(က)-ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာအုပ်စုရှိ တပေါင်း-ထန်းဇွန်-မြောက်တော-အလယ်စု-ကူရှည်နှင့် ဆိပ်ဖြူ ကတ္တရာလမ်းအထိ ကျေးရွာချင်းဆက်လမ်း ၄ မိုင်အား ကျောက်ချောလမ်း သို့မဟုတ် ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၅.၂၀၁၈)

 

ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၄၆ အုပ်စုလုံးကို  ၂၀၁၆-၁၇ ခုနှစ်မှာတွင် မိမိ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပွဲများ သွားရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သွားရောက်စဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်မှုမရှိသောကျေးရွာများကို စာရင်းပြုစုပြီး ဒုတိယအကြိမ် သွားရောက်ရန် စီစဉ်သည့်အခါ လယ်ယာလုပ်ငန်းများမပြီးပြတ်သောကြောင့် လယ်ယာလုပ်ငန်းများ ပြီးစီးသည့် ကူရှည်ကျေးရွာအုပ်စုဝင် အလယ်စုကျေးရွာဓမ္မာရုံ၌ ၈-၁-၂၀၁၈ ရက်နေ့တွင် ဒုတိယအကြိမ် မိမိ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါလမ်းကိုသာ  အဓိကထားပြီး တောင်းဆိုလာကြပါကြောင်း၊ မိုးရာသီတွင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအဝဝများကို အဆင်ပြေရန်အတွက် တပေါင်း-ထန်းဇွန်-မြောက်တော-အလယ်စု-ဆိပ်ဖြူ-ပေါက်ကတ္တရာလမ်းအထိ ရာသီမရွေးသွားလာရန် ခက်ခဲသောနေရာများ ပြုပြင်ပေးနိုင်ရန် တောင်းဆို လာကြပါကြောင်း၊

လွှတ်တော်ရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်ပါသောကြောင့် ကူရှည်ကျေးရွာအုပ်စုဝင် တပေါင်း-ထန်းဇွန်-မြောက်တော-အလယ်စု-ဆိပ်ဖြူ-ပေါက်ကတ္တရာ လမ်းအထိ ၄ မိုင် ကျေးရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်း သို့မဟုတ် မိုးရာသီတွင် အချိန်မရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ပေးနိုင်ပါက မည်သည့်အချိန်တွင် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် မပေးနိုင်ပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ တပေါင်း-ထန်းဇွန်-မြောက်တော-အလယ်စု-ကူရှည် ကျေးရွာချင်းဆက်လမ်းအရှည် ၄ မိုင်သည် ဆိပ်ဖြူ-ပေါက်လမ်းမကြီးနှင့် ဆက်သွယ်ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲနေသည့်လမ်း ဖြစ်ပါကြောင်း၊ လမ်း၏လက်ရှိအခြေအနေမှာ မြေသားလမ်းဖြစ်ပြီး ကျေးရွာလေးရွာ၊ အိမ်ခြေ ၄၂၅ အိမ်နှင့် လူဦးရေ ၃၀၀၀ ခန့်ကို အကျိုးပြုလျက်ရှိသည့်လမ်းဖြစ်ပါကြောင်း၊

ဆိပ်ဖြူမြို့နယ်အတွင်းရှိ တပေါင်း-ထန်းဇွန်-မြောက်တော-အလယ်စု-ကူရှည်ကျေးရွာချင်းဆက် လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် စတင်ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။