(က)-ထီးချိုင့်မြို့နယ်၊ ကြက်တကောင်ကျေးရွာအုပ်စုတွင် နယ်မြေရဲကင်းစခန်းငယ်တစ်ခု ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၂.၁၂. ၂၀၁၈)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချို့မြို့နယ်အတွင်းရှိ ကြက်တကောင်ကျေးရွာအုပ်စု၏ နယ်မြေရဲကင်းတစ်ခု လိုအပ်ချက်ကို အပိုင်းနှစ်ပိုင်းခွဲပြီး တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပထမပိုင်းအနေဖြင့် ကြက်တကောင်ကျေးရွာအုပ်စုတွင် ပြုစုကုသမှုအောင်မြင်နေသည့် တိုက်နယ်ဆေးရုံနှင့် အနီးအနားကျေးရွာအုပ်စုများက အားထားရသည့် အခြေခံပညာ အထက်တန်းကျောင်းတို့ တည်ရှိနေပြီ ဖြစ်ပါကြောင်း၊ အ.ထ.က ရှိသော်လည်း တက္ကသိုလ်ဝင် စာမေးပွဲကို ကုန်းလမ်းအရ ၁၃ မိုင်ကျော်ဝေးသည့် ကမ်းနီစာစစ်ဌာနကို စာမေးပွဲအစအဆုံး ညအိမ်ညနေ မိဘများနှင့် ဆရာပါမကျန် လိုက်ပါသွားရောက် ဖြေဆိုကြရပါကြောင်း၊ စာစစ်ဌာနဆိုတာ ရဲကင်းလုံခြုံရေးရှိမှသာ ဖွင့်လှစ်နိုင်သဖြင့် အကယ်၍သာ ရဲကင်းဖွင့်လှစ်နိုင်ပါက မေးခွန်းအဖြေလွှာ လုံခြုံလျှင် ကျောင်းသား/သူပေါင်း ၁၉၀ ခန့်နှင့် မိဘများသည် မိမိကျေးရွာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ကြမည် ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းဖြစ်သည့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးပါပါကြောင်း၊ ကြက်တကောင်ကျေးရွာ အုပ်စုသည် ထီးချိုင့် မြို့နယ်နှင့် ကသာမြို့နယ်တို့၏ မြို့နယ်ချင်းအဆက်တွင် တည်ရှိနေပါကြောင်း၊ ထိုအခါ တရားမဝင်ကျွဲ/နွား မှောင်ခိုသွားရာလမ်းကြောင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်သည့်လုပ်ငန်းများ အများအပြားလုပ်ကိုင်ခဲ့သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊

ကြက်တကောင်ကျေးရွာနှင့် အင်းဒေါင်းကျေးရွာဆက်ထားသည့် ကွန်ကရစ်တံတားသည် ကျေးရွာလူထုဖြင့် အကုန်လုံးဝိုင်းဝန်းပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းတံတားသည် တစ်မိုင်ကျော် ရှည်လျားပြီး ကိုယ်ထူကိုယ်ထဆောက်လက်စ ကွန်ကရစ်တံတားဖြစ်ပါကြောင်း၊ ထူးခြားသည်မှာ တိုက်နယ်ဆေးရုံတစ်ခုလုံးက အ.ထ.က ပင်မကျောင်းဆောင်နှင့် လက်ရှိဆောက်လက်စ ကွန်ကရစ်တံတားတို့သည် ကြက်တကောင်ကျေးရွာ ဆရာတော်ဦးဇာဂရက် ကိုယ်တိုင်မတည်ဦးစီး ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖြည့်စွက်လှူဒါန်းရန်လည်း ဆက်လက်ပြီးတင်ပြထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကြက်တကောင် ကျေးရွာအုပ်စုသည် ကမ်းနီနယ်မြေ ရဲစခန်းအပိုင် ဖြစ်ပါကြောင်း၊ ကမ်းနီရွာမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်ရင် တစ်နာရီခွဲခန့် စက်လှေဖြင့်သွားရခြင်း ဖြစ်ပါကြောင်း၊ ကုန်းလမ်းမှ ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ကမ်းနီစခန်းမှ ချိတ်ပင်ကျေးရွာအထိ နှစ်မိုင်၊ ချိတ်ပင်ကျေးရွာမှ မန္တလေး-ဗန်းမော်ကားလမ်းဆုံအထိ တစ်မိုင်ကျော်၊ ၎င်းမန္တလေး-ဗန်းမော်ကားလမ်းဆုံနှင့် ချိတ်ပင်ကျေးရွာ လမ်းဆုံသည် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုအလွန်ထူပြောသည့် နေရာ ဖြစ်ပါေကြောင်း၊ အဆိုပါ နေရာမှ အင်ဒေါင်းလမ်းခွဲအထိ မန္တလေး-ဗန်းမော်ကားလမ်းမကြီးအတိုင်း ၈ မိုင်ဝေးပါကြောင်း၊ ၎င်းလမ်းခွဲမှ အင်းဒေါင်းကျေးရွာအထိ ၂ မိုင်ခွဲသွားပြီးမှ အင်ဒေါင်းကျေးရွာကနေ ကွန်ကရစ်တံတားကိုဖြတ်ပြီး ကြက်တကောင်ကျေးရွာအထိ စုစုပေါင်း ၁၃ မိုင်ကျော်ခရီး ဖြစ်ပါကြောင်း၊ ထီးချိုင့်စခန်းမှသွားလျှင် ၁၄ မိုင်ဝေးသည့် မဲအင်းကျေးရွာအထိ ဆိုင်ကယ်စီးရပြီး ၎င်းကျေးရွာမှတစ်ဆင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကြက်တကောင်ကျေးရွာကို စက်လှေဖြင့် နာရီဝက်ခန့်ကူးရခြင်း ဖြစ်သည့်အတွက် အဆိုပါကျေးရွာအုပ်စုကို တာဝန်ယူကြရသော ရဲတပ်ဖွဲ့ဝင်များသည် သွားရေးလာရေး အလွန်ခက်ခဲသည့်အတွက် အုပ်ချုပ်ရေးလက်တံ အားပျော့သည့်အခါ ပြည်သူများမှာ လုံခြုံမှုမရှိသကဲ့သို့ ခံစားကြရခြင်း ဖြစ်ပါကြောင်း၊

ယခုတင်ပြခဲ့သည့် အခက်အခဲများကြောင့် ကျေးလက်နေပြည်သူတို့အတွက် အားထားရသော နယ်မြေရဲကင်းတစ်ခု ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်သူ ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်သည် မြေဧရိယာ ၆၉၇.၄၇ စတုရန်းမိုင် ကျယ်ဝန်းပြီး မြောက်ဘက်တွင် ကသာမြို့နယ်၊ အရှေ့ဘက်တွင် မဘိမ်းမြို့နယ်၊ တောင်ဘက်တွင် သပိတ်ကျင်းမြို့နယ်၊ အနောက်ဘက်တွင် ကောလင်းမြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ထီးချိုင့်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၁၁၇ ရွာ၊ အိမ်ခြေ ၂၃၇၄၇ ခု၊ အိမ်ထောင်စု ၂၀၆၉၅ စု၊ စုစုပေါင်းလူဦးရေ ၁၂၀၄၀၄ ဦး နေထိုင်လျက် ရှိပါကြောင်း၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ကမ်းနီရဲကင်းစခန်းတို့ ရှိပါကြောင်း၊ ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိသုံးဦး၊ အခြားအဆင့်လေးဦး စုစုပေါင်း ခုနစ်ဦး ဖြင့်လည်းကောင်း၊ မြို့မရဲစခန်းတွင် အရာရှိ ၈ ဦး၊ အခြားအဆင့် ၄၆ ဦး စုစုပေါင်း ၅၄ ဦးဖြင့်လည်းကောင်း၊ ကမ်းနီရဲကင်းစခန်းတွင် အရာရှိတစ်ဦး၊ အခြားအဆင့်လေးဦး စုစုပေါင်းငါးဦးဖြင့် လည်‌ေးကာင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ်းနီရဲကင်းစခန်းပိုင် နယ်မြေအတွင်းရှိ ကြက်တကောင်ကျေးရွာ အုပ်စုတွင် ကြက်တကောင် ကျေးရွာနှင့်မအူကုန်းကျေးရွာတို့ ပါရှိပါကြောင်း၊ ကြက်တကောင်ကျေးရွာအုပ်စုသည် မြေဧရိယာ ၈.၀၆ စတုရန်းမိုင် ကျယ်ဝန်းပြီး အိမ်ခြေ ၁၁၇၈ ခု၊ အိမ်ထောင်စု ၁၄၄၄ စု၊ လူဦးရေ စုစုပေါင်း ၉၁၄၄ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကြက်တကောင်ကျေးရွာသည် ထီးချိုင့်မြို့မရဲစခန်းမှ ၁၈ မိုင်ခန့်ကွာဝေးပြီး ကတ္တရာလမ်း/မြေသားလမ်းအတိုင်း ကား/ဆိုင်ကယ်ဖြင့် တစ်နာရီခန့်အတွင်း ကြက်တကောင်ကျေးရွာသို့ သွားလာနိုင်ပြီး မိုးရာသီတွင်ကားဖြင့် အင်ဒေါင်းကျေးရွာ လမ်းခွဲမှတစ်ဆင့် ကြက်တကောင် ကျေးရွာသို့ ဆိုင်ကယ်ဖြင့်တစ်နာရီ မိနစ် ၂၀ ခန့် သွားလာနိုင်သည့်အပြင် ကမ်းနီရဲကင်းစခန်းမှ ကုန်းလမ်းခရီးဖြင့် သွားပါက ၈ မိုင်ခန့်ကွာဝေးပြီး ဆိုင်ကယ်ဖြင့် မိနစ် ၃၀ ခန့်၊ ရေလမ်းခရီးဖြင့် သွားလာပါက ၈ မိုင်ခန့် ကွာဝေးပြီး စက်လှေဖြင့်သွားလာပါက ၄၅ မိနစ်ခန့် သွားလာနိုင်ပြီး ဆက်သွယ်ရေးအနေဖြင့် MPT၊ Telenor မိုဘိုင်းဖုန်းများ အသုံးပြုနိုင်ပါကြောင်း၊

ကမ်းနီရဲကင်းစခန်းပိုင် နယ်မြေအတွင်း မှုခင်းဖြစ်ပွားမှုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ အမှုကြီးခုနစ်မှု၊ အခြားအမှု ၉၄ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ကမ်းနီရဲကင်းစခန်းအပိုင် ကြက်တကောင်ကျေးရွာ အုပ်စုအတွင်း မှုခင်းဖြစ်ပွားမှုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ အခြားအမှုရှစ်မှု ဖြစ်ပွားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရဲကင်းစခန်း တစ်ခုဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေဒေသလိုအပ်ချက်ရှိခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအား အနီးဆုံးရဲစခန်းမှ ဆောင်ရွက်ရာတွင် အလှမ်းကွာဝေးမှုရှိခြင်း၊ မှုခင်းဖြစ်ပွားမှု များပြားခြင်းစသည့် အခြေအနေများအပေါ် မူတည်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၏ ထောက်ခံတင်ပြချက်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရပါကြောင်း၊ သို့ပါ၍ ထီးချိုင့်မြို့နယ်၊ ကြက်တကောင်ကျေးရွာအုပ်စု မှုခင်းဖြစ်ပွားမှုနည်းပါးခြင်း၊ ထီးချိုင့်မြို့မရဲစခန်းမှ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် နိုင်နင်းစွာဆောင်ရွက်နိုင်ခြင်းတို့ကြောင့် လတ်တလော အခြေအနေအရ ရဲကင်းစခန်းဖွင့်လှစ်ရန် မလိုအပ်သေးပါကြောင်းနှင့် ကြက်တကောင်ကျေးရွာ အုပ်စုတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကမ်းနီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၁-၉-၂၀၁၈ ရက်နေ့မှစ၍ တစ်ပတ်လျှင် တစ်ကြိမ် ရွာစင်ကျယ်လှည့်ကင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မောင် (ထီးချိုင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အမှန်တကယ် ထိုနေရာသည် ယခုကမ်းပါးပြိုသွားပြီ ဖြစ်သည့်အတွက် ၄၅ မိနစ်နှင့်သွား၍ မရပါကြောင်း၊ စက်လှေဖြင့်ဆန်တက် သွားမှသာလျှင် တစ်နာရီကျော်ကျော်သွားရခြင်း ဖြစ်ပါကြောင်း၊ ၎င်းသည်လည်း စက်လှေဖြင့်သွားမည်ဆိုလျှင် ကုန်ကျစရိတ်က ၂၀၀၀၀၊ ၃၅၀၀၀ ခန့် ကုန်ပါကြောင်း၊ ကမ်းနီမှ ချိတ်ပင်၊ ကမ်းနီ-ချိတ်ပင် ဆိုတာကလည်း ယခုအချိန်တွင် မြေလမ်းသာ ရှိပါသေးကြောင်း၊ မြေလမ်းကိုမှ ကျောက်ချောလမ်း၊ ကျောက်ချောလမ်းမှ ယခု၎င်းနေရာတွင် ထပ်ဖို့ထားသည့်အတွက် ကမ်းနီနှင့်ချိတ်ပင်ကြားတွင် မိုးရာသီဆိုလျှင် နာရီဝက်ခန့် သွားရခြင်းဖြစ်ပါကြောင်း၊ ချိတ်ပင်နှင့် လမ်းဆုံက ကတ္တရာလမ်းဖြစ်ပြီး ချိတ်ပင်-အင်ဒေါင်းအထိကလည်း ကတ္တရာလမ်းဖြစ်ပါကြောင်း၊ အကြောင်းတစ်စုံတစ်ရာ ဖြစ်ခဲ့လျှင်လည်း နယ်မြေရဲစခန်းကို လှမ်းခေါ်ရန်အတွက် အခက်အခဲရှိပါကြောင်း၊ နောက်တစ်ခုက တိုက်နယ်ဆေးရုံလည်း ရှိသည့်အတွက် လက်ရှိတွင် မဖြစ်နိုင်သေးလျှင်လည်း ကြက်တကောင်ကျေးရွာ၏ ပညာရေးအတွက် အ.ထ.က ကလည်း စာစစ် ဌာနရရန်က ရဲကင်းစခန်းတစ်ခု လိုအပ်လျက်ရှိပါကြောင်း၊ မိမိပြောလိုသည်မှာ ရဲကင်းစခန်းကြီး သို့မဟုတ် ရဲကင်းငယ်လေးတစ်ခု ဖွင့်လှစ်ပေးမည်ဆိုပါက စာမေးပွဲလုံခြုံမှုရှိသည့် Bar တိုက် ထား၍ရပါကြောင်း၊ ထို့ကြောင့် ရဲအင်အားအနည်းဆုံးဖြင့် ပေးနိုင်သည့် စခန်းငယ်လေးတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ထောက်ခံချက်ဖြင့် မိမိတို့ ပြန်လည်တင်ပြပေးပါမည်။ လုပ်ထုံးလုပ်နည်းနှင့်အညီလည်း ဆက်လက်ပြီး ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ ပြန်လည်စိစစ်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။