(က)-မုံရွာမြို့၊ လယ်တီရပ်ကွက်၊ စည်ပင်ဝင်းအတွင်း မြေအငှားချထားသော ပုဂ္ဂလိကပိုင် ကွန်ကရစ်ဖျော်စက် အား အငှားချထားပေးခြင်းမှ ရပ်စဲရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ (၁၂. ၁၁. ၂၀၁၈)

မုံရွာမြို့သည် ရပ်ကွက်ကြီး ၃၁ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသော မြို့ဖြစ်ပါကြောင်း၊ ပြည်သူ တစ်သိန်းခွဲခန့် မှီတင်းနေထိုင်သော စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်ကြီးလည်း ဖြစ်ပါကြောင်း၊ လူဦးရေထူထပ်သိပ်သည်းမှုသည် မြန်မာနိုင်ငံရှိ မြို့ငါးမြို့ထဲတွင် ပါဝင်ပါကြောင်း၊ မုံရွာမြို့တွင် စက်မှုလုပ်ငန်းများ တည်ဆောက်ရန်အတွက် စက်မှုဇုန် အပိုင်း(၁)၊ စက်မှုဇုန်အပိုင်း(၂) တို့ကို ဖော်ထုတ်ထားပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ၅ လပိုင်းနောက်ပိုင်းတွင် လယ်တီရပ်ကွက် ဘောလုံးကွင်းနေရာသို့ ကွန်ကရစ်စက်ရုံပစ္စည်းများရောက်ရှိလာပြီး ဖယ်ရှားခံခဲ့ရပါကြောင်း၊ ကွန်ကရစ်ဖျော်စက်၏အနောက်ဘက်တွင် စည်ပင်သာယာ၏ မြို့ပေါ် ၁၁ ရပ်ကွက်ကို ရေပေးဝေရာ ရေသိုလှောင်ကန်၊ မြေအောက်ရေတွင်းရေများရှိပါကြောင်း၊ ကွန်ကရစ်ဖျော်စက်ရုံ၏ မြောက်ဘက်တွင် လယ်တီဆရာတော်ဘုရားကြီး အသုံးပြုခဲ့သော တစ်ဘဲစာ ရေချိုတွင်းရှိပါကြောင်း၊ ၎င်းရေချိုတွင်းမှ ယခုအချိန်အထိတိုင်အောင် လယ်တီရပ်ကွက်၊ ရတနာပုံရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်က ပြည်သူများသည် ရေကို အသုံးပြုနေရခြင်းဖြစ်ပါကြောင်း၊ အဆိုပါစက်ရုံ၏အရှေ့ဘက်တွင် လယ်တီ ရပ်ကွက်၏ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တည်ရှိပြီး ကျောင်းသားကျောင်းသူ ၄၇၆ ယောက် တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ စက်ရုံမြောက်ဘက်တွင် အင်းရှိပါကြောင်း၊ စက်ရုံ၏ တောင်ဘက်တွင် လူနေအိမ်ခြေများ တည်ရှိပါကြောင်း၊ မိမိတို့ ပြည်သူလူထုနှင့်တွေ့ဆုံပွဲပြုလုပ်သည့် အခါ အဆိုပါစက်ရုံကထွက်သော ဘိလပ်မြေမှုန့်များကြောင့် နေထိုင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း ပြည်သူလူထုက တင်ပြကြပါကြောင်း၊ မိမိတို့ သွားရောက်ကြည့်ရှုရာတွင်လည်း အိမ်များပေါ်တွင် ဘိလပ်မြေအမှုန့်များရှိနေပါကြောင်း၊ အိမ်များထဲကိုမဝင်အောင် ပလပ်စတစ် အစိမ်းစကြီးများ ကာထားပါကြောင်း၊ ရပ်ကွက်ထဲရှိ သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ကလေး သူငယ်များ၏ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာကောင်းပါကြောင်း၊ ထို့ကြောင့်အဆိုပါစက်မှုဇုန် ထဲတွင် မတည်ရှိဘဲ လူနေရပ်ကွက်ထဲတွင်တည်ရှိနေသော ကွန်ကရစ်ဖျော်စက်ရုံကို စည်ပင်သာယာ က မြေငှားရမ်းမှုရပ်ဆိုင်းပြီး အခြားသင့်တော်ရာနေရာကို ပြောင်းရွှေ့ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မုံရွာမြို့၊ လယ်တီရပ်ကွက် စည်ပင်ပိုင်ဝင်း မြေအတွင်းရှိ ပုဂ္ဂလိကပိုင်ကွန်ကရစ်ဖျော်စက်သည် စာချုပ် ချုပ်ဆိုအငှားချထားခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၁-၁၀-၂၀၁၅ မှ ၃၁-၉-၂၀၁၈ ရက်အထိ သုံးနှစ်ဖြစ်ပါကြောင်း၊ ယခုအခါ စာချုပ်သက်တမ်းပြည့်ပြီးဖြစ်ပါသဖြင့် ဆက်လက်ငှားရမ်းခြင်းအား ရပ်နားပြီးဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိကပိုင် ကွန်ကရစ်ဖျော်စက်အား စာချုပ်ချုပ်ဆိုငှားရမ်းခဲ့သည့် မိုးမြင့်အာကာကုမ္ပဏီသို့ အဆောက်အဦနှင့် စက်ပစ္စည်းများ ဖြုတ်သိမ်းပြောင်းရွှေ့ရန် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၃၀-၁၀-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၃၀၄၇/က-၃၃/မရ-၁(၂၁)ဖြင့် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ ပြောင်းရွှေ့ရန်လည်း စတင်ပြင်ဆင်လုပ်ဆောင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း အပြီးပြောင်းရွှေ့ မည်ဖြစ်ကြောင်း ဖြေကြားပါသည်။