(ခ)-သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများနှင့် ပြည်သူများ၏ ခံစားခွင်‌့နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၁) ရက်မြောက်နေ့ (၄-၁၀-၂၀၁၁)

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ရဲ့မေးခွန်းကိုဖြေကြားမည့် ပြည်ထောင်စု ဝန်ကြီးအားလည်း ဂါရဝပြုနှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်၏ မေးခွန်းမှာ သမဝါယမ နှင့် ရန်ကုန်တိုင်း GEC လုပ်ငန်းများနဲ့ပတ်သက်တဲ့ မေးခွန်းဖြစ်တဲ့အတွက် တစ်ဆက်တစ်စပ်တည်း မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ သမဝါယမအသင်းများရှိသလို သမဝါယမဦးစီးဌာနများလည်းရှိပါတယ်။ ရပ်ကွက် စားသုံးသူ သမဝါယမအသင်းများကိုအခြေခံ၍ မြို့နယ်သမဝါယမအသင်းများ ဖြစ်ကြရပါတယ်။ ရပ်ကွက်နေပြည်သူများ သက်သာချောင်ချိရေးအတွက် ရပ်ကွက်နေပြည်သူများထဲမှ အစုငွေများ  ထည့်ဝင်ဖွဲ့စည်းခြင်းဖြင့် ရပ်ကွက်အခြေခံစားသုံးသူ သမဝါယမအသင်းများအဖြစ် ရပ်တည်၍ အသင်းစတင် ဖွဲ့စည်းချိန်ကနေစပြီးတော့ ရပ်ကွက်နေပြည်သူများအား ကုန်ပစ္စည်းများရောင်းချ ပေးခဲ့သော  လုပ်ငန်းများရပ်ဆိုင်းသွားခြင်းနဲ့ ရပ်ကွက်နေအသင်းဝင် ပြည်သူများလည်း ခံစားခွင့် မရရှိကြတော့ပါဘူး။ 
သမဝါယမအသင်းရဲ့ ရောင်းဝယ်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သော်လည်း သမအသင်းများ၊ ဆိုင်နေရာများတွင် ပုဂ္ဂလိကအရောင်းဆိုင်များ၊ အလုပ်ရုံများ၊ လူနေအိမ်ခန်းများအဖြစ် ဆက်လက်ပေါ် ပေါက်လာကြပါတယ်။ ဤကဲ့သို့နေရာများ အငှားချထားခြင်းကြောင့် အသင်းဝင်များမှာ ဝင်ငွေများ ဆက်လက်ရရှိနေကြပါတယ်။ အချို့နေရာများ အကွက်အကွင်းကောင်းတဲ့ နေရာများမှာဆိုလျင် လစဉ်သိန်း သန်းချီပြီးရနေကြပါတယ်။ သမဝါယမ ဥပဒေ၊ နည်းဥပဒေများအရ နှစ်စဉ်ဘဏ္ဍာနှစ် ကုန်ဆုံးပြီးတိုင်း အသင်းသားများကို မျက်နှာစုံညီ အစည်းအဝေးများခေါ်ယူကျင်းပ၍ အသင်း ငွေစာရင်းရှင်းတမ်း ဖတ်ကြားတင်သွင်းခြင်း၊ အဆိုပြုခြင်း၊ ထောက်ခံခြင်းများပြုလုပ်ပြီး အသင်းသူ၊ အသင်းသားများ၏ အတည်ပြုခြင်းများ ပြုလုပ်ကြရမည်ဖြစ်ပါတယ်။ အသင်း၏ စာရင်းများတွင် အသင်းသားများသို့ အစုအပေါ်အမြတ်ငွေနဲ့ ကုန်ဝယ်အပေါ် အမြတ်ငွေပေးရန်ရှိပါသော်လည်း မည်သည့်အသင်းသားများမှ ယခုအချိန်မှာ အမြတ်ငွေများ မရရှိကြပါ။ တစ်နှစ်တစ်ကြိမ် အသင်းဝင်များ မျက်နှာစုံညီအစည်းအဝေးပွဲများပြုလုပ်၍ အသင်းဥက္ကဋ္ဌ၊ အမှုဆောင်များ ရွေးချယ်ကြရမည်ဖြစ်သော်လည်း အသင်းဝင်များ မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပခြင်း မရှိပါသဖြင့် အသင်းဝင်များမှ တာဝန်ပေးအပ်သော ဥက္ကဋ္ဌ၊ အမှုဆောင်များ ယခုအခြေအနေမှာ ရှိနေကြသူများဖြစ်မည်မဟုတ်ပါဘူး။ မည်ကဲ့သို့ အသင်းငွေစာရင်းရှင်းတမ်းများကို အတည်ပြု လုပ်ဆောင်နေကြသည်ကိုလည်း အသင်းသားများမှ မသိရှိကြတော့ပါဘူး။ အသင်းရဲ့ အမှုဆောင် များက အသင်းအဆောက်အအုံများငှားရမ်း၍ ရရှိသောငွေများကို ထုတ်ယူသုံးစွဲနေကြပါသဖြင့် သမအသင်းများမှ ရရှိသောငွေကြေးများသည် လူတစ်စု၏ အကျိုးစီးပွားဖြစ်နေသည်ဟု ထင်မြင် ယူဆပါတယ်။ သို့ပါ၍ အသင်းဝင်များကို ပြန်လည်ဖော်ထုတ်ခြင်း၊ အသင်းဝင်အသစ်များကို ပြန်လည်ခေါ်ယူ၍ အသင်းများကိုခေတ်နှင့်အညီ သမဝါယမဥပဒေ၊ နည်းဥပဒေများဖြင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီး ပြည်သူများ၏ ခံစားခွင့်များကိုမဆုံးရှုံးစေရန် လုပ်ဆောင်သင့်ပါသည်။ မေးခွန်း အနေနဲ့ အထက်ဖော်ပြပါ သမအသင်းများ၏ အဆောက်အဦများ၊ ပိုင်ဆိုင်မှုများ၊ ဝင်ငွေရရှိနေမှုများ၊ ကိုယ်ကျိုးရှာခြင်းရှိနေမှုများကို ဖော်ထုတ်၍ ပြည်သူများ၏ခံစားခွင့်များကို ပြန်လည်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ပါမည်လားမေးမြန်းလိုပါတယ်။ 
ထပ်မံ၍ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ဝန်ထမ်းများ၏ ထည့်ဝင်ငွေ များဖြင့် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် GEC များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အသင်းစုများဖွဲ့စည်း၍ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သော်လည်း မကြာမီနှစ်များအတွင်းမှာပင် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပါတယ်။ထို GEC အသင်းများ ဖွဲ့စည်းရာမှာဆိုလျှင် ဝန်ထမ်းများကို အစုရှယ်ယာလက်မှတ်များဖြင့် ထုတ်ပေး၍ ၁၉၉၄ ခုနှစ်၊ ဇွန်လက လက်မှတ်တန်ဖိုးကျပ် ၁၀၀၀ ဖြင့်သတ်မှတ်ပြီးတော့ တချို့ဒေသမှာ ၅၀၀ လို့သိရပါတယ်။ ဒီ ၁၀၀၀ ဟာ အဲဒီ ၁၉၉၄ ခုနှစ်တုန်းက ဝန်ထမ်းရဲ့လစာ ၄၄၀ ကျပ်ရတဲ့ အထက်တန်းစာရေးဝန်ထမ်းမှာ လစာရဲ့နှစ်ဆကျော်ကျော်ရှိနေပါတယ်။ ယခု လက်ရှိ ဒီဝန်ထမ်းဟာ ပင်စင် သွားနေကြပါပြီ။ သူတို့အခွင့်အရေးတွေ ဆုံးရှုံးနေတာ နှစ်ပေါင်းအတော်ကြာ သွားပြီဖြစ်ပါတယ်။ GEC သည် ဝန်ထမ်းများအတွက် အစိုးရဌာနများမှရရှိသော ကုန်ပစ္စည်းများကို ဝန်ထမ်းသက်သာမှ တစ်ဆင့် အစုရှယ်ယာ ဝန်ထမ်းများထံ ပြန်လည်ဖြန့်ဖြူးပေးခဲ့ပါတယ်။ အခုအခါ GEC မှ ဖြန့်ဖြူးပေးသော ပစ္စည်းများ မရရှိတော့သည်မှာ နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ မေးခွန်းအနေနဲ့ GEC အသင်းစု များတွင် အသင်းဝင်စာရင်းများရှိပါက အသင်းဝင်များထည့်ဝင်ထားသောငွေများ မည်မျှသုံး၍မည်သို့ ဆောင်ရွက်ထားပါသလဲ။ အသင်းအဆောက်အအုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ ငွေကြေးများကို မည်သို့ဆောင်ရွက်ထားပါသလဲ။ မည်သည့်ပုဂ္ဂိုလ်များမှ အသင်းကို မည်ကဲ့သို့ စီမံဆောင်ရွက်      နေကြပါသလဲ။ ဝန်ထမ်းပေါင်းစုံ GEC သမဝါယမအသင်း ဆက်လက်ရှိနေပါ‌သေးသလား။ အသင်းကြီးအနေဖြင့် ဆက်လက်တည်ရှိနေသေးပါက ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် မည်ကဲ့သို့ပံ့ပိုး ကူညီပေးနိုင်ပါမည်နည်း။ သိလိုပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။


 

ဖြေကြားသူ
ဦးအုန်းမြင့်(ပြည်ထောင်စုဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန)
အဖြေ

လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည် တော်ကြီးများ၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်များ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်သရင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား။ကျွန်တော်ကတော့ သမဝါယမ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသော သမဝါယမအသင်းများရဲ့ အဆောက်အဦများ၊ ပိုင်ဆိုင်မှုများ၊ ဝင်ငွေရရှိမှုများ၊ ကိုယ်ကျိုးရှာနေမှုများကို ဖော်ထုတ်ပြီး        ပြည်သူများရဲ့ ခံစားခွင့်များကိုပြန်လည်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိနဲ့ ဝန်ထမ်းများကို အထောက်အပံ့ဖြစ်စေရေးအတွက် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း GEC ဖွဲ့စည်းမှုကိစ္စနဲ့ ပတ်သက်၍ မေးမြန်းထားသည့်မေးခွန်းနှစ်ခုကို တစ်ပေါင်းတည်း ဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့ ဖြေကြားချက်များမှာ ကိန်းဂဏန်း အချက်အလက်များ၊ ခုနှစ်သက္ကရာဇ်များပါရှိနေပါသဖြင့် လွဲမှားခြင်းမရှိစေရန်အတွက် ဖတ်ကြား တင်သွင်းခွင့်ပြုပါရန် လေးစားစွာ တင်ပြခွင့်တောင်းအပ်ပါတယ်ခင်ဗျား။ 
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဖတ်ရှုလေ့လာရ သလောက် သမဝါယမအသင်းဆိုသည်မှာ စိတ်တူကိုယ်တူ၊ ဆန္ဒတူပေါင်းစပ်ပြီး မိမိတို့ရဲ့စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနဲ့အညီ စီမံ ခန့်ခွဲဆောင်ရွက်တဲ့အဖွဲ့အစည်း၊ တစ်နည်းအားဖြင့် စိတ်တူကိုယ်တူချင်း သဟဇာတအတူတကွ ဖြစ်ပေါ်ပူးပေါင်းခဲ့ပြီး တစ်ဦးနဲ့တစ်ဦး အညမည အပြန်အလှန်အကျိုးပြုတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သမဝါယမအသင်းကို ၁၈၄၃ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ ရောစ်ဒေးမြို့ကစတင်ပြီး မြန်မာနိုင်ငံ မှာတော့ သမဝါယမအသင်းကို ၁၉၀၄ ခုနှစ်၊ မြင်းမူမြို့နယ်ကစတင်ခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါ တယ်။ ခေတ်ကာလအလိုက် ဆောင်ရွက်ခဲ့ကြတဲ့ သမဝါယမလုပ်ငန်းများရဲ့ အခြေအနေပေါ်မူတည်ပြီး ၁၉၁၂ ခုနှစ်  သမဝါယမအသင်းအက်ဥပဒေ၊ ၁၉၂၇ ခုနှစ် သမဝါယမအသင်းအက်ဥပဒေ၊        ၁၉၅၆ ခုနှစ် သမဝါယမအသင်းအက်ဥပဒေ၊ ၁၉၇၀ ခုနှစ် သမဝါယမအသင်းအက်ဥပဒေစသဖြင့် ပြောင်းလဲပြဋ္ဌာန်းကျင့်သုံးခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ယခုတည်ဆဲ ၁၉၉၂ ခုနှစ် သမဝါယမအသင်း အက်ဥပဒေဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီးတော့ အခန်း ၁၀ ခန်း ပါဝင်ပါတယ်။ သမဝါယမအသင်းဥပဒေပါအချက်များ ဖောက်ဖျက်မှုရှိခဲ့မယ်ဆိုရင် တည်ဆဲပြစ်မှု ဆိုင်ရာဥပဒေများအရ အရေးယူခြင်း၊ တစ်မိသားစုတည်းမဟုတ်သူပုဂ္ဂိုလ် ငါး ဦးဖြင့်ပင် အသင်းကို ဖွဲ့စည်းနိုင်ခွင့်ရှိခြင်း၊ ဖွဲ့စည်းထားတဲ့ သမဝါယမအသင်းများဟာ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကုန်သွယ် ခြင်း၊ ဝန်ဆောင်မှုပြုလုပ်ခြင်းနဲ့ အခြားသောအထွေထွေလုပ်ငန်းများစသဖြင့် လုပ်ငန်း လေးမျိုး လုပ်ဆောင်နိုင်ပါတယ်။ ဖွဲ့စည်းမှုပိုင်းမှာလည်း အခြေခံအသင်း၊ အသင်းစု၊ အသင်းစုချုပ်၊ ဗဟို သမဝါယမ အသင်းစသဖြင့် ဖွဲ့စည်းခြင်းတို့ကို ပြဋ္ဌာန်းထားပါတယ်။ ၁၉၇၀ ခုနှစ်၊ သမဝါယမအသင်း အက်ဥပဒေနဲ့ ဖွဲ့စည်းခဲ့တဲ့အသင်းများကိုတော့ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ များနဲ့အညီ ဖျက်သိမ်းသင့်သည်များကိုဖျက်သိမ်းပြီး အချို့အသင်းများကိုတော့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးခိုင်မောင်ရည်ရဲ့ မေးခွန်းမှာပါဝင်တဲ့ သမဝါယမအသင်းများရဲ့ အဆောက်အဦပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီးသမဝါယမဝန်ကြီးဌာန အသုံးပြုခွင့်ရခဲ့တဲ့ ပြည်သူပိုင်သိမ်းယူထားခဲ့သော အဆောက်အဦများမှာ ရန်ကုန်မြို့မှာ ၉၂ ခန်း၊ ကျန်သောတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ၆၄ ခန်း၊ စုစုပေါင်း ၁၅၆ ခန်းရှိပြီး ၂၀၁၁ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှာ အခန်း ၁၆ ခန်းကို နိုင်ငံပိုင်ပစ္စည်းများ ပုဂ္ဂလိကပြုလုပ် နိုင်ရေးကော်မရှင်သို့ အပ်နှံခဲ့ပြီး ကျန်အဆောက်အဦများ၊ အခန်းများကိုတော့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှာ အပြီးစာရင်းရှင်းလင်းဆောင်ရွက်လျက်ရှိပြီး အပ်နှံရန် ဆောင်ရွက်ဆဲရှိပါ တယ်။ အခြေခံသမဝါယမအသင်းများမှာ အသင်းဝင်သစ်များတိုးပွားလာဖို၊့ အစုရှယ်ယာတွေတိုးမြှင့် လာဖို့နဲ့ အသင်းရဲ့အကျိုးစီးပွားကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်မယ့် အမှုဆောင်များ ရွေးချယ်ရေးကိစ္စများ ဆောင်ရွက်နိုင်ဖို့လည်း သမဝါယမအသင်းအားလုံးကို ၂၀၀၉ ခုနှစ်ကတည်းက ညွှန်ကြားလွှာအမှတ် ၃/၂၀၀၉ နဲ့ ညွှန်ကြားဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်။ ယခုအခါမှာ သမဝါယမအသင်း ဆိုင်နဲ့မြေနေရာများ ငှားရမ်းမှုနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး၊ သမဝါယမ အသင်းစုချုပ်ရဲ့ တန် ၃၀ ကျဆီစက်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ သတင်းစာမှာကြေညာပြီး ဆောင်ရွက် ခဲ့တဲ့အခါမှာ ယခင်က တစ်လကို ၆ သိန်းရရှိနေရာမှ ယခုနှစ် ၂၀၁၁ ခုနှစ်မှစပြီး ၂၀.၅ သိန်းအထိ    ငါးနှစ် စာချုပ်ချုပ်ဆို၍ လစဉ်တိုးမြှင့်ရရှိခဲ့တာကို ‌တွေ့ရှိရမှာဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ အလားတူပဲ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံရေယာဉ်‌လျောလမ်းတည်ဆောက်ရေးလုပ်ငန်းကို အလားတူ open တင်ဒါနဲ့လေလံပစ်ပြီးဆောင်ရွက်ခဲ့တဲ့အခါမှာ တစ်လကို ကျပ် ၇ သိန်းသာရရှိခဲ့ရာမှ ယခုနှစ်မှာ ၅၇.၆ သိန်းအထိ တိုးမြင့်ရရှိခဲ့ပါတယ်။ သမဝါယမအသင်းများရဲ့ ပိုင်ဆိုင်မှုများ ကိုယ်ကျိုးရှာခြင်းများ ရှိကြောင်းကိုလည်း တရားဝင်တိုင်ကြားချက်များရရှိလာပါက သမဝါယမဦးစီးဌာနက စုံစမ်းစစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်းနေသလို စာရင်းစစ်ချုပ်ရုံးမှလည်း စစ်ဆေးအရေးယူပြီး ဥပဒေနဲ့ဆောင်ရွက် လျက်ရှိကြောင်းတင်ပြအပ်ပါတယ်။ ဝန်ထမ်းများသက်သာချောင်ချိမှုကို အထောက်အကူပြုနိုင်ရန် အတွက် GEC အစိုးရဝန်ထမ်းပေါင်းစုံ အသင်းများကို ၁၉၉၃-၁၉၉၄ ခုနှစ်မှာစတင်ပြီး ဖွဲ့စည်းခဲ့ပါ တယ်။ GEC အသင်းများမှာ ဝန်ထမ်းပေါင်းစုံ GEC နဲ့ ပညာရေးဝန်ထမ်း GEC ဆိုပြီး လက်ရှိ ဖွဲ့စည်းထားတဲ့အသင်းများမှာ GEC အသင်းစုချုပ် နှစ်သင်း၊ GEC သမဝါယမအသင်းစု ၃၇ သင်း၊ GEC သမဝါယမအ‌ြခေခံအသင်း ၄၃၆ သင်း၊ စုစုပေါင်း ၄၇၅ သင်းရှိနေပြီဖြစ်ပါတယ်။  အသင်းဝင် အစိုးရဝန်ထမ်းပေါင်း ၆၄၇၄၅၀ ဦးရှိပြီးတော့ အစုငွေပေါင်း ၇၅၁.၂၅ သန်းဖြင့် ကုန်ပဒေသာဆိုင် လုပ်ငန်း၊ အရစ်ကျကုန်ပစ္စည်းရောင်းချရေးလုပ်ငန်း၊ Microfinance လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း စသည်ဖြင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြပြီးတော့ အသင်းရဲ့စီမံခန့်ခွဲမှုကိုလည်း အသင်းသား များကရွေးချယ်ထားတဲ့ သက်ဆိုင်ရာအမှုဆောင်များကြီးကြပ် ဆောင်ရွက်လျက်ရှိကြပါတယ်။ အသင်း တစ်သင်းရဲ့ စီးပွားရေးလုပ်ငန်းအောင်မြင်မှု၊ မအောင်မြင်မှုများဟာ သက်ဆိုင်ရာအသင်းရဲ့ တစ်သင်း ချင်းစီမှာပါဝင်တဲ့ အသင်းသားများရဲ့ပူးပေါင်းပါဝင်မှု၊ ဒါရိုက်တာအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုပေါ်      မူတည်ပါတယ်။ ဥပမာတင်ပြရမယ်ဆိုရင် မန္တလေး GEC ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းဟာ ပင်မအရောင်းဆိုင်လုပ်ငန်း၊ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်း၊ အသင်းသားဝန်ထမ်းများသို့     ကုန်ပစ္စည်းများ အရစ်ကျရောင်းချ‌ပေးတဲ့လုပ်ငန်း၊ အရစ်ကျချေးငွေလုပ်ငန်းနဲ့ GEC ဆေးရုံ၊ GEC ဘော်ဒါဆောင်၊ GEC သကြားစက်၊ GEC ဆီစက် စသည်ဖြင့် လုပ်ငန်းများကို အသင်းပိုင်ရင်းနှီးငွေနဲ့ လှည့်ပတ်ငွေ သိန်းပေါင်း ၁၀၀၀၀ ကျော်နဲ့ အောင်မြင်စွာ ဆောင်ရွက်လျက် ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားတဲ့ ကျွန်တော်တို့အသင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အနည်းငယ် ရှင်းလင်းတင်ပြလိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အစိုးရ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမီတက်ရဲ့ ၃၁-၃-၂၀၁၁ ရက်နေ့အထိ ဘဏ္ဍာရေး အခြေအနေနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြ ပါမယ်။ အသင်းသားဦးရေစုစုပေါင်း ၁၀၆၆၂၉ ဦး ရှိပါတယ်။ အစုတန်ဖိုး ၂၄၄၅၅၀၄၆၃ ကျပ်နဲ့ ရင်းနှီးတန်ဖိုးဟာ ၁၂၁၅၂၈၄၅၅ ကျပ် ရှိပြီး၊ ရင်းနှီးမြှုပ်နှံငွေဟာ ၉၃၇၁၀၄၄၇ ကျပ် ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှာ အသင်းသားစုစုပေါင်း ၁၀၆၆၂၉ ဦးနဲ့ အစုရှယ်ယာငွေ  ၂၄၄၅၅၀၄၆၀ ကျပ်ဖြစ် ကြောင်းတွေ့ရှိရတဲ့အတွက် ၁၉၉၃-၁၉၉၄ ခုနှစ်ကနေပြီး ၂၀၀၃-၂၀၀၄ ခုနှစ် ၁၂ နှစ်တာကာလ အတွင်းမှာ အသင်းသားများကို အစုပေါ်အမြတ်နဲ့ ကုန်ငွေပေါ်ပြန်အမ်းငွေတစ်ဦးကို ၁၅၃၁ ကျပ် ထုတ်ပေးထားကြောင်းသိရှိရပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်ကနေပြီး ၂၀၁၀-၂၀၁၁ခုနှစ်ရဲ့ ၇ နှစ်တာ ကာလအတွင်းမှာ အသင်းသားများကို ထုတ်ပေးရန်ကျန်ရှိတဲ့ အမြတ်ငွေကျပ် ၂၁၈၉၂၈၆၃၊ ကုန်ငွေပေါ်ပြန်အမ်းငွေ ကျပ် ၁၅၅၁၅၃၆၉၀၊  စုစုပေါင်း ၁၇၇၀၄၆၅၅၃ ကျပ်နဲ့ ပြား ၆၀ ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့တင်ပြပါ အသင်းရဲ့အစုပေါ် အမြတ်ကိုထုတ်ယူမယ်ဆိုရင် လက်ရှိ အစုပေါ်အမြတ် ၂၀၈ ကျပ် ၆၈ ပြား၊ ကုန်ငွေပေါ်ပြန်အမ်းငွေ ၁၄၉၅ ကျပ် ၉၈ ပြား၊ စုစုပေါင်း ၁၇၀၄ ကျပ် ၈၄ ပြားထုတ်ယူနိုင်ပြီး ၎င်းရဲ့အသင်းကနုတ်ထွက်ဖို့ လျှောက်လွှာတင်ပြီးတရားဝင် တောင်းဆိုလာခဲ့မယ်ဆိုရင် ၎င်းအသင်းသားရဲ့အစုပေါ် အကျိုးအမြတ် ခံစားခွင့်ဟာ ၂၇၀၄ ကျပ်နဲ့  ၈၄ ပြားကို ထုတ်ယူရရှိနိုင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ 
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၃၅ မှာ နိုင်ငံတော်ရဲ့စီးပွားရေး စနစ်ဟာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားတာနဲ့အညီ ၃၀-၃-၂၀၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းပြောကြားရာမှာလည်း စီးပွားရေး လုပ်ငန်းစဉ်တွေရဲ့ အချုပ်ကတော့ ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာ ဖြစ်ထွန်းလာအောင် ဆောင်ရွက် သွားဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်ဒေသဆိုင်ရာအဖွဲ့အစည်း၊ သမဝါယမ၊  ပုဂ္ဂလိကစတဲ့ စီးပွားရေးအင်အားစုအားလုံးကို ဈေးကွက်စီးပွားရေးစနစ်ဘောင်အတွင်း သဟဇာတ မျှတစွာနဲ့ တစုတစည်းတည်း စီပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင်  ရည်မှန်းဆောင်ရွက် သွားပါမယ်လို့ မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် သမဝါယမဝန်ကြီးဌာနအနေနဲ့ သမဝါယမ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းရုံးခြင်း၊ ပညာပေးခြင်း၊ ဥပဒေနည်းလမ်းများနဲ့    အညီ ဆောင်ရွက်ပေးခဲ့သလို မတည်ရင်းနှီးငွေနဲ့ နည်းပညာအကူအညီပေးခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ သမဝါယမအသင်းအားလုံးသို့ ကူညီဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်နေတဲ့အချိန် အတွင်းမှာပဲ မိမိတို့သမဝါယမအသင်းများရဲ့ စီးပွားရေးလုပ်ငန်းများ အောင်မြင်ပြီး အသင်းသားတစ်ဦးချင်း အကျိုးခံစားခွင့်ပိုမိုရရှိစေဖို့ အသင်းသားအားလုံးနဲ့ အသင်းသားများက ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အမှုဆောင်အဖွဲ့ကို ရွေးချယ်ပြီး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ 
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူပြုသမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ လူငယ်များအတွင်းမှာ သမဝါယမစီးပွားရေးပညာရပ်များ ပြန့်ပွားတတ်မြောက်    စေရန်ရည်ရွယ်ပြီး သမဝါယမစီးပွားရေးပညာရပ်များကို ကျောင်းပညာရေးအဖြစ်နဲ့ ဒီဂရီကောလိပ် တစ်ကျောင်း၊ ကောလိပ်ကျောင်းလေးကျောင်း၊ သင်တန်းကျောင်း ၂၁ ကျောင်း၊ စုစုပေါင်းကောလိပ်၊ သင်တန်းကျောင်း ၂၆ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ မကြာမီ ရန်ကုန်သမဝါယမ ဒီဂရီကောလိပ်ကိုလည်း သမဝါယမတက္ကသိုလ်အဆင့်သို့ တိုးမြင့်နိုင်အောင် ကျယ်ပြန့်စွာလေ့လာ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။ သမဝါယမဝန်ကြီးဌာနအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအထောက်အကူပြုသမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းတူ၊ စိတ်တူ၊ ကိုယ်တူအစုအဖွဲ့များ စည်းရုံးဖွဲ့စည်းလျက်ရှိတဲ့အပြင် သမဝါယမ အသင်းသားပြည်သူများနဲ့ ပြည်သူ့ဝန်ထမ်းများကို သမဝါယမနည်းလမ်းများနဲ့ အထောက်အပံ့ပေးနိုင် ရေးကိုလည်း နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်များနဲ့အညီကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက် စာအုပ်များကိုလည်း အားလုံးသိရှိအောင် ပေးဝေထားပြီး ဖြစ်ပါတယ်။ အကြံဉာဏ်ကောင်းများလည်းပေးစေလိုပါတယ်။ သမဝါယမအသင်းများနဲ့ ဂျီအီးစီသမဝါယမအသင်း ဆိုင်ရာကိစ္စရပ်များကို ပြည်သူများအတွက် စိတ်ပါဝင်စားစွာ မေးမြန်းမှုအတွက်လည်းအလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်အား အထူးကျေးဇူးတင်ရှိပါကြောင်း ဖြေကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။