(ဆ)-ငမိုးရိပ်ချောင်းရေတိုက်စားမှုကြောင်‌့ ကမ်းပြိုမှုအန္တရာယ်နှင်‌့ရင်ဆိုင်နေရသော သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်(၃၀)ရပ်ကွက်၊ သပြေလမ်းပတ်ဝန်းကျင်အား ကျောက်သားမြေထိန်းနံရံ(Retaining Wall) အမြန်ဆုံးတည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၁၂. ၂၀၁၈)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်နှင်‌့ အရှေ့ပိုင်းခရိုင်များသို့ ဖြတ်သန်းစီးဆင်းနေသည့် ငမိုးရိပ် ချောင်းသည် သင်္ဃန်းကျွန်းမြို့နယ်တွင် အကွေ့အကောက်များစွာ ဖြစ်ပွားနေပါသောကြောင့် အချို့နေရာ များတွင် ရေတိုက်စားမှုပြင်းထန်ပြီး ကမ်းပြိုမှုများဖြစ်ပေါ်နေပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ငမိုးရိပ်ချောင်း ရေတိုက်စားမှုကြောင်‌့ ယခုအခါ ကမ်းပြိုမှုအန္တရာယ်အရှိဆုံးနေရာမှာ ရန်ကုန်သစ် (၃၀) ရပ်ကွက် ဖြစ်ပါကြောင်း၊ ထိုရပ်ကွက်သည် ငမိုးရိပ်ချောင်းအစွယ် ပင်နဆူလာတစ်ခုအပေါ်တွင် တည်ရှိပါကြောင်း၊ ငမိုးရိပ်ချောင်းရေသည် (၃၀) ရပ်ကွက်၏ အရှေ့ဘက်သပြေလမ်းကို ဦးတည်တိုက်စား လျက်ရှိပါကြောင်း၊

၁၉၉၃ ခုနှစ်က ပေ ၁၅၀ လောက် ကမ်းစပ်နှင့်ကွာဝေးသော်လည်း ယခုအခါ အချို့နေရာများတွင် ၁၀ ပေ ခန့် မဝေးတော့ပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် သင်္ဃန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသော တံတား၏ရေစီးသန်သည့် ကင်းလွတ်ရေလမ်းကြောင်းသည် ထိုရပ်ကွက်ဆီသို့ ဦးတိုက်နေသောကြောင့် ကမ်းပြိုရခြင်း မြန်လာပါကြောင်း၊ ထိုရပ်ကွက်သည် ကမ်းပြိုခြင်းကို စိုးရိမ်ရသကဲ့သို့ ချောင်းရေတက်တိုင်း ရပ်ကွက်ထဲသို့ ရေဝင်ခြင်းကိုလည်း စိုးရိမ်ရပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်ပြည်သူများ စုပေါင်းပြီး ယာယီရေတားတာမံ ပြုလုပ်နေပါကြောင်း၊ ရပ်ကွက်ဘေးတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ ထွက်ခွာသည့်အခါနှင့် ကမ်းကပ်သည့်အခါများတွင် မောင်းအား၊ စက်အား၊ ပန်ကာ၏ရုန်းအား များခြင်းကြောင့် ကမ်းပါးပြိုခြင်း ပိုပြီးမြန်ဆန်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ငမိုးရိပ်ချောင်း‌ ရေတိုက်စားမှုကြောင်‌့ ကမ်းပြိုမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရန်ကုန်သစ် (၃၀) ရပ်ကွက်၊ သပြေလမ်း ပတ်ဝန်းကျင်ကို ကျောက်သားမြေထိန်း နံရံ(Retaining Wall) အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

 

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငမိုးရိပ်ချောင်းအတွင်းမှ ကမ်းပြိုကမ်းစားနေရာ ခြောက်နေရာအတွက် စုစုပေါင်းအလျား ၆၁၄၀ ပေ ဆောင်ရွက်သွားရန် ရန်ပုံငွေပါရှိပြီး ဖြစ်ပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည့် နေရာများတွင် ရွှေပြည်စိုးလမ်းနှင်‌့ ဟင်္သာလမ်းကြား၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂) ရပ်ကွက်၊ ပင်လုံအိမ်ရာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉) ရပ်ကွက်၊ သုဝဏ္ဏပန်းခြံအနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ မယ်လမုဘုရားအနီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၅၁) ရပ်ကွက် ကြိုးတံတားအနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ၊ (၂၂) ရပ်ကွက် ဂက်စ်ပိုက်လိုင်း ကြိုးတံတားအနီး တို့ဖြစ်ပါကြောင်း၊ ထို့နောက် မေးမြန်းထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် (၃၀) ရပ်ကွက်၊ သပြေလမ်းနေရာသည် အမှန်တကယ် ဆောင်ရွက်ပေးရန် လိုအပ်သည်‌့နေရာ ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပါဝင်ခြင်း မရှိပါသဖြင်‌့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။