(ဃ)-လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တောင်သူများတွက်ခြေကိုက်သည့် ဈေးကွက်နှင့်ဈေးနှုန်းရရှိအောင် ပြည်ပဈေးကွက်များသို့ ပိုမိုထိုးဖောက် ဝင်ရောက် လာနိုင်စေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၈. ၁၁. ၂၀၁၈)

 

ဆန်စပါးနှင့် ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တောင်သူ များ တွက်ခြေကိုက်သည့် ဈေးကွက်နှင့် ဈေးနှုန်းရရှိအောင် ပြည်ပဈေးကွက်များသို့ ပိုမိုထိုးဖောက် ဝင်ရောက် လာနိုင်စေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်သည် လယ်ယာစိုက်ပျိုးရေးကို အဓိက ထားလုပ်ဆောင် နေကြရသော စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ယခုအခြေအနေတွင် စပါးစိုက်ပျိုးရာမှာ ရာသီဥတု ဖောက်ပြန်နေသည့်အတွက် အထွက်နှုန်းများလျော့ကျပြီး ကြမ်းခင်းဈေးများ သတ်မှတ်ထားသော်လည်း  အထွက်နှုန်းလျော့ကျမှုကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ ထွက်ကုန်တန်ဖိုးသည် အမှန်တကယ်ကုန်ကျသည့် စိုက်ပျိုးစရိတ်ထက် နည်းပါးခြင်းကြောင့် အရှုံးပေါ်မြဲ ဖြစ်နေရပါကြောင်း၊

 တစ်သီးစိုက်ပျိုးလုပ်ကိုင်လျှင် မည်သို့မျှအဆင်ပြေနိုင်ခြင်း မရှိခြင်းကြောင့် နောက်တစ်သီးအဖြစ် ပဲမျိုးစုံကို စိုက်ပျိုးကြရာတွင်လည်း အဓိကဝယ်ယူနေသော အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှု အကန့်အသတ်ဖြင့် သတ်မှတ်လိုက်ခြင်းကြောင့် ဈေးကွက်ပျက်ကာ ပဲမျိုးစုံဈေးနှုန်းများ ကျဆင်းပြီး တောင်သူများအနေဖြင့် အရှုံးပေါ်နေပြီး နာလန်မထူနိုင်သည့် အခြေအနေဖြစ်ပေါ်နေပါကြောင်း၊  ထို့ကြောင့် တောင်သူများသည် လယ်ယာလုပ်ငန်းများကို စွန့်ခွာပြီး ပြည်ပကိုအလုပ်သွားရောက် လုပ်ကိုင်သူများ  တစ်နေ့တခြားများပြား နေပါကြောင်း၊  ဝယ်ယူတင်သွင်းသည့် နိုင်ငံများအနေဖြင့် ယင်းတို့နိုင်ငံ၏ စီးပွားရေးပေါ်လစီကြောင့် ဝယ်ယူတင်သွင်းမှုကို ကန့်သတ်လိုက်သော်လည်း မိမိတို့နိုင်ငံမှ စိုက်ပျိုးသူတောင်သူများ အထိမနာရေးအတွက် အစီအစဉ်များ လုပ်ပေးသင့်ပါကြောင်း၊

Import ကို ကန့်သတ်ခြင်းမရှိဘဲ Export ကို ကန့်သတ်ခံရခြင်း၏ အကျိုးဆက်ကို တောင်သူများကသာ ခံစားကြရသည့်အတွက် တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးနှင့် မြှင့်တင်ရေးတို့ကို တာဝန်ယူပြီး လက်တွေ့အောင်မြင်စွာ ဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာထွက်ကုန် သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်များကို မြေပြင်ပကတိ အခြေအနေအတိုင်း မှန်ကန်စွာလေ့လာပြီး တောင်သူများ၏ သီးနှံထွက်ကုန်များ ထွက်ရှိလာချိန်တွင် ထွက်ကုန်ဈေးနှုန်းကို အမှန်တကယ်ကုန်ကျသည့် စိုက်ပျိုးစရိတ်ထက် ပိုမိုမြင့်မားသည့် ဈေးနှုန်းမျိုးရရှိအောင် မည်သို့အစီအစဉ်များနှင့် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

 

ဆန်စပါးနှင့် ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ် မြေပြင် ပကတိ အခြေအနေနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာထွက်ကုန် သီးနှံများ၏ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်များကို စိုက်ပျိုးရာသီ အချိန်အတွင်း နှစ်စဉ်ကွင်းဆင်း စစ်တမ်းကောက်ယူလျက် ရှိပါကြောင်း၊ စာရင်းကောက်ယူမှုအရ ၂၀၁၇-၁၈ ခုနှစ်အတွင်း မိုးစပါးတစ်ဧက ကုန်ကျစရိတ်သည် ၂၇၁၅၀၀ ကျပ်၊ နွေစပါးတစ်ဧက ကုန်ကျစရိတ်သည် ၂၈၉၅၀၀ ကျပ်ဖြစ်သည်ကို သိရှိရပါကြောင်း၊

ပဲမျိုးစုံနှင့်ပတ်သက်နှင့် ပဲစင်းငုံသီးနှံတစ်ဧက ကုန်ကျစရိတ်သည် သီးညှပ်ဖြစ်ပါက တစ်ဧက ၇၈၃၀၀ ကျပ်ခန့်၊ ပဲစင်းငုံတစ်ခုတည်း စိုက်ပျိုးမှုအတွက် တစ်ဧကကုန်ကျစရိတ် ၁၅၃၆၀၀ ကျပ်ခန့်၊ မတ်ပဲသီးနှံတစ်ဧက ကုန်ကျစရိတ်သည် ၁၉၉၄၀၀ ကျပ်ခန့်ရှိပါကြောင်း၊ ဆန်စပါးနှင့် ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန် သီးနှံများကို ပြည်ပသို့တင်ပို့ရာတွင် ဝယ်ယူသည့် နိုင်ငံများနှင့်ချိတ်ဆက် ဆောင်ရွက်ရပြီး ယင်းနိုင်ငံ၏ ဝယ်လိုအားနှင့် နိုင်ငံတကာပေါက်ဈေးအပေါ် အခြေခံ၍ ရောင်းချရပါကြောင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် ခိုင်မာသည့် ဈေးကွက် ရရှိရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာအစီအစဉ်ကို ရေးဆွဲချမှတ်အကောင်အထည် ဖော်လျက်ရှိပြီး လယ်ယာထွက်ကုန်ဖြစ်သည့် ဆန်၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက် ပစ္စည်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

ကမ္ဘာ့ဆန်ဈေးကွက် ရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆန်စပါး လုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်ဝယ်ယူသည့် နိုင်ငံများနှင့်ချိတ်ဆက်ရေးကို ဆောင်ရွက်ခဲ့ရာ အာဖရိက ဆန်ဈေးကွက်အပါအဝင် ကမ္ဘာ့ဆန်ဈေးကွက်သို့ ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ဆန်တင်ပို့မှုမှာ သိသိသာသာ တိုးတက်လာခဲ့ပါကြောင်း၊ ဆန်ဈေးကွက်ခိုင်မာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်ဆန်တန်ချိန် သုံးသိန်းရောင်းချရန် အစိုးရချင်း G to G လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည့်အပြင် EU နိုင်ငံများ၊ အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံအထိ ဈေးကွက်သစ်များ ရရှိခဲ့ခြင်းကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၃.၅၈ သန်းကျော်အထိ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယင်းသို့တင်ပို့နိုင်သည့်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး တင်ပို့သော နိုင်ငံငါးနိုင်ငံစာရင်းတွင် ပါဝင်လာခဲ့ပါကြောင်းနှင့် ဆက်လက်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ဈေးကွက်များကို ဆန်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာ မကြာမီ ဖိလစ်ပိုင်နိုင်ငံဈေးကွက်ကို ဆန်တိုးချဲ့တင်ပို့နိုင်မည့် အခြေအနေရှိပါကြောင်း၊ ပြောင်းတင်ပို့မှုတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၁.၄ သန်းကျော်၊ နှမ်းတင်ပို့မှုတွင် တန်ချိန် ၁.၂ သန်းကျော် တင်ပို့နိုင်ခဲ့ပါကြောင်း၊

ပဲမျိုးစုံတင်ပို့မှုတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၁.၃ သန်းကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၈၈၃ သန်းကျော် တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ရာသီဥတု ကောင်းမွန်ပြီး ပဲအထွက်တိုးတက်ခြင်းကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း တင်သွင်းမှု  Quota ကို ၂၀၁၇-၁၈ ခုနှစ်အတွင်း ကန့်သတ်လိုက်ချိန်တွင် မြန်မာနိုင်ငံ၏ ပဲတင်ပို့မှုအပေါ် အကျိုး သက်ရောက်မှုများ ရှိခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ပဲတင်သွင်းမှု ကန့်သတ်ချက်သည် ၃၁-၃-၂၀၁၈ ရက်နေ့အထိသာ သက်ရောက်မှုရှိခြင်းကြောင့် ပြန်လည်တင်ပို့နိုင်ရန် ပဲမျိုးစုံ တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ကို (UMFCCI) မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ နယူးဒေလီမြို့သို့ ၂၀၁၈ ခုနှစ် မတ်လအတွင်း စေလွှတ်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အစားအသောက်ဖြန့်ဖြူးရေးနှင့် စားသုံးသူရေးရာ ဝန်ကြီးဌာနတို့နှင့် တွေ့ဆုံ၍ ပဲမျိုးစုံတင်ပို့နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ပါကြောင်း၊  ထို့အပြင် ၂၂-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံမှ ပဲများတင်ပို့ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေလတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အိန္ဒိယနိုင်ငံသို့ ထပ်မံစေလွှတ်ပြီး အိန္ဒိယနိုင်ငံသို့ မြန်မာပဲများ တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းဆွေးနွေးမှုအပြီးတွင် အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပမှပဲတင်သွင်းမှု Quota များကို ပြန်လည်ခွင့်ပြုခဲ့ပါကြောင်း၊

ယခုအခြေအနေတွင် အိန္ဒိယနိုင်ငံဘက်က မတ်ပဲနှင့်ပဲစင်းငုံများ အဝယ်လိုက်လာခြင်းကြောင့် ဈေးကွက် အခြေအနေပြန်လည်ကောင်းမွန် လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် ပိုမိုခိုင်မာသော ဈေးကွက်ရရှိနိုင်ရန် အာမခံဈေးနှင့် နှစ်နိုင်ငံအစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ရောင်းချနိုင်အောင်လည်း စီစဉ်လျက်ရှိပါကြောင်း၊

တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မတ်ပဲအဓိက စိုက်ပျိုးသည့်ဒေသများတွင် နွေစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ရေမြေဒေသနှင့် ကိုက်ညီပြီး ဈေးကွက်ရှိသည့် သီးနှံများစိုက်ပျိုးနိုင်ရေးကိုလည်း ပညာပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲစင်းငုံသီးနှံ အနေဖြင့် နောင်တွင် အလားတူပြဿနာမျိုး ကြုံတွေ့လာပါက ရှောင်ရှားနိုင်ရန်နှင့် တောင်သူများ ထိခိုက်နစ်နာမှု မကြီးမားစေရန် သီးညှပ်သာ စိုက်ပျိုးရန်နှင့် တန်းကျဲ၍ စိုက်ပျိုးရန် ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးစေရေးအတွက် မျိုးစေ့ဘဏ်တည်ထောင် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း နည်းလမ်းများကို သီးနှံ ၁၅ မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

စိုက်ပျိုးထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ကုန်သွယ်သည့်နိုင်ငံများ၏ လိုအပ်ချက်အရ ပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုစစ်ဆေးခြင်း၊ အဆိပ်ဖြစ်သတ္တု ပါဝင်မှုစစ်ဆေးခြင်း၊ မှိုအဆိပ်ပါဝင်မှု စစ်ဆေးခြင်းတို့အား ထွက်ကုန်အလိုက် သတ်မှတ်ချက်ထက်ကျော်လွန်မှုမရှိစေဘဲ ဓာတ်ခွဲစမ်းသပ်အဖြေထုတ် ထောက်ခံပေးခြင်းဖြင့် ခိုင်မာသောနိုင်ငံခြားဈေးကွက် ရရှိအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဲမျိုးစုံဈေးကွက်သစ်များ ရရှိရေးအတွက် မြန်မာ့ပဲမျိုးစုံဈေးကွက် မြှင့်တင်ရေးဖိုရမ်ကို ၈-၁-၂၀၁၈ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပခဲ့သည့် အပြင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သည့်  နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Imports Expo) တွင် မြန်မာနိုင်ငံက ပဲမျိုးစုံ ကုန်သည်များ ဝင်ရောက်ပြသပြီး စာချုပ်များချုပ်ဆို ရောင်းချနိုင်ခဲ့ပါကြောင်း၊

 သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှထွက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်အခိုင်အမာ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသ၍လည်းကောင်း နှစ်နိုင်ငံအစိုးရချင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံဆွေးနွေး၍လည်းကောင်း ပို့ကုန်မဟာဗျူဟာ စီမံကိန်းအရ ဈေးကွက်အခိုင်အမာ ရရှိရေးအတွက် အစဉ်တစိုက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း လယ်ယာထွက်ကုန်များ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်း၍ မျိုးကောင်းမျိုးသန့် ရရှိရေး၊ အထွက်နှုန်းတိုးတက်ရေး၊ သွင်းအားစုမှန်ကန် စေရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ချိုချို (အုတ်တွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့နိုင်ငံက ဆန်တင်ပို့သည့် အရေအတွက် ပိုမိုမြင့်မားလာသည်ကို သိရှိရသည့်အတွက် စပါးစိုက် တောင်သူများ ကိုယ်စားအထူးပင် ကျေးဇူးတင်ဝမ်းသာ မိပါကြောင်း၊ ပဲမျိုးစုံဈေးကွက်နှင့် ပတ်သက်ပြီး မတ်ပဲဆိုပါက တစ်ဧကကို ကုန်ကျစရိတ် နှစ်သိန်းရှိပါကြောင်း၊  မတ်ပဲသည်တစ်ဧကကို အများဆုံး ၁၀ တင်းသာ ထွက်ရှိပါကြောင်း၊ မတ်ပဲတစ်တင်းခွဲအိတ် ဈေးနှုန်းသည် ၂၀၀၀၀ သာရှိသည့်အတွက် အမှန်တကယ် ကုန်ကျသည့် စိုက်ပျိုးစရိတ်ထက် ထွက်ရှိသည့်သီးနှံတန်ဖိုးသည် အလွန်အင်မတန်မှ နည်းပါးပြီး တောင်သူများ အရှုံးပေါ်ကြရပါကြောင်း၊ အခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးရန်အတွက်လည်း အဆင်မပြေနိုင်သည့်အတွက် ပဲကိုစိုက်ပျိုးရခြင်းဖြစ်ပါကြောင်း၊

အိန္ဒိယနိုင်ငံက ရာသီဥတုကဖောက်ပြန်ပြီး လိုအပ်ချက်များရှိသည့်အတွက် ပဲကိုပြန်လည် ဝယ်ယူခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဝယ်ယူခြင်းမရှိပါက မိမိတို့တောင်သူများသာ ထိခိုက်နစ်နာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူများအတွက် ယင်းကဲ့သို့ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ဝန်ကြီးဌာနအနေဖြင့် တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် ထိရောက်သည့် အစီအစဉ်များ မည်သို့ဆောင်ရွက် ပေးထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး              

လက်ရှိအခြေအနေတွင် ပဲဈေးနှုန်း ကုန်ကျစရိတ်ထက်ကို အများကြီးမြင့်တက်လျက် ရှိပါကြောင်း၊ ပဲတီစိမ်းတစ်တန်သည် ၁၂ သိန်းခန့်၊  ပဲစင်းငုံတစ်တန်သည် ကိုးသိန်းခန့်၊ မတ်ပဲတစ်တန်သည် ရှစ်သိန်းခန့်ရှိသည့်အတွက် တစ်ဧကကုန်ကျစရိတ်ထက်ကို များစွာမြင့်မားနေပါကြောင်း၊ တောင်သူများသာ ထိခိုက်နစ်နာမည် အဖြစ်မျိုးမရှိစေရေးအတွက် အိန္ဒိယနိုင်ငံနှင့် G to G စာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ G to G စာချုပ်ချုပ်ဆိုပါက အိန္ဒိယနိုင်ငံဘက်ကပေးမည့် ဈေးနှုန်းသည် ထုတ်လုပ်မှုကုန်ကျစရိတ်ရယ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်းပေါင်းသည့် ဈေးဖြင့်သာလျှင် ဝယ်ယူမည်ဖြစ်သည့်အတွက် တချို့ကုန်သည်များက သဘောတူမှု မရှိပါကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကိုခိုင်မာအောင် ရရှိနိုင်ရန် G to G စာချုပ်ချုပ်ဆိုမည် ဖြစ်ပါကြောင်း၊ ဈေးကွက်သစ်များဖြစ်သည့် တရုတ်နိုင်ငံနှင့် တခြားနိုင်ငံဈေးကွက် များကိုလည်း ရှာဖွေလျက်ရှိပါကြောင်းနှင့် မကြာခင်နီပေါနိုင်ငံ ကုန်စည်ပြပွဲကို သွားရောက်ပြီး နီပေါဈေးကွက်ကိုလည်း ထိုးဖောက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။