(ဆ)-ရွှေကျင်မြို့နယ်၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း စစ်တောင်းရာဘာခြံ (ရွှေကျင်) ၏ ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် တည်နေရာများ အတိအကျကို မြေပုံနှင့်တကွ ဖော်ပြပေးနိုင်ခြင်းရှိ/မရှိ၊ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၁၂. ၂၀၁၈)

 

ရွှေကျင်မြို့နယ်၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း စစ်တောင်းရာဘာခြံ (ရွှေကျင်) ၏ ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် တည်နေရာများ အတိအကျကို မြေပုံနှင့်တကွ ဖော်ပြပေးနိုင်ခြင်းရှိ/မရှိ၊ ယင်းမြေဧကများအနက် အသုံးပြုခြင်းမရှိဘဲ ချန်လှပ်ထားသည့်မြေများရှိပါက စိုက်ပျိုးမြေ အခက်အခဲရှိသည့် တောင်သူများအား စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ၂၀၁၄ ခုနှစ်မှ ၂၀၃၉ ခုနှစ်အထိ လုပ်ငန်းရှင်သို့ စာချုပ်ချုပ်ဆိုငှားရမ်းလုပ်ကိုင်ရာတွင် မည်သည့်သဘောတူစာချုပ်များ ပါဝင်ပါသနည်း၊ နှစ်စဉ်ငှားရမ်းခကို မည်မျှသတ်မှတ်ထားသနည်း၊ ငှားရမ်းခအတွက် နှစ်စဉ်အခွန်မည်မျှရရှိသနည်း၊ ဌာနကလုပ်ကိုင်နေရာမှ အဘယ်ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်သို့ ငှားရမ်းခဲ့ပါသနည်း၊ ဌာနအနေဖြင့် မည်သည့်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်လျက်ရှိသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာရှိ စစ်တောင်းရာဘာခြံ (ရွှေကျင်) သည် ၁၉၇၃ ခုနှစ် မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းမှ ပြည်သူပိုင်သိမ်းပိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနကနေပြီး အမှတ် (၂) အကြီးစားလုပ်ငန်းမှ ယင်းစစ်တောင်း ရာဘာခြံ (ရွှေကျင်) ကို လုပ်ငန်းရှင်တစ်ဦးသို့ ၂၁-၁၀-၂၀၁၄ ရက်နေ့မှ ၂၁-၁၀-၂၀၃၉ ရက်နေ့အထိ ရာဘာထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခြင်း စာချုပ်ချုပ်ဆို အကျိုးတူပူးပေါင်းလျက် ရှိသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းရှင်နှင့် သဘောတူချုပ်ဆိုထားမှုများ၊ လက်ရှိစစ်တောင်း ရာဘာခြံ (ရွှေကျင်) လုပ်ငန်း ထိရောက်မှု အတိုင်းအတာ ငှားရမ်းခများထဲမှ နိုင်ငံတော်၏ ဘဏ္ဍာငွေထဲသို့ မည်မျှစီးဝင်လျက်ရှိသည်ကို ပြည်သူများပွင့်လင်းမြင်သာစွာ သိရှိသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချို့သတင်းအချက် အလက်များအရ တိတိကျကျမဟုတ်သော်ငြားလည်း ပြည်သူတို့အမြင်အရ စက်မှုဝန်ကြီးဌာနကနေ အသုံးမပြုဘဲ အခြားရွှေလုပ်ငန်းရှင်များကို ငှားရမ်းထားခြင်း၊ ရောင်းချခြင်းဆိုပြီး အရပ်ပြောအနေဖြင့် ပြောဆိုနေကြခြင်းများ ရှိသည့်အတွက် ရှင်းရှင်းလင်းလင်း သိစေချင်သည့်အပြင် စီမံကိန်းအတွက်သုံးစွဲသည့် မြေဧကအတိုင်းအတာကို သိရှိပြီးမှ ထိရောက်မှုမရှိသည့် စိုက်ပျိုး‌မြေများကို ပြည်ထောင်စုအစိုးရမှ လိုအပ်သလို စီမံခန့်ခွဲနိုင်ရန်အတွက်လည်း မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်းအောက်ရှိ စစ်တောင်းရာဘာခြံ (ရွှေကျင်) ၏ လက်ရှိ အသုံးပြု လုပ်ကိုင်လျက်ရှိသည့် ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် ယင်းတို့၏ တည်နေရာများ အတိအကျကို မြေပုံနှင်‌့တကွ ဖော်ပြနိုင်ခြင်းရှိ/မရှိ၊ ယင်းမြေဧကများအနက်မှ အသုံးပြုခြင်းမရှိဘဲ လှပ်ထားသည့်မြေများရှိ/မရှိ၊ ရှိပါက ယင်းမြေနေရာများအား စိုက်ပျိုးမြေ အခက်အခဲရှိသည့် တောင်သူများအား စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ လုပ်ငန်းရှင် သို့ ၂၀၁၄ ခုနှစ်မှ ၂၀၃၉ ခုနှစ်အထိ စာချုပ်ချုပ်ဆို ငှားရမ်းလုပ်ကိုင်စေခဲ့ရာ ချုပ်ဆိုထားသည်စာချုပ်တွင် မည်သည့်သဘောတူညီချက်များ ပါဝင်ပါသနည်း၊ နှစ်စဉ်ငှားရမ်းခကို မည်မျှသတ်မှတ်ထားပါသနည်း၊ ယင်းသို့ငှားရမ်းထားသည့်အတွက် နိုင်ငံတော်မှ နှစ်စဉ်အခွန်မည်မျှ ရရှိပါသနည်း၊ ၂၀၁၄ ခုနှစ်အထိ ဌာနမှလုပ်ကိုင်နေရာမှ မည်သည့်အတွက်ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်သို့ ငှားရမ်းခဲ့သနည်းနှင့် လက်ရှိတွင် လုပ်ငန်းများကို လုပ်ငန်းရှင်သို့ ငှားရမ်းထားပြီးဖြစ်ရာ ဌာနအနေဖြင့် မည်သည့်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်လျက် ရှိသနည်းတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စစ်တောင်းတောင် ကြားရာဘာခြံ (ရွှေကျင်) ၏ လက်ရှိအသုံးပြု လုပ်ကိုင်လျက်ရှိသည့် ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် ယင်း၏ တည်နေရာများ အတိအကျကို မြေပုံနှင့်တကွ ဖော်ပြပေးနိုင်ခြင်းရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားလိုသည်မှာ စစ်တောင်းတောင်ကြား ရာဘာခြံ (ရွှေကျင်) ကို ယခင်က လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းတို့မှ လုပ်ကိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှစတင်၍ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားလုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ မူလခြံဧရိယာမှာ ၆၄၈၁.၉၇ ဧကဖြစ်ပြီး ၂၅-၄-၂၀၁၆ ရက်နေ့တွင် မြေဧရိယာ ၂၀၈၀ ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပါသဖြင့် လက်ရှိအသုံးပြု လုပ်ကိုင်လျက်ရှိသည့် မြေဧရိယာအကျယ်အဝန်းတွင် ၄၄၀၁.၉၇ ဧကဖြစ်ပါကြောင်း၊ အဆိုပါ ရာဘာခြံမြေများတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာ အုပ်စုနှင့်‌ ကံဘေးအိုင်ကျေးရွာအုပ်စုတို့တွင် တည်ရှိပြီး ယင်းမြေဧကများအနက်မှ အသုံးပြုခြင်းမရှိဘဲ ချန်လှပ်ထားသည့် မြေများရှိ/မရှိ၊ ရှိပါက ယင်းမြေနေရာများအား စိုက်ပျိုးမြေ အခက်အခဲရှိသည့် တောင်သူများအား စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေကြားလိုသည်မှာ ယင်းမြေဧရိယာ ၄၄၀၁.၉၇ ဧကအနက် ၄၀၀၁.၇၆ ဧကကို ၂၁-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ရာဘာထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားရှိခဲ့ပြီး နှစ်ရှည် (၂၅+၅) နှစ် အကျိုးတူလုပ်ကိုင် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ မြေ ၃၅၀ ဧကကိုလည်း ဒေသခံတောင်သူ ၁၆ ဦး သို့ ရာဘာထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ဌာနနှင့်‌တောင်သူအချိုး ၃၀း၇၀ သတ်မှတ်ပြီး လုပ်ကိုင် ခွင့်ပြုခဲ့ပါကြောင်း၊ ကျန်ရှိမြေနေရာများတွင် အဆောက်အဦများ၊ လမ်း၊ တံတားနှင့်ချောင်းမြေများသာ ဖြစ်ကြပါကြောင်း၊ ထို့အပြင် မြေဧရိယာ ၂၀၈၀ ဧကကို စွန့်လွှတ်မြေအဖြစ် ၂၀၁၆ ခုနှစ်က နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ပါကြောင်း၊ အသုံးမပြုသော မြေလွတ်များ မကျန်ရှိတော့သည့်အတွက် ထပ်မံစွန့်လွှတ်ရန် အစီအစဉ်မရှိပါကြောင်း၊

လုပ်ငန်းရှင်သို့ ၂၀၁၄ ခုနှစ်မှ ၂၀၃၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုငှားရမ်းလုပ်ကိုင်စေခဲ့ရာ ချုပ်ဆိုထားသည့် စာချုပ်တွင် မည်သည့်သဘောတူညီချက်များ ပါဝင်သနည်း၊ နှစ်စဉ်ငှားရမ်းခကို မည်မျှသတ်မှတ်ထားသနည်း၊ ယင်းသို့ငှားရမ်းထားသည့်အတွက် နိုင်ငံတော်မှ နှစ်စဉ်အခွန်မည်မျှ ရရှိသနည်းဆိုသည့် မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားသည်မှာ ၂၀၁၄ ခုနှစ်မှ ၂၀၃၉ ခုနှစ်အထိ လုပ်ငန်းရှင်နှင့် ချုပ်ဆိုထားသည့် ငှားရမ်းသဘောတူ စာချုပ်တွင် ခြံဝန်ထမ်းများ၏ လစာနှင့်စရိတ်များ အားလုံးကို လုပ်ငန်းရှင်မှ ကျခံရမည်၊ စာချုပ်မချုပ်ဆိုမီ ကာလအထိ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးထိန်းသိမ်းခဲ့သည့် ရာဘာစိုက်ခင်းများ ရှင်သန်စေရန် လုပ်ငန်းရှင်မှ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရမည်၊ သက်တမ်းကုန်ရာဘာပင်အိုများ ခုတ်လှဲပြီးနေရာများနှင့် မြေလွတ်နေရာများတွင် ရာဘာပင်အသစ်များ အစားထိုးစိုက်ပျိုးခြင်းများကို လုပ်ငန်းရှင်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆက်လက်ဆောင်ရွက် သွားရမည်ဟု ထည့်သွင်းချုပ်ဆို ထားရှိခဲ့ပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဌာနနှင့်လုပ်ငန်းရှင် ခွဲဝေအချိုးများအရ ခံစားရမည်ဖြစ်ပြီး အစေးလှီးရာဘာပင်အတွက် ၅၀း၅၀ အချိုး၊ ထိန်းသိမ်းရာဘာပင်များအတွက် ၄၀း၆၀ အချိုး၊ ပြန်စိုက်ရာဘာပင်အတွက် ၃၀း၇၀ အချိုးအတိုင်း ခံစားရမည်ဟု နှစ်ဦးနှစ်ဖက် တာဝန်ဝတ္တရားများကို တိကျစွာ ဖော်ပြပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်ထားရှိပါကြောင်း၊ ယခုလို အကျိုးတူလုပ်ကိုင် ဆောင်ရွက်ရခြင်းမှာ စာချုပ်ပါ ခွဲဝေမှုအချိုးအတိုင်း ဌာနမှဝင်ငွေရရှိပြီး ရာဘာ (ကြက်ပေါင်စေး) သည် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သော ကုန်စည်အမျိုးအစားတွင် ပါဝင်ပါသဖြင့် အခွန်ဆိုင်ရာ သက်သာကင်းလွတ်ခွင့် ရရှိထားပါကြောင်း၊

နောက်ဆုံးမေးခွန်းဖြစ်သည့် ၂၀၁၄ ခုနှစ်အထိ ဌာနကလုပ်ကိုင်နေရာမှ မည်သည့်အတွက်ကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်သို့ ငှားရမ်းခဲ့သနည်း၊ လက်ရှိတွင် လုပ်ငန်းကို လုပ်ငန်းရှင်သို့ ငှားရမ်းထားပြီးဖြစ်ရာ ဌာနအနေဖြင့် မည်သည့်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်လျက် ရှိသည်တို့ကို သိလိုခြင်းနှင့်ပတ်သက်၍ ဖြေကြားလိုသည်မှာ နိုင်ငံတော်အစိုးရ၏ တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး Public-Private Partnership (PPP) စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ၍ စနစ်တကျစိစစ်ရွေးချယ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ သဘောတူ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်နှင့် စာချုပ်ချုပ်ဆိုပြီး နှစ်ရှည်အကျိုးတူ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို အကျိုးတူဆောင်ရွက်ခြင်းဖြင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ PPP ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုသက်သာပြီး အကျိုးအမြတ်ရရှိခြင်း၊ အရည်အသွေးကောင်း ရာဘာပင်များ ပိုမိုစိုက်ပျိုးနိုင်ခြင်း၊ အရည်အသွေးမြင့် ရာဘာများပိုမိုထုတ်လုပ်ပြီး ပြည်တွင်းနှင့်ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် ဌာနမှတာဝန်ယူ ဆောင်ရွက်မှုအနေဖြင့် လုပ်ငန်းရှင်များကို စာချုပ်ပါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ စိစစ်ကြပ်မတ်ခြင်း၊ မျိုးကောင်းမျိုးသန့် အရည်အသွေးမီရာဘာပင်များ အစားထိုး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းစဉ်တစ်လျှောက် လိုအပ်သည့် နည်းပညာနှင့် စက်ကိရိယာများ ရရှိနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ဆက်သွယ်ပေးခြင်း၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးမီရာဘာများ ထုတ်လုပ်နိုင်ရေးအတွက် အစေးထုတ်ယူမှုမှအစ ထုတ်လုပ်မှုအဆုံး လုပ်ငန်းစဉ်တစ်လျှောက်လုံး ထားသိုမှုနှင့်အရည်အသွေး ထိန်းသိမ်းနိုင်မှု နည်းပညာများ ရရှိရေးအတွက်လည်း ပြည်ပပညာရှင်များနှင့် ချိတ်ဆက်ပေးခြင်း၊ ရာဘာအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ အထောက်အကူပြုသင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊ ယခုအသုံးပြုနေသော စက်ပစ္စည်းကိရိယာများကိုလည်း ခေတ်နှင့်အညီ ပြုပြင်မွမ်းမံခြင်း၊ ပြောင်းလဲခြင်းများကို ဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစောသလေးစော (ရွှေကျင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မေးခွန်းနံပါတ် (၃) တွင်ပါသည့် နိုင်ငံတော်အခွန်ဆိုသည့် နေရာတွင် နိုင်ငံတော်မှရရှိသော အချိုးအလိုက် ဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်တွင် အကျိုးအမြတ် မည်မျှရသည် ဆိုသည်ကို တိတိကျကျလေး ဖြေကြားနိုင်လျှင် ဖြေကြားပေးစေခြင်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေးတွင် မိမိစစ်ဆေးသည့်အခါ မြို့နယ်မန်နေဂျာအနေဖြင့် လက်ရှိအသုံးပြုနေသော မြေဧကက ၂၀၀၀ ရှိပါကြောင်း၊ စိုက်ပျိုးမြေဧက ၂၀၀၀ ရှိကြောင်း၊ အမှန်တကယ် စိုက်ပျိုးသည်မှာ အပင်ရှိတာက ၁၀၀၀ ပဲရှိပြီး ၎င်းထဲမှာမှ အပင်အိုက ၅၀၀ ရှိပါကြောင်း၊ တကယ်အစေးထွက်သည်မှာ ၅၀၀ သာရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ၎င်းမှာ အနည်းငယ်ကွဲလွဲနေခြင်း ရှိသည့်အတွက်ကို ဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ယခုကဲ့သို့ ကွဲလွဲချက်များကို တိတိကျကျ ပြန်လည်ပြီးစစ်ဆေးပေးရန် အစီအစဉ်ရှိ/မရှိ ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို

ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်ပြီး ဖြေကြားလိုသည်မှာ အခွန်အကောက်ဆိုင်ရာ ရာဘာအတွက် သီးခြားကင်းလွတ်ခွင့် ရရှိထားသည့်အတွက် ရာဘာနှင့်ပတ်သက်၍ အခွန်သီးခြားတင်ပြရန် မရှိပါကြောင်း၊ သို့သော် အခြားအခြားသော အခွန်များ၏ အသေးစိတ်ကို အတိအကျ ပြန်လည်စိစစ်ပြီး ရှင်းလင်းတင်ပြပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီးတွင်ရှိသည့် ပြည်နယ်/တိုင်း ဒေသကြီးနယ်မြေများတွင် စက်မှုဝန်ကြီးဌာနရှိ စက်မှုကြီးကြပ်ရေးနှင်‌့ စစ်ဆေးရေးဌာန ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းဌာနများမှတစ်ဆင့် ယခုလက်ရှိမြေပြင်တွင် ကွင်းဆင်းစစ်ဆေးပြီး အထွက်နှုန်းတိကျမှု ရှိစေရန်၊ အခြားအခြားသော ကွဲလွဲမှုများကိုလည်း ပြန်လည်မှန်ကန်စေရန် သီးခြားအထူးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ယခုလို ကွင်းဆင်းစစ်ဆေးသည့်အခါ ကွဲလွဲချက်များ၊ အထွက်နှုန်းကွာခြားမှုများ၊ အခြားအခြားသော ဒေသဆိုင်ရာ ပြောင်းလဲမှုများ၊ အထူးသဖြင့် ၎င်းဒေသသည် ရွှေထွက်သော ဒေသဖြစ်၍ ရာဘာပင်စိုက်ပျိုးရာမှ အခြားအခြားသော၊ ရွှေနှင့်ပတ်သက်သော သယံဇာတကိစ္စများ ပါဝင်လာသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပါ ပူးပေါင်းဆောင်ရွက်ပြီး အသေးစိတ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလို ကွင်းဆင်းဆောင်ရွက်ရန်ကိုလည်း မကြာမီ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး ဖြစ်သည့်အတွက် အမြန်ဆုံးစေလွှတ်မည် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပြီး ဆောင်ရွက်မည့် အခြားအခြားသော သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီးတွင်ရှိသည့် ရာဘာပင်များသာမက အခြားအခြားသော သယံဇာတကိစ္စများကိုပါ ကွင်းဆင်းပြီး ပြန်လည်စစ်ဆေးပြီး ကွဲလွဲချက်များကိုလည်း ရှိ/မရှိစစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။