၊ မီးဖွားခြင်း၊ သင်တန်းတက်ခြင်း တို့ကြောင့် အခိုက်အတန့်အားဖြင့် ဆရာ၊ ဆရာမအင်အား လျော့နည်းမှုရှိနိုင်ပါတယ်။ ဆရာ၊ ဆရာမများ ပြည့်စုံရေးအတွက်နှစ်စဉ် သင်တန်းဆင်း ဆရာ၊ ဆရာမများဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါ တယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း B.Ed ဆင်း ၄၃ ဦးအား အထက်တန်းပြအဖြစ်လည်းကောင်း၊ PGDMA ဆင်း ၂၈ ဦးအား အလယ်တန်းပြအဖြစ်လည်းကောင်း၊ လုပ်ငန်းခွင်အကြိုဒီပလိုမာ သင်တန်းဆင်း ၃၈ ဦးတို့အား မူလတန်းပြအဖြစ် လည်းကောင်း၊ စုစုပေါင်း ၁၀၉ ဦးတို့ကို ဖြည့်ဆည်းခန့်ထားပေးပါရန် စီစဉ်နေပါကြောင်း ဖြေကြားပါသည်။
