ချင်းပြည်နယ်မှ မြစ်ဖျားခံပြီး စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ကို ဖြတ်သန်းစီးဆင်းသော မုန်းချောင်းသည် မိုင်အားဖြင့် ၁၉၆ မိုင် ခန့်ရှည်လျားပြီး ဧရာဝတီမြစ်ထဲသို့ စီးဝင်သောချောင်းတစ်ချောင်း ဖြစ်ပါကြောင်း၊ ချောင်းဟုခေါ်သော်လည်း မြစ်ငယ်တစ်ခုကဲ့သို့ ရေအားကောင်းသော ချောင်းတစ်ချောင်း ဖြစ်သည့်အပြင် ပွင့်ဖြူမြို့နယ်အတွက် ကောင်းကျိုးများပေးသကဲ့သို့ ဆိုးကျိုးများလည်း ပေးတတ်ပါကြောင်း၊ ရေအားလျှပ်စစ် များနှင့် စိုက်ပျိုးမြေဧကပေါင်း ၈၀၀၀၀ ကျော်ကို စိုက်ပျိုးထုတ်လုပ် နိုင်သည်မှာလည်း အဆိုပါချောင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံဖြစ်ပြီး ပွင့်ဖြူမြို့နယ်တစ်ခုလုံးနီးပါး ဒုက္ခရောက်စေခဲ့သည်မှာလည်း မုန်းချောင်းပင် ဖြစ်ပါကြောင်း၊
၉-၆-၂၀၁၈ ရက်မှ ၁၅ ရက်အထိ ခုနစ်ရက်ကြာ ရွာသွန်းခဲ့သည့်မိုးသည် မိုးရေချိန်လက်မ ၁၅.၆ လက်မကျော် ရွာသွန်းခဲ့ပြီး မုန်းချောင်းတစ်လျှောက် ရေကြီးရေလျှံဖြစ်ခဲ့ပါကြောင်း၊ ယခုလို ရေကြီးရေလျှံဖြစ်ခဲ့ပြီး မင်းမြေကွက်သစ်ကျေးရွာ၊ ရွာထောင်ကျေးရွာ၊ မရိုးကုန်းကျေးရွာတို့တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုသို့ကမ်းပါးပြိုကျမှုများကြောင့် မင်းမြေကွက်သစ်ကျေးရွာမှ အိမ်ခြေ ၁၃ အိမ်၊ ရွာထောင်မှ ခုနစ်အိမ်၊ မရိုးကုန်းကျေးရွာမှ ၇၈ အိမ် ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ထိုသို့ရွှေ့ပြောင်း ခဲ့ရသည့်အတွက် ကျေးရွာသူ/ရွာသားများ များစွာဒုက္ခရောက် ခဲ့ရပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည် ကမ်းပါးပြိုသည့် အိမ်ထောင်စုများကို ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါကြောင်း၊
ထို့ကြောင့် အဆိုပါ မုန်းချောင်းနှင့်ပတ်သက်ပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၏ ဒုတိယနေ့ ၁၇-၁၁-၂၀၁၆ ရက်နေ့တွင် မုန်းချောင်းတစ်စိပ်တစ်ပိုင်းအား ကမ်းထိန်းနံရံ ပြုလုပ်ခြင်း၊ ကွေ့ကောက်၍ စီးဆင်းနေသော မုန်းချောင်းရှိ သဲသောင်များအား ခြောက်တန်းဖောက်လုပ်ပေးရန် နှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ပြီး ဖြစ်သော်လည်း ဘတ်ဂျက်အခက်အခဲ၊ ဘဏ္ဍာငွေအခက်အခဲ များကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုလို အဖြစ်မျိုးများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါကြောင်း၊ ယခုလည်း မိုးမကျမီ ဆောင်ရွက်နိုင်ခြင်းမရှိပါက ထပ်မံရွှေ့ပြောင်းရအုံးမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ကျေးရွာသူ/ရွာသားများအတွက် ပြေးစရာမြေမရှိခြင်း နေစရာလည်း မြေမရှိခြင်းတို့ ရှိပါကြောင်း သို့ဖြစ်ပါ၍ မင်းမြေကွက်သစ်ရွာ၊ ရွာထောင်ရွာ၊ မရိုးကုန်းကျေးရွာတို့အား မုန်းချောင်းကမ်းပါးပဲ့ခြင်း အန္တရာယ်မှ လွတ်မြောက်ရန်၊ အမြန်ဆုံးအကာအကွယ် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မင်းမြေကွက်သစ်ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် မရိုးကုန်း ကျေးရွာတို့အား မုန်းချောင်းများအပြင် ဘက်ကမ်းပါး (Outer Bank) အပေါ်တွင် တည်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လ မုန်တိုင်းမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မုန်းချောင်းရေ ၁၃ ပေခန့် မြင့်တက်ခဲ့ပြီး မင်းမြေကွက်သစ် ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် မရိုးကုန်းကျေးရွာတို့အား ရေဦးထိုးတိုက်စား ခံလိုက်ရပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးတို့မှ ၁၃-၉-၂၀၁၈ ရက်နေ့တွင် အဆိုပါ ကျေးရွာသုံးရွာ ကမ်းပြိုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ မင်းမြေကွက်သစ် ကျေးရွာကမ်းပါးများသည် နုန်းမြေအမျိုးအစားဖြစ်ခြင်း၊ မုန်းချောင်းရေမြင့်တက်မှု မြန်ဆန်ခြင်း၊ မုန်တိုင်းမိုး ရက်ရှည် ရွာသွန်းမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်ရခြင်း ဖြစ်ပါကြောင်း၊ ကမ်းပြိုမှုများမှာ ပေ ၂၀၀၀ ခန့်ရှိသဖြင့် ၎င်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကွင်းဆင်းစဉ်အခါက ရွာထောင်ကျေးရွာအနီးတွင်လည်း မုန်းချောင်းရေက နှစ်ပေါင်း ၅၀၀ ကျော် ပထမတည်ထားခဲ့သည့် ရှေးဟောင်းအမွေအနှစ် စေတီဘုရားငါးဆူ၏ရှေ့သို့ ရေဦးထိုးတိုက်စားခဲ့ခြင်းကြောင့် ရွာထောင်ကျေးရွာ၏ ကမ်းပါးမှာ သဲမြေအမျိုးအစားဖြစ်ပြီး ကမ်းပြိုလမ်းတွင်ပေ ၁၅၀၀ ခန့်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊ ပုန်းပြင်မြို့နယ်၊ ရွာထောင်ကျေးရွာ မုန်းချောင်းရေ တိုက်စားမှုမှာ မရိုးကုန်းကျေးရွာသည် ဧရာဝတီမြစ်ရေနှင့် တစ်မိုင်ခန့်သာကွာဝေးပြီး မုန်းချောင်းရေမြင့်တက်ခြင်းနှင့် ဧရာဝတီမြစ်ရေကျဆင်းခြင်း ဖြစ်သောကြောင့် ချောင်းရေစီးမှု ပြင်းထန်သဖြင့် ရေတိုက်စားမှု ဖြစ်ပေါ်ရခြင်းဖြစ်ပါကြောင်း၊ ကမ်းပြိုသည့်အလျားမှာ ၂၅၀၀ ပေခန့်ရှိပြီး မရိုးကုန်းကျေးရွာ၊ မုန်းချောင်းရေ တိုက်စားမှုများ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းမြေကွက်သစ်ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် မရိုးကုန်းကျေးရွာတို့၏ ကမ်းပါးများကို မုန်းချောင်းရေ တိုက်စားခြင်းမှ ကာကွယ်ပေးနိုင်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းတိုင်းတာ တွေ့ရှိချက်များအရ ဆောင်ရွက်ပေးသင့်သော အစီအမံများကို လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်တွင်ပါရှိသည့် ရွာသုံးရွာအတွက် ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်းမှာ ကျပ်သန်း ၁၁၀၀ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းမြေကွက်သစ် ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် မရိုးကုန်းကျေးရွာတို့ကို မုန်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပဲ့ခြင်းမှ ကာကွယ်ပေးရန်အတွက် လိုအပ်သည့် ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်းငွေကျပ် သန်း ၁၁၀၀ ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လည်းကောင်း၊ မူလထဲ၌ထည့်သွင်း လျာထားခြင်း မရှိခဲ့သော်လည်း မကွေးတိုင်းဒေသကြီးအစိုးရ၏ လုပ်ငန်းပြောင်းသုံးစွဲငွေမှ ကျပ်သန်း ၁၅၀ အား မင်းမြေကွက်သစ်ကျေးရွာနှင့် ရွာထောင်ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးထားပြီး ဖြစ်ပါကြောင်း၊
၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းပြောင်းအနေဖြင့် ဆောင်ရွက်မည့် မင်းမြေကွက်သစ်နှင့် ရွာထောင်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများအတွက် နှစ်တန်းသွား Geo Bag ခင်းရေကာ ၇၀ ပေ လေးခုနှင့် Drawing Road ၁၅၀ ပေ x ၆၀ ပေ လေးခု ဆောက်လုပ်မည့်နေရာ မင်းမြေကွက်သစ်ကျေးရွာ မုန်းချောင်းရေတိုက်စားမှုအား ကာကွယ်ရန်အတွက် နှစ်တန်းသွား Geo Bag ခင်းရေကာတာ ၇၀ ပေ လေးခုဖြင့် Run Road ၁၅၀ ပေ x ၆၀ ပေ လေးခုဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ရွာထောင်ကျေးရွာ၊ မုန်းချောင်းရေတိုက်စားမှုအား ကာကွယ်ရန်အတွက် သုံးတန်းသွား မျောတိုင်တန်းအတွင်း သဲအိတ်ဖြင့် ကမ်းပါးထိပ်အကြား ၁၆၃၀ ပေ ဆောင်ရွက်မည့် ရွာထောင်ကျေးရွာ မုန်းချောင်းရေတိုက်စားမှုအား ကာကွယ်ရန်အတွက် သုံးလမ်းသွားမျောတိုင်တန်းတွင် သဲအိတ်ဖြင့် ကမ်းပါးအထိ အလျား ၁၆၃၀ ပေ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး အစိုးရ၏လုပ်ငန်းပြောင်း သုံးစွဲငွေကျပ်သန်း ၁၅၀ ဖြင့် ယင်းမြေကွက်သစ် ကျေးရွာနှင့်ရွာထောင်ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် မရိုးကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုယ်စားရှင်းလင်း ဖြေကြားပါသည်။
