ရွှေပြည်သာမြို့နယ်ရှိ လှော်ကား-ဝါးတရာလမ်းမကြီး၏ လှော်ကားအောက်လမ်းဆုံမှ ဝါးတရာမြစ်ကမ်းအထိ လမ်းအပိုင်း (၁၃၄၅)ပေခန့်သည် ကားများပြေးဆွဲမရနိုင်လောက်အောင် ဆိုးရွားစွာပျက်စီးနေသဖြင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အတွင်း အမြန်ဆုံးပြုပြင်၍ YBS ခရီးသည်တင် Bus ကားများကို ဝါးတရာမှ စတင်၍ ပြေးဆွဲပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခုမေးခွန်းကို ၂၀၁၈-၁၉ ခုနှစ် ဘတ်ဂျက်အမီ အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာ၏ဥပဒေနှင့်မညီ နှောင့်နှေးကြန့်ကြာနေမှုကြောင့် ယခုမေးမြန်းခွင့် ရသဖြင့် ၂၀၁၈-၁၉ ခုနှစ် နောက်တိုးဘတ်ဂျက်ကိုသာ အားကိုးပြီး တင်ပြမည်ဖြစ်ပါ၍ ဒေသခံပြည်သူများ အတွက် ဥပဒေနှင့်အညီ အချိန်မီတင်ပြခွင့် ဆုံးရှုံးလျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးသိရှိပြီး ညှိနှိုင်းလမ်းညွှန်ဆောင်ရွက်ပေးနိုင်ပါရန် ပဏာမအနေဖြင့် တင်ပြအပ်ပါကြောင်း၊
လှော်ကားအောက်လမ်းဆုံမှ လင်ကွန်းကျေးရွာ ၂၁ ရပ်ကွက်အထိ YBS ကားများကို အနည်းငယ် တိုးချဲ့ပြေးဆွဲရာတွင် ကားလမ်းများ ပျက်စီးနေပါကြောင်း၊ တချို့ Bus ကားများသည် ကားချို့ယွင်းပျက်စီး မှုများကြောင့် လင်ကွန်းထိ ရောက်အောင်မပြေးနိုင်တော့ဘဲ လှော်ကားလမ်းဆုံမှ ပြန်လှည့်သွားကြရသော ကြောင့် ဒေသခံပြည်သူများ သွားလာရေး ဒုက္ခများကို ခံစားနေရပါကြောင်း၊ လင်ကွန်းမှ Bus ကား ဆက်မသွားနိုင်သည့် သိမ်ကုန်းကျေးရွာ၊ သစ်အခြေခံစက်မှုဇုန် ၂၂ ရပ်ကွက်၊ ဝါးတရာစက်မှုဇုန်နှင့် ဝါးတရာကျေးရွာအထိ ကျန်လမ်းအပိုင်းသည် လုံးဝနီးပါးပျက်စီးနေသဖြင့် Bus ကားများ မပြေးဆွဲနိုင် သည်မှာ နှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ထိုသို့ Bus ကားများ မပြေးဆွဲနိုင်သည့်ကြားမှ စီးပွားရေး မြို့တော် ရန်ကုန်မြို့သို့ မြန်မာပြည်အနှံ့သစ်တောများမှ ဧရာဝတီမြစ်၊ သန်မြစ်ကြောင်းအတိုင်း မျှောလာပြီး ဝါးတရာမြစ်ဆိပ်တွင် စုပုံ၍ ပြည်ပပို့ကုန်နှင့် သစ်အချောထည်များထုတ်လုပ်ရန် ၁၂ ဘီးကားကြီးများဖြင့် သစ်စက်အသီးသီးသို့ ပေးပို့ပါကြောင်း၊ ကားကြီးမောင်းမရသဖြင့် ကားလတ်များဖြင့် တင်ပို့နေပါကြောင်း၊ ဝါးတရာမြစ်ဆိပ်တွင် သစ်များစုပုံထားပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီးပွားရေးအဆောက်အအုံ (Infrastructure) များအတွက် သဲ၊ ကျောက်များကိုလည်း လှိုင်မြစ်မှအကြီးအကျယ်စုပ်ယူ၍ ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိပြီး ကားကြီးကားငယ်များဖြင့် ဆောင်ရွက်သောကြောင့် လမ်းများသည် ပိုမိုပျက်စီးနေသဖြင့် အမြန်ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ မြန်မာ့သစ်လုပ်ငန်းမှလည်း ပြည်ထောင်စုတစ်ရပ်လုံးအတွက် ဆောင်ရွက်နေသည့်အတွက် ထိုကိစ္စကို ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်တွင်သာမက ပြည်ထောင်စုဘတ်ဂျက်မှပါ လိုအပ်လျှင် ပံ့ပိုး ဆောင်ရွက်ပေးရန် လိုပါကြောင်း၊
လမ်းပိုင်းပျက်စီးနေသောကြောင့် ဝါးတရာ အ.လ.က(၅)၊ အ.ထ.က(ခွဲ)သို့ နေ့စဉ် အသွားအပြန် ပြုလုပ်နေရသော ဆရာ/မများ၊ ကျောင်းသူ/သားများ၊ စက်မှုဇုန်လုပ်သားများနှင့် ဒေသခံပြည်သူများသည် ဆိုင်ကယ်ကယ်ရီများငှားပြီး သွားရသောကြောင့် ငွေကြေးကုန်ကျသဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲ နေပါကြောင်း၊
မိုးရာသီတွင် ရွှံ့ရေ၊ ဗွက်ရေများဆိုရွှဲပြီး ဆောင်းနှင့် နွေရာသီတွင် ဖုန်အလိမ်းလိမ်းနှင့် ဒုက္ခအကြီးအကျယ် ခံစားနေရသောကြောင့် မိုးကာလမရောက်ခင် ထိုလမ်းအပိုင်းကို ပြင်ဆင်ပေးရန် အထူးလိုအပ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ၏ လိုအပ်ချက်အပေါ် မူတည်ပြီး အဆောတလျင်လုပ်ရမည့် ကိစ္စကို အဆောတလျင်ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများဒုက္ခကင်းဝေးမည်ဖြစ်သည့်အတွက် မေးခွန်းမေးမြန်းခဲ့သည်။
မေးမြန်းချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရွှေပြည်သာမြို့နယ်ရှိ ဝါးတရာ လမ်းမကြီးသည် အမှတ်(၄)လမ်းမကြီးမှ ဝါးတရာတော်ဝင်သစ်စက်အထိ ပေ ၁၉၀၀၀ ရှိပြီး သစ်အခြေခံ စက်မှုဇုန်မှ သစ်လုံးကားများ၊ ဆိပ်ကမ်းသာလမ်းမှ သဲကား၊ ကျောက်ကားများ၊ ဆီ Bowser ကားကြီးများ နေ့စဉ်ဖြတ်သန်းသွားလာမှုများကြောင့် ပျက်စီးမှုများ များပြားလာရပါကြောင်း၊ ဝါးတရာ လမ်းမကြီးကို ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်များအလိုက် ဘဏ္ဍာငွေရရှိမည့် အပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သီရိရတနာလမ်းနှင့် ရထားသံလမ်း ကြားကို အလျားပေ ၃၀၀၀၊ အကျယ် ၂၄ ပေ၊ ၁၁ လက်မထု ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးကာလမှ မီးရထားသံလမ်းနှင့် အမှတ်(၄)လမ်းကြားကို အလျား ၂၈၅၀ ပေ၊ အကျယ် ၂၄ ပေ၊ ၁၁ လက်မထု ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း အသီးသီး ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ လှော်ကား-ဝါးတရာလမ်းမကြီး ကျန်ရှိသည့်လမ်းအပိုင်းကို ဆက်လက်ပြုပြင်ဆောင်ရွက်နိုင်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စီမံကိန်းထပ်တိုးလျာထားချက်တွင် ထည့်သွင်းလျာထားတင်ပြခဲ့သော်လည်း ဘဏ္ဍာငွေလုံလောက်မှုမရှိသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် သီရိရတနာလမ်းမှ သိမ်ချောင်းချောင်းအထိ ပေ ၆၉၀၀ ကိုလည်းကောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် သိမ်ချောင်းမှ တော်ဝင်သစ်စက်အထိ ပေ ၅၉၀၀ ကိုလည်းကောင်း၊ အကျယ် ၂၄ ပေ၊ ၁၁ လက်မထု ကွန်ကရစ်လမ်းအဖြစ် အသီးသီးပြုပြင်ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေလျာထားပေးသွားမည်ဖြစ်ပါကြောင်း၊ လှော်ကား-ဝါးတရာလမ်းမကြီးတွင် YBS ခရီးသည်တင် Bus ကားများ ပြေးဆွဲရေးကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးဉာဏ်လင်း(ရွှေပြည်သာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။
ဒုတိယဝန်ကြီးဖြေသည့်အထဲတွင် လှော်ကားအောက်လမ်းဆုံမှ တော်ဝင်သစ်စက်ထိသာဖြစ်ပါကြောင်း၊ တော်ဝင်သစ်စက်မှ Bus ကားဂိတ်စဆွဲသည့် ဝါးတရာမြစ်ကမ်းထိ ပေ ၅၀၀ ကျော်အတွက် ဖြေကြားပေးစေလိုပါကြောင်း၊ ထို့နောက် အသုံးပြုနေသည်မှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း သုံးခြင်း မဟုတ်ဘဲ မြန်မာပြည်အနှံ့ သစ်တောများမှ သစ်များကို ဧရာဝတီမြစ်၊ ဧရာဝတီမြစ်မှ လှိုင်မြစ်မျှောပြီး ဝါးတရာသစ်ဆိပ်တွင်ပုံပါကြောင်း၊ သစ်စက်ကြီးရှိပါကြောင်း၊ ထိုသစ်စက်မှ သစ်လုံးများ၊ သစ်အချော ထည်များကို မြစ်ဆိပ်ထိ Export အတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် သော်လည်းကောင်း ဖြန့်ဖြူးနေသောကြောင့် ပြည်ထောင်စု တစ်ခုလုံး၏ အကျိုးစီးပွား ပါဝင်နေပါကြောင်း၊ ထို့နောက် ဒေသခံပြည်သူများလည်း အမှန်တကယ် ဒုက္ခဆင်းရဲရောက်နေသည့်အတွက် ပြည်သူလူထုကို ထောက်ထားညှာတာစွာနှင့် ဖြစ်နိုင်လျှင် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် တတ်နိုင်သလောက်ကိုခင်းပေးစေလို ကြောင်း ဆက်စပ်မေးမြန်းခဲ့သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည့်အတွက် မိမိအနေနှင့် ယခုဖြေကြားပေးနိုင်မည် မဟုတ်သော်လည်း ကိုယ်စားလှယ်ကြီး၏ ဆက်စပ်မေးခွန်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ပေးပို့ပြီး အဖြေကို ပြန်လည်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမဟုတ်ဘဲ ကျန်သည့် ပြည်ထောင်စုလုပ်ငန်းနှင့် သက်ဆိုင်သည်ဆိုသည့် ကိစ္စသည်လည်း ရန်ကုန်တိုင်းဒေကြီး၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်းသွားရမည်ဟု ယူဆမိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
