မြစ်သားမြို့၏အများစု ၇၀ ရာခိုင်နှုန်းကျော်ကျော်သည် တောင်သူလယ်သမားများ ဖြစ်ကြသဖြင့် တောင်သူလယ်သမား လုပ်ငန်းကိုမလုပ်သည့် တခြားသူများကလည်း တောင်သူပေါ်ကို မှီခိုရပါကြောင်း၊ ယခင်က မြစ်သားမြို့နယ်တွင် ဝါဂိုထောင်ကြီးများ၊ ဝါစက်ကြီးများ၊ ဝါချည်မျှင်စက်ကြီးများ၊ စိုက်ပျိုးရေးအ.ထ.က ကျောင်းများနှင့် စည်စည်ကားကား သာယာဝပြောစွာ ရှိခဲ့ပါကြောင်း၊ ယခုအခါ ထိုလုပ်ငန်းများ မရှိတော့ဘဲ ဝါဂိုထောင်ကြီးကလည်း ဟောင်းနွမ်း ပျက်စီးနေပြီး စိုက်ပျိုးရေး အ.ထ.ကကျောင်းတွင်လည်း အဆောက်အဦဟောင်းများသာ ကျန်ရှိတော့ပါကြောင်း၊ ထို့ကြောင့် ပထမပိုင်းအနေဖြင့် အဆောက်အဦဟောင်းများကို မည်ကဲ့သို့ အကျိုးရှိအောင် ပြုပြင်ထိန်းသိမ်းမည်နည်းနှင့် နောက်ထပ်အဆောက်အဦသစ်များ ထပ်မံဆောက် ပေးမည်နည်းနှင့် ဒုတိယအပိုင်းက စိုက်ပျိုးရေးသိပ္ပံဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ ဆိုသည့် အပိုင်းများ ဖြစ်ပါကြောင်း၊ ၎င်းဒေသခံတောင်သူလယ်သမား၊ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖများက အကြိမ်ကြိမ်အခါခါ လူချင်းတွေ့သည့်အခါ သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ပေးရန် တင်ပြတောင်းခံကြပါကြောင်း၊ အကယ်၍ စိုက်ပျိုးရေးသိပ္ပံကြီး ဖွင့်လှစ်မည်ဆိုပါက စိုက်ပျိုးရေးအတွက် လိုအပ်သည့်သင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးရန် တောင်းခံလာကြပါကြောင်း၊ ယခုအချိန်တွင်လည်း Vocational Education လို့ခေါ် အသက်မွေးဝမ်းကျောင်း ပညာရပ်ကို အားပေးနေသည့်အချိန်တွင် မြစ်သားမြို့နယ်က နိုင်ငံအတွက်ပါ အကျိုးရှိနိုင်မည့်အတွက် အဆိုပါ မြစ်သားမြို့နယ်သာမက တောင်သူလယ်သမား ပြည်သူများကိုယ်စား မြစ်သားမြို့နယ် ဝါသီးနှံသုတေသနခြံရှိ အဆောက်အဦ ဟောင်းများအား အကြီးစားပြုပြင်မွမ်းမံပြီး လိုအပ်သော အဆောက်အဦသစ်များ ထပ်မံဆောက်လုပ်၍ စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ရန် အစီအစဉ်မရှိပါက အဆိုပါအဆောက်အဦဟောင်းများအား အကြီးစားပြင်ဆင်မွမ်းမံပြီး စိုက်ပျိုးရေးနှင့် ပတ်သက်သော သင်တန်းကျောင်းတစ်ခုခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက အဆိုပါ အဆောက်အဦဟောင်းများအား နိုင်ငံတော်အတွက် အကျိုးရှိရန် မည်ကဲ့သို့စီမံခန့်ခွဲ ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စိုက်ပျိုးရေးသိပ္ပံတွေဖွင့်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် လိုအပ်သည့် အလယ်အလတ်အဆင့် ကျွမ်းကျင်သော စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးကို ကိုယ်စားပြုပြီး စိုက်ပျိုးရေးသိပ္ပံများကို ဖွင့်လှစ်ပေးလျက်ရှိသည့်အခါ စိုက်ပျိုးရေးသိပ္ပံ ၁၄ ကျောင်းအထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၄ ခု တွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပုသိမ်ကြီးစိုက်ပျိုးရေးသိပ္ပံလည်း ပါဝင်ပါကြောင်း၊ လက်ရှိတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ၂၀၁၉-၂၀ ပညာသင်နှစ်မှစပြီး စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း) ကို ထပ်မံဖွင့်လှစ် နိုင်ရန်အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံ ၁၄ ကျောင်းနှင့် ထပ်မံဖွင့်လှစ်ရန်အတွက် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း) အတွက် ဆရာ/မများနှင့် ဝန်ထမ်းများ ပြည့်စုံလုံလောက်မှုရှိရန် သိပ္ပံကျောင်းများအတွက် လိုအပ်မည့် အဆောက်အဦများ၊ ပရိဘောဂများ၊ သင်ကြားရေးဆိုင်ရာ ပစ္စည်းကိရိယာများနှင့် အုပ်ချုပ်မှုဆိုင်ရာများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက်လည်း စီမံဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း၊ တစ်ဖက်မှာလည်း စိုက်ပျိုးရေးသိပ္ပံများက မွေးထုတ်ပေးလိုက်သော အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်များကို အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး လေ့ကျင့်မွေးထုတ်ရန် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊
မြစ်သား ဝါသုတေသနခြံသည် ယခင်က စိုက်ပျိုးရေးအထက်တန်းကျောင်းအဖြစ် တည်ရှိခဲ့ပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဝါသုတေသနခြံအဖြစ် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယင်းခြံတွင်ရှိသည့် အဆောက်အဦများသည် ၁၉၆၅ ခုနှစ် ပတ်ဝန်းကျင်ကတည်းက တည်ဆောက်ခဲ့သည့်မှာ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝ ဘေးဒဏ်ခံနိုင်ရည်မရှိသည့် အဆောက်အဦများ ဖြစ်သည့်အတွက် ဖျက်သိမ်းခွင့်စာရင်း ပယ်ဖျက်ပြီး လေလံတင် ရောင်းချခြင်းတို့ကို ဆောင်ရွက်သွားရန် စီမံထားရှိပြီးဖြစ်ပါကြောင်း၊ မြစ်သားမြို့နယ်သည် မိမိတို့မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ရေခံမြေခံအခြေခံ ကောင်းများရှိသည့် ဒေသဖြစ်သည့်အတွက် အဆိုပါနေရာတွင် ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရန် Breeding House များ ဆောက်လုပ်ရန်၊ ဝါသီးနှံသုတေသနအတွက် လိုအပ်သည့် ချည်အရည်အသွေး စစ်ဆေးမှုအပါအဝင် ခေတ်မီဓာတ်ခွဲခန်း အဆောက်အအုံများ ဆောက်လုပ်ခြင်းစသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနမှ စီမံထားရှိပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အလျောက် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများနှင့်ယှဉ်တွဲပြီး ဒေသဝါစိုက်တောင်သူများနှင့် ပုဂ္ဂလိကဝါလုပ်ငန်း ရှင်များအတွက်ကိုလည်း နည်းပညာသင်တန်း များပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်း လုပ်ငန်းများကို စီမံလုပ်ကိုင်သွားမည် ဖြစ်သည့်အတွက် သီးခြားစိုက်ပျိုးရေး သင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
