ယခုကျင်းပဆဲ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးလိုတာကတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ၎င်းတို့ရှိရာ နယ်မြေ ဒေသများနှင့်စပ်လျဉ်း၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် စီမံဆောင်ရွက် နေမှုများနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ သိရှိလိုပါသဖြင့် ရှင်းလင်းဖြေကြားနိုင်ပါရန် မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ သမိုင်းမတင်မီခေတ်က ကျန်ရစ်ခဲ့တဲ့ အထောက် အထားများ၊ သမိုင်းတင်ပြီးခေတ် ကျန်ရစ်ခဲ့တဲ့အထောက်အထားများအရ အလွန်အင်မတန်မှ ယဉ်ကျေးမှု အမွေအနှစ်များပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီယဉ်ကျေးမှုအမွေအနှစ်များဟာ ကျွန်တော်တို့ လူမျိုးရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာများဖြစ်ပြီး ကမ္ဘာ့အလယ်မှာထည်ထည်ဝါဝါ ရပ်တည်နိုင်ဖို့ အထောက်အကူပြုထားတဲ့ အမွေအနှစ်များဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ အဲဒီ ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက် ရှိပါတယ်။ အဲဒီလို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တဲ့နေရာမှာလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ရာအတွက် ၁၉၉၈ ခုနှစ်မှာ ရှေးဟောင်းအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာ အဲဒီရှေးဟောင်း ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနဲ့ နည်းဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းအတည်ပြုပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကနေ့အခါမှာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်နဲ့ ပြည်သူများပါ ပါဝင်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်လျက် ရှိပါတယ်။ ဒါ့အပြင်လည်းပဲ ယဉ်ကျေးမှု ဝတ္ထုပစ္စည်းများထိန်းသိမ်း စောင့်ရှောက်တဲ့နေရာမှာ ၁၉၅၇ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ ရှေးဟောင်း ယဉ်ကျေးမှုဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနဲ့အညီလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့် အဲဒီ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပိုမိုပြီးကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ထိန်းသိမ်း နိုင်ဖို့ရန်အတွက် အဲဒီ ၁၉၅၇ ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းတဲ့ဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။ မကြာမီမှာ Cabinet တင်နိုင်မှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် တင်ပြီးတဲ့အခါမှာ အဲဒီဥပဒေဟာ အတည်ဖြစ်လာမှာဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောကြားလိုပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီလို ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တဲ့နေရာမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ရာအတွက် ဥပဒေနှင့်အညီ ရှေးဟောင်းယဉ်ကျေးမှုဇုန်များလည်း သတ်မှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို သတ်မှတ် ဆောင်ရွက်တဲ့ ရှေးဟောင်းယဉ်ကျေးမှုဇုန်များဟာ မြန်မာနိုင်ငံအတွင်းမှာ ၃၇ ဇုန် ရှိပါတယ်။ ဒီ ၃၇ ဇုန်ရဲ့ အမည်စာရင်းကိုတော့ အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော် အသေးစိတ်ဖတ်ကြား ရှင်းလင်းခြင်းမပြုတော့ပါဘူး။ အဲဒီလို ၃၇ ဇုန် သတ်မှတ်တဲ့နေရာမှာ သတ်မှတ်ပုံ၊ သတ်မှတ်နည်းကို ယေဘုယျအားဖြင့် ကျွန်တော် ရှင်းလင်းပြောကြားရလို့ရှိရင် ရှေးဟောင်းလူတူပရိုင်းမိတ်များတွေ့ရှိ ရာဒေသများ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု ထွန်းကားရာဒေသများ၊ ပျူခေတ် ရှေးဟောင်းမြို့ပြများ၊ သမိုင်းတင်ခေတ်ဖြစ်တဲ့ ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ ရတနာပုံခေတ်ဒေသများ၊ နောက်တစ်ခါ ပုဂံ၊ စစ်ကိုင်း၊ မြောက်ဦး၊ မိုင်းမော၊ ဝိုင်းကျွန်းစတဲ့ဒေသများ၊ ရှေးဟောင်းဂူတွေဖြစ်တဲ့ ခရုံဂူ၊ ရသေ့ပျံဂူစတဲ့ဂူများ၊ ရှေးဟောင်းစေတီများဖြစ်တဲ့ ရွှေဘုန်းပွင့်စေတီ၊ ဗိုလ်တထောင်စေတီ၊ ကျိုက်ထီးရိုးစေတီ၊ ဆူးလေစေတီနဲ့ ရွှေတိဂုံစေတီတော်များ စသည်ဖြင့်ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်တို့ ရှေးဟောင်းယဉ်ကျေးမှုဒေသများ သတ်မှတ်ပြီးဆောင်ရွက်တဲ့အခါမှာလည်းပဲ ယဉ်ကျေး မှုအမွေအနှစ်များကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းနိုင်ဖို့နဲ့ အဲဒီပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူများရဲ့ နေ့စဉ်နေထိုင်လုပ်ကိုင်စားသောက်မှုမှာ မလိုလားအပ်တဲ့အခက်အခဲတွေ မဖြစ်ပေါ်စေ နိုင်ဖို့ရာအတွက် ရည်ရွယ်ပြီးတော့ အဲဒီ ၃၇ ခုသော ရှေးဟောင်းယဉ်ကျေးမှု ဇုန်တိုင်းဇုန်တိုင်းမှာ အဆင့်သုံးဆင့်ခွဲခြားသတ်မှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆင့်(၁)ကတော့ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ Ancient Monument ဇုန်ဖြစ်ပါတယ်။ ဒီဇုန်ကတော့ ရှေးဟောင်းပစ္စည်းများကို ကာကွယ်ထိန်းသိမ်းမှုစည်းကမ်းသတ်မှတ်ချက် အမြင့်ဆုံးဖြစ်ပါတယ်။ နံပါတ် (၂) အဆင့်ကတော့ ရှေးဟောင်းနေရာတည်ရှိရာဇုန် ဖြစ်ပါတယ်။ Ancient Site ဇုန်ဖြစ် ပါတယ်။ ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းမှု စည်းကမ်းသတ်မှတ်ချက် အလယ်အလတ် ဖြစ်တဲ့အဆင့်ဖြစ်ပါတယ်။ နံပါတ် (၃) အဆင့်ကတော့ ကာကွယ်ထိန်းသိမ်းသောဇုန်၊ Protective and Preserve ဇုန်ဖြစ်ပါတယ်။ ဒီဇုန်ကတော့ ရှေးဟောင်းပစ္စည်းများကို ကာကွယ်ထိန်းသိမ်းမှု စည်းကမ်း သတ်မှတ်ချက် ပျော့ပျောင်းတဲ့နယ်မြေဖြစ်ပါတယ်။ အဲဒီဇုန်များအတွင်းမှာ ပါဝင်နေတဲ့နယ်မြေ များမှာတော့ ကျွန်တော်တို့ အဆောက်အဦအသစ်များဆောက်လုပ်ခြင်း၊ အဆောက်အဦအဟောင်း များ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း၊ ရှေးဟောင်းအဆောက်အအုံစေတီပုထိုးများ ပြုပြင်မွမ်းမံ တည်ဆောက်ခြင်း၊ လမ်းတံတားများတည်ဆောက်ခြင်း၊ ရေတွင်းရေကန်၊ ငါးကန်များတူးဖော်ခြင်း၊ လယ်ယာစိုက်ပျိုးထွန်ယက်ခြင်းများဟာ အဲဒီ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများအတွင်းက သာဆောင်ရွက်ခွင့်ပြုတာဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဖြစ်အောင်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ရှင်းလင်း ပြောကြားလိုပါတယ်။ အဲဒီလို ကျွန်တော်တို့ ရှေးဟောင်းယဉ်ကျေးမှုဇုန် ၃၇ ခုမှာ အဆင့်သုံးဆင့် သတ်မှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိတဲ့ ယဉ်ကျေးမှုနယ်မြေကတော့ ရှစ်ခု ရှိပါတယ်။ ပုဂံယဉ်ကျေး မှုနယ်မြေ၊ တကောင်းယဉ်ကျေးမှုနယ်မြေ၊ ဟန်လင်းယဉ်ကျေးမှုနယ်မြေ၊ အင်းဝမြို့ဟောင်းယဉ်ကျေး မှုနယ်မြေ၊ မြင်စိုင်းမြို့ဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပင်းယမြို့ဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပလိပ် ဒေသယဉ်ကျေးမှုနယ်မြေနဲ့ မြောက်ဦးမြို့ဟောင်းယဉ်ကျေးမှုနယ်မြေတို့ဖြစ်ပါတယ်။ အဆင့်နှစ်ဆင့် သတ်မှတ်ပြီးတော့ ဆောင်ရွက်နေတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကလည်း ရှစ်ခု ပဲရှိပါတယ်။ ဒါကတော့ မန္တလေးမှာရှိတဲ့ ဗားကရာကျောင်းတော်ကြီး၊ အတုမရှိကျောင်းတော်ကြီး၊ ရွှေနန်းတော် ကျောင်းတော်ကြီး၊ နန်းတော်ရာစန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ သရေခေတ္တရာမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်း၊ ခရုံဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူနဲ့ ရွှေတိဂုံစေတီတော်တို့ ဖြစ်ပါတယ်။ ကျန်တဲ့ ရှေးဟောင်းယဉ်ကျေးမှုဒေသ ၂၁ ခုကတော့ အဆင့်တစ်ခုတည်းနဲ့ သတ်မှတ်ဆောင်ရွက်လျက်ရှိ တယ်ဆိုတာကို ကျွန်တော် ရှင်းလင်းပြောကြားလိုပါတယ်။ အဲဒီလို ယဉ်ကျေးမှုဒေသများကို အဆင့်များ ခွဲခြားသတ်မှတ်ပြီးတဲ့အခါမှာ နိုင်ငံတော်ရဲ့အား၊ ဒေသအာဏာပိုင်များရဲ့အား၊ နောက်တစ်ခါ စေတနာ ရှင်ပြည်သူများရဲ့အား၊ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအားများနဲ့ ပြုပြင်မွမ်းမံတည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ပြုပြင်မွမ်းမံတည်ဆောက်မှုကို ဆွေးနွေးတင်ပြရရင်တော့ အဲဒီ ရှေးဟောင်းအမွေအနှစ်များရဲ့ (၁) ခေတ်ကာလအရတန်ဖိုးမြင့်မားခြင်း၊ (၂) သမိုင်းဆိုင်ရာအထောက် အထားများအရေးပါခြင်း၊ (၃) ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းမြင့်မားခြင်းနဲ့ (၄) ဗိသုကာနဲ့ အနုပညာလက်ရာများကို ထူးခြားကောင်းမွန်ခြင်းစတဲ့အချက်များကို စိစစ်ပြီးတော့ နှစ်စဉ်စီမံချက် များရေးဆွဲကာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ရှေးဟောင်း အမွေအနှစ်ဒေသများကို ပြုပြင်ဆောင်ရွက်တဲ့အခါမှာလည်းပဲ အဓိကအားဖြင့် နည်းနှစ်နည်းနဲ့ ဆောင်ရွက်ပါတယ်။ နံပါတ်(၁)ကတော့ Structure ပိုင်းဖြစ်တဲ့ ရှေးဟောင်းအဆောက်အအုံစေတီ ပုထိုးများရဲ့ အဆောက်အဦများ ပြုပြင်မွမ်းမံခြင်းဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ အတွင်းပိုင်းပန်းချီ၊ ပန်းပုလက်ရာများကို ပြုပြင်မွမ်းမံခြင်းဖြစ်ပါတယ်။ အဆောက်အဦရဲ့ Structure ပိုင်းကို ပြုပြင်မွမ်းမံတည်ဆောက်တဲ့အခါမှာရော စေတီပုထိုးများကို ပြုပြင်မွမ်းမံတည်ဆောက်တဲ့အခါမှာပါ
ရှေးဟောင်းလက်ရာမပျက်အောင် တည်ဆောက်ပါတယ်။ ပြုပြင်မွမ်းမံပါတယ်။ ရှေးဟောင်းပုံများ အတိုင်းထုတ်ပြီးကာမှ ရှေးဟောင်းအုတ်တွေနဲ့ညီတဲ့ အုတ်တွေနဲ့ပြန်လည်ပြီးတော့ မွမ်းမံပါတယ်။ သရိုးကိုင်တဲ့နေရာမှာလည်း ရှေးဟောင်းသရိုးနည်းကိုပဲ အသုံးပြုပါတယ်။ အုတ်စီတဲ့အခါမှာလည်း ရှေးဟောင်းပုံသဏ္ဍာန်အတိုင်းပဲ အုတ်စီမှုကိုပြုပြင်မွမ်းမံလုပ်ဆောင်ပြီးတော့ ထိန်းသိမ်းလျက်ရှိပါ တယ်။ အတွင်းပိုင်းမှာရှိတဲ့ အမွှမ်းပန်းတွေဖြစ်တဲ့ အင်္ဂတေပန်း၊ စဉ့်လက်ရာပန်း၊ နံရံဆေးရေး ပန်းချီတွေကိုတော့ ဓာတုဗေဒဆေးဝါးများ အသုံးပြုပြီးတော့ သိပ္ပံနည်းကျ ချေးချွတ်ခြင်း၊ ကြံ့ခိုင် ထိန်းသိမ်းခြင်း၊ အနားသတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ကျွန်တော်တို့ ပန်းချီလက်ရာများကို ထိန်းသိမ်းတဲ့အခါမှာ ပန်းချီလက်ရာများဟာ နှစ်ကာလကြာညောင်းလာတာနဲ့ အမျှအရောင်အသွေးပြယ်တတ်တဲ့ သဘောရှိတဲ့အတွက် ရေရှည်မှတ်တမ်းတင်ပြီး ကျန်ရှိအောင် အဲဒီ ပန်းချီလက်ရာများကို ဒစ်ဂျစ်တယ်နည်းနဲ့ ဓာတ်ပုံရိုက်ပြီးတော့လည်း စနစ်တကျထိန်းသိမ်းထားရှိ လျက်ရှိပါတယ်။ ဒါ့အပြင် ပန်းဆယ်မျိုးအနုလက်ရာများကိုလည်း ဓာတုဗေဒဆေးဝါးနဲ့ ခေတ်မီပစ္စည်း ကိရိယာများအသုံးပြုပြီးတော့ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားလိုပါတယ်။ အဲဒီလို ပြုပြင်ထိန်းသိမ်းဆောင်ရွက်တဲ့နေရာမှာလည်းပဲ ရှေးဟောင်းအမွေအနှစ် စေတီပုထိုး၊ ဘုရားကျောင်းကန်များဟာ တိုင်းတစ်ပါးသားလူမျိုးခြားများအတွက်တော့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်သက်သက်ဖြစ်သော်လည်း မြန်မာလူမျိုးများ၊ တိုင်းရင်းသားများအတွက် ကတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရုံသာမက ယုံကြည်ကိုးကွယ်ရာဘာသာတရားရဲ့ အထွတ်အမြတ်ထားရာများလည်း ဖြစ်တဲ့အတွက်ကြောင့် ရှေးဟောင်းစေတီပုထိုးများကို ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းခြင်းအားဖြင့် ဘာသာတရားရဲ့ အထွတ်အမြတ်အဖြစ်ပါတန်ဖိုးထား ပြီးတော့ ရှေးမူမပျက်ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိကြောင်းကို ရှင်းလင်းပြောကြားလိုပါတယ်။ အဲဒီလိုပြုပြင်မွမ်းမံဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်အားအပြင် ပြည်သူများရဲ့စေတနာအရလှူဒါန်း တဲ့အားကိုလည်း ရယူဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့အခါမှာ ပုဂံဒေသမှာရှိနေတဲ့ ရှေးဟောင်းဂူ၊ ပုထိုး ၆၃ ခုကို ပြည်သူရဲ့ လှူဒါန်းငွေသိန်းပေါင်း ၅၄၀၀ နဲ့ ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ ၁၁ ဆူပြုပြင်တည်ဆောက်ပြီးဖြစ်ပြီးတော့ ၁၆ ဆူက ပြုပြင်တည်ဆောက်ဆဲဖြစ်ပါတယ်။ ကျန် ၃၆ ဆူကို ဆက်လက်ပြီးတော့ ပြုပြင်တည်ဆောက်သွားမှာဖြစ်ကြောင်း ရှင်းပြလိုပါတယ်။ အလားတူပါပဲ။ မန္တလေးမြို့မှာရှိနေတဲ့ သုဓမ္မာဇရပ်ကိုလည်း ပြည်သူများရဲ့အားနဲ့ ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ မန္တလေးမြို့မှာ မင်းတုန်းမင်းတရားကြီးလက်ထက်က ကျွန်တော်တို့ သံဃာတော်များ စာတော်ပြန်ပွဲမှာ အသုံးပြုဖို့အတွက် ရည်စူးလှူဒါန်းဆောက်လုပ်ခဲ့တဲ့ သုဓမ္မာဇရပ် ၃၃ ဆောင်ရှိပြီးတော့ ဒုတိယကမ္ဘာ စစ်အတွင်းမှာ ကျွန်တော်တို့ ၁၄ ဆောင်ပျက်စီးခဲ့ပြီးတော့ ၁၉ ဆောင်ကျန်ရှိပါတယ်။ အဲဒီ ၁၉ ဆောင်ဟာလည်း နှစ်ကာလကြာမြင့်နေခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းများကြောင့် ဆွေးမြေ့ပျက်စီး လျက်ရှိပါတယ်။ ဒါကြောင့် အဲဒီသုဓမ္မာဇရပ် ၁၃ ဆောင်အနက် ၆ဆောင် ကို နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြုပြင်ပြီးတော့ ကျန်တဲ့ ၇ ဆောင်ကိုတော့ ကျွန်တော်တို့ စေတနာရှင်ပြည်သူများရဲ့ အလှူငွေကျပ် ၄၅၈ သိန်းနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာခင်ပြီးစီးမှာဖြစ်ကြောင်း ကျွန်တော် တင်ပြအပ်ပါ တယ်။ အလားတူပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့လည်း ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တာကို ရှင်းပြရမယ်ဆိုရင် အီတလီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဗဟိုဌာန ICCROM, UNDP, UNESCO အဖွဲ့များနဲ့ ပူးပေါင်းပြီးတော့ ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းအဆောက် အအုံများထိန်းသိမ်းခြင်း၊ နံရံဆေးရေး ပန်းချီများသန့်စင်ခြင်း၊ ပုဂံစေတီဘုရားများ မှတ်တမ်းပြုစု ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်တဲ့နေရာမှာလည်း ပြည်တွင်းပြည်ပမှ ပါရဂူဘွဲ့၊ မဟာဘွဲ့၊ ကာလတို၊ ကာလရှည် ထိန်းသိမ်းမှုနည်းပညာသင်တန်းများ တက်ရောက်အောင်မြင်ခဲ့တဲ့ဌာနမှ ကျွမ်းကျင်ပညာရှင်တွေ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာ ရှင်တွေ၊ နိုင်ငံတကာအတွေ့အကြုံရင့်ကျက်တဲ့ ပြည်တွင်းမှ ဗိသုကာနဲ့ အင်ဂျင်နီယာဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ၊ ICCROM, UNDP ယူနက်စကိုစတဲ့အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်း ပြီးတော့ ကျွန်တော်တို့ အကြံဉာဏ်များရယူပြီးတော့ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါ တယ်။ ထို့အပြင် ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန Archaeological Survey of India နဲ့ပူးပေါင်းပြီးတော့ အာနန္ဒာဘုရားကြီးရဲ့ အထွေထွေပြုပြင်ထိန်းသိမ်းခြင်းကို ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ထို့အတူ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များနဲ့လည်း ပူးပေါင်းညှိနှိုင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ အာဆီယံနိုင်ငံများနဲ့ ပူးပေါင်းပြီးတော့လည်း ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာအဆင့်မြင့်သင်တန်းများ အပြန်အလှန်တက်ရောက် ခြင်း၊ မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း၊ အီတလီ၊ သြစတြေးလျနဲ့ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များ မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်၍ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ ခေတ်မီနည်းပညာများကို စာတွေ့၊ လက်တွေ့ပို့ချခြင်း စသည်တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေ အနှစ်စာရင်း World Heritage List မှာထည့်သွင်းပြီးတော့ ကမ္ဘာ့အဆင့်၊ နိုင်ငံတကာအဆင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်လည်း ယူနက်စကိုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် လျက်ရှိပါတယ်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာပါဝင်အောင် ဆောင်ရွက်နေတဲ့နေရာမှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ အမည်စာရင်းတင်သွင်း ခြင်း nomination dossier အဆင့်ပဲကျန်ပါတော့တယ်။ nomination dossier တင်သွင်းပြီးလို့ ရှိရင်တော့ ယူနက်စကိုမှ ဆက်လက်ဆောင်ရွက်ရမယ့် Process များပဲ ကျန်တော့မှာဖြစ်ပြီးတော့ ဒီ Process များပြီးတဲ့အခါမှာတော့ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများဟာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်လာတော့မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါတယ်။ ဒါကြောင့် ရှေးဟောင်းအမွေအနှစ်များနဲ့ ရှေးဟောင်းယဉ်ကျေးမှုဒေသများကို ဥပဒေနဲ့အညီ မူဝါဒများချမှတ် ပြီးတော့ နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် ပြုပြင်မွမ်းမံထိန်းသိမ်းလျက်ရှိပါတယ်။ အဲဒီလို ပြုပြင်မွမ်းမံတည်ဆောက်ထိန်းသိမ်းတဲ့နေရာမှာ ပါဝင်ဆောင်ရွက်ရတဲ့ ဝန်ထမ်းများအနေနဲ့လည်း ရှေးဟောင်းယဉ်ကျေးမှုပညာမှာ မဟာဘွဲ့၊ ပါရဂူဘွဲ့ရရှိအောင် အတွေ့အကြုံမြင့်မားအောင် ခေတ်မီ နည်းစနစ်တွေကိုသိရှိအောင် နိုင်ငံတကာနဲ့သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပူးပေါင်း ဆောင်ရွက်မှုများနဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသများအနက်က သင့်လျော်တဲ့ဒေသများကို မိမိတို့ရဲ့စွမ်းအားနဲ့ ပြုပြင်ထိန်းသိမ်းရုံ သာမက ကမ္ဘာရဲ့အမွေအနှစ်စာရင်း World Heritage List ဝင်ဖြစ်လာအောင်၊ သတ်မှတ်ချက် ရရှိအောင်ကြိုးစားပြီးတော့လည်းပဲ ကျွန်တော်တို့ဆောင်ရွက်လျက်ရှိကြောင်းဖြေကြားပါသည်။
