ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သည် တရုတ်ပြည် ဝင်/ထွက်ပေါက်ဖြင့် ဆက်စပ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသနှင့် မန္တလေးမြို့သို့ ဆက်သွယ်နေသော အာဆီယံလမ်းမကြီး ပေါ်တွင် တည်ရှိပါကြောင်း၊ တောင်ပေါ်မြို့ဖြစ်သော ပြင်ဦးလွင် အနီးစခန်းလေဆိပ်မှာ ရှေးယခင်က ခရီးသွားပြည်သူများအတွက် အသုံးပြုခဲ့ပါကြောင်း၊ နောက်ပိုင်း လေယာဉ်ကွင်းတိုးချဲ့ ပြင်ဆင်ခဲ့ သည်ဟု သိရပါတယ်။ လေယာဉ်ကွင်းတိုးချဲ့ခဲ့သည့်အတွက် အနီးပတ်ဝန်းကျင်ရှိ တောင်သူယာမြေ၊ အိမ်မြေများလည်း ပါသွားခဲ့တဲ့အတွက် နစ်နာခဲ့ပြီး ဒေသခံပြည်သူများ ရင်းနှီးပေးဆပ်ခဲ့ရသော လေယာဉ်ကွင်း တိုးချဲ့ပြုပြင်ပေးခဲ့သော်လည်း ခရီးသည်များအတွက် လေယာဉ်ပြေးဆွဲခဲ့ခြင်း မရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လေယာဉ်များ တစ်ခါတရံ ဆင်းသည်ကို သိရပါကြောင်း၊ လေယာဉ်လမ်းကြောင်းအဖြစ် လိုအပ်လျှင် ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒေသထွက်ကုန်အချိန်နှင့်တစ်ပြေးညီ ကုန်စည် ပို့ဆောင်ရေး ဆောင်ရွက်ပေးပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုအခါ ဧက ၁၀၀၀၀ ရတနာပုံ မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိရာ IT ဇုန်၊ စက်မှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်လျက် ရှိပါကြောင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများလည်း လာရောက်ပါက အနီးစခန်းလေဆိပ်ကို အသုံးပြုခြင်းဖြင့် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကာ တံတားဦးလေဆိပ်နဲ့လည်း မိုင် ၅၀ ခန့် ဝေးကွာ နေသဖြင့် ပြင်ဦးလွင် လေယာဉ်လိုင်းကို လိုအပ်လျက် ရှိပါကြောင်း၊ တောင်ပေါ်ဒေသမှ ပြည်သူ ပြည်သား များရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက် အလျင်လိုလျှင်သော်လည်းကောင်း၊ သက်ကြီး ရွယ်အို ကျန်းမာရေး မကောင်းသူများအတွက် သက်သောင့်သက်သာခရီးသွား လိုလျှင် သော်လည်းကောင်း၊ ပြင်ဦးလွင် အနီးစခန်းလေဆိပ်တွင် လေယာဉ်အဆင်းအတက် ပြုလုပ် ပေးပါက အဆင်ပြေမည်ဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူပြည်သားများ၏ ခရီးသွားလာ ရေးနှင့် လူမှုစီးပွားရေးအကျိုးအတွက် ပြင်ဦးလွင် အနီးစခန်းလေဆိပ်တွင် လေယာဉ်ခရီးစဉ် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မရှိ မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်တည်ရှိသည့် အနီးစခန်း လေယာဉ်ကွင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလိပ်များ ဖောက်လုပ်ခဲ့သည့် လေယာဉ်ကွင်းဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် လေယာဉ်များ တစ်လလျှင် နှစ်ကြိမ်ခန့်နှင့် တပ်မတော်(လေ)မှ လေယာဉ်များ၊ လေယာဉ် ငယ်များဆင်းသက်ခဲ့သော်လည်း ၁၉၅၇ ခုနှစ်နောက်ပိုင်းတွင် ပုံမှန်လေယာဉ် ဆင်းသက်မှုများ ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ အဆိုပါလေယာဉ်ကွင်းကို ခေတ် အဆက်ဆက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့ပါကြောင်း၊ အနီးစခန်း လေယာဉ်ကွင်း၏ မူလလေယာဉ်ပြေးလမ်း အလျား ၄၄၅၀ ပေ၊ အကျယ်ပေ ၂၀၀ ကို အလျားပေ ၁၀၀၀၀ ရရှိရန် မြောက်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၀၄ ခုနှစ် မတ်လမှာ စတင်ခဲ့ပြီး လေကြောင်းထိန်းမျှော်စင်နှင့် ခရီးသည်အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများအပါအဝင် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးခဲ့ပါကြောင်း၊ အနီးစခန်းလေယာဉ်ကွင်းသို့ ခရီးသည်တင်ပုံမှန် လေယာဉ်ခရီးစဉ်များ ပျံသန်း ခဲ့ခြင်းမရှိသော်လည်း မြန်မာအမျိုးသားလေကြောင်းနှင့် တပ်မတော်(လေ)မှ လေယာဉ်များဖြင့် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်၊ တပ်မတော်မှ စစ်ဆင်ရေးနှင့် သက်ဆိုင်သည့်ခရီးစဉ်များ ဆင်းသက်မှုသည် ၂၀၁၅ ခုနှစ်တွင် (၅၂)ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၆၃)ကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ ငါးကြိမ် အသီးသီး ဆင်းသက်ခဲ့ပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူ ပို့ဆောင်ရေး အတွက် ပြည်တွင်းလေကြောင်း လိုင်း ၁၀ လိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအခြေပြု၍ မြို့ပေါင်း ၂၉ မြို့သို့ ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိပါကြောင်း၊ ရန်ကုန်မှ ပြင်ဦးလွင်အနီးစခန်းလေဆိပ်သို့ အကွာအဝေးအားဖြင့် ၃၂၀ နော်တီကယ်မိုင်ရှိပြီး ATR လေယာဉ်ဖြင့် ခရီးစဉ်ပျံသန်းမည်ဆိုပါက ပျံသန်းချိန် တစ်နာရီ မိနစ် ၄၀ ခန့်ကြာမြင့်မှာဖြစ်ပါ ကြောင်း၊ ATR လေယာဉ်ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဉ်ပျံသန်းချိန် တစ်နာရီ ၄၅ မိနစ်အတွက် ကုန်ကျစရိတ် (Operating Cost)(လေယာဉ်ငှားရမ်းခ၊ လေယာဉ်ဆီ၊ အာမခံကြေး၊ ဆင်းသက်ရပ်နားခ၊ လေကြောင်းထိန်းသိမ်းခ) အားလုံးမှာ စုစုပေါင်းကျပ် ၇.၀၇၂ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ATR လေယာဉ်ဖြင့် ရန်ကုန်- ပြင်ဦးလွင်- ရန်ကုန်ခရီးစဉ် အသွားအပြန်ခရီးစဉ် တစ်ခေါက် အတွက်ဆိုလျှင် စုစုပေါင်း ခန့်မှန်းကျပ် ၁၄.၁၄၄ သန်း ကုန်ကျ မည်ဖြစ်ပါကြောင်း၊ ATR လေယာဉ်တွင် ခရီးသည် ၇၀ ဦးအထိ လိုက်ပါနိုင် သဖြင့် ရန်ကုန်-ပြင်ဦးလွင် အသွားခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခ တစ်ဦးလျှင် ကျပ် ၁၀၈၈၀၀ နှုန်းဖြင့် ထိုင်ခုံ ၆၅ ခုံ ရောင်းချနိုင်မှသာလျှင် အရင်းငွေပြန်လည်ရရမည်ဖြစ်ပါကြောင်း၊ယခုအချိန်တွင် ပြည်တွင်းလေကြောင်း လိုင်းများအနက် မြန်မာ အမျိုးသားလေကြောင်း၊ ရွှေမြန်မာ လေကြောင်းလိုင်း၊ အေးရှားဝင်းလေကြောင်းလိုင်း၊ အဲယားကမ္ဘောဇ လေကြောင်းလိုင်း၊ မန်းရတနာ ပုံလေကြောင်းလိုင်း၊ ရန်ကုန်အဲဝေးစ်လေကြောင်းလိုင်းတို့မှ လားရှိုးမြို့သို့ ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းမှာ လေကြောင်းလိုင်းများရဲ့ လားရှိုးခရီးစဉ် ခရီးသည်အနေဖြင့် ပျမ်းမျှအားဖြင့် ၃၃ ဦးသာရှိကြောင်း၊ ရန်ကုန်-လားရှိုး တိုက်ရိုက်ခရီးစဉ် ရရှိမှုတွက်ချေမကိုက်၍ တိုက်ရိုက် ပျံသန်းခြင်းမပြုဘဲ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ် အစရှိတဲ့ ခရီးစဉ်များမှာ ကျွန်းပတ်ခရီးစဉ်များအဖြစ် ပေါင်းစပ်ပျံသန်း လျက်ရှိပါကြောင်း၊ လေယာဉ် ခရီးစဉ်များမှာ ပြင်ဦးလွင်ကို ထည့်သွင်းပြေးဆွဲရန်အတွက် အဓိကဆင်းသည့် မန္တလေးမှ လားရှိုးသို့ ၁၄၅ နော်တီကယ်မိုင်ရှိပြီး ATR လေယာဉ် ပျံသန်းချိန် ၅၅ မိနစ်ခန့် ဖြစ်ပါကြောင်း၊ အဆိုပါ မန္တလေး-လားရှိုးခရီးစဉ်တွင် ပြင်ဦးလွင်ကို တစ်ဆင့်ခံ ပျံသန်းရန်မှာ မန္တလေးမှ ပြင်ဦးလွင်သို့ ၄၀ နော်တီကယ် မိုင်ရှိပြီး ပျံသန်းချိန် ၁၅ မိနစ်သာဖြစ်သောကြောင့် လေယာဉ်ခရီးစဉ်တစ်ရပ်အဖြစ် ပြေးဆွဲရန် မသင့်တော်တဲ့အကွာအဝေး ဖြစ်ပါ ကြောင်း၊ ရန်ကုန်မှ ပြင်ဦးလွင်သို့ ကားလမ်းအတိုင်း ၄၂၆ မိုင်ခန့်ကွာဝေးပြီး လက်ရှိတွင် ရန်ကုန်-ပြင်ဦးလွင် တိုက်ရိုက်ခရီးစဉ်ကို မော်တော်ယာဉ်လိုင်း ၁၂ လိုင်းမှ အဆင့်မြင့်ခရီးသည်တင်ယာဉ်များဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိပါကြောင်း၊ ကားခအနေဖြင့် ကျပ် ၁၁၈၀၀ မှ ကျပ် ၂၀၃၀၀ ဈေးနှုန်းနဲ့ ပြေးဆွဲကာ မန္တလေးမှ ပြင်ဦးလွင်မြို့သို့လည်း နေ့စဉ် ဘတ်(စ်)ကား၊ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် အချိန်မရွေးပြေးဆွဲလျက်ရှိပါကြောင်း၊ ကားခသည် ကျပ် ၁၅၀၀ နှင့် ကျပ် ၃၅၀၀ နှုန်းနဲ့ ပြေးဆွဲလျက်ရှိကြောင်းနှင့် ခရီးသွားချိန်မှာ တစ်နာရီခွဲကနေ နှစ်နာရီ ကြာမြင့်မည် ဖြစ်ကြောင်း၊ ပြည်တွင်းလေကြောင်း လိုင်းများသို့ ပြင်ဦးလွင်မြို့သို့ ခရီးစဉ်များတိုးချဲ့ ပျံသန်းပြေးဆွဲရန် အစီအစဉ်ရှိ/မရှိမေးမြန်းခဲ့ရာ လေကြောင်းလိုင်းများအနေနဲ့ လက်ရှိပျံသန်း ပြေးဆွဲ နေသည့် ခရီးစဉ်များသည် ခရီးသည်ရရှိမှုအချိုး နည်းပါးနေခြင်းကြောင့် ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲမည် ဆိုပါက စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိသည့်အတွက် လောလောဆယ် အနီးစခန်း လေဆိပ်သို့ ဆင်းသက် ပျံသန်းရန် အစီအစဉ်မရှိသေးပါကြောင်း၊ အထူးသဖြင့် လေကြောင်း ခရီးစဉ် တိုးချဲ့ပြေးဆွဲရာတွင် ပြည်တွင်းခရီးစဉ်အသစ်ပြေးဆွဲရန် ဖြစ်နိုင်ချေတွက်ချက် သည့် နေရာတွင် ထိုဒေသရှိ ဒေသခံပြည်သူများ၏ ငွေကြေးသုံးစွဲနိုင်မည့် အခြေအနေ၊ ၎င်းဒေသမှ လေကြောင်းခရီးအသုံးပြုနိုင်မည့် မျှော်မှန်းချက်၊ အခြားသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများဖြင့် လွယ်ကူစွာ သွားလာမှုစသည့် အခြေအနေများကိုအခြေခံပြီး စဉ်းစားတွက်ချက် ရပါကြောင်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေး နည်းလမ်းများ၏ လက်မှတ်ခကို နှိုင်းယှဉ်ကြည့် မည်ဆိုပါက လေယာဉ်လက်မှတ်ခသည် ဈေး နှုန်းအမြင့်ဆုံး ဖြစ်ပါကြောင်း၊ ပြင်ဦးလွင်မြို့သည် မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင်တည်ရှိပြီး သွားလာမှုလွယ်ကူ ချောမွေ့ သည့်ဒေသ ဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် ဒေသခံများအနေဖြင့် လက်မှတ်ခဈေး နှုန်းကြီးမြင့်သည့် လေယာဉ်ဖြင့် သွားလာခြင်းကို အမြဲတစေရွေးချယ်နိုင်မည် မဟုတ်၍ အဆင်ပြေ သွားလာနိုင်ပြီး ကုန်ကျစရိတ် သက်သာသည့် မော်တော် ယာဉ်ခရီးစဉ်များကိုသာ ရွေးချယ်သွား လာကြမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပြင်ဦးလွင် အနီးစခန်း လေဆိပ်တွင် လေယာဉ် ခရီးစဉ်ပျံသန်းပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြင်ဦးလွင်သည် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ခြင်း၊ ဒေသခံပြည်သူများအနေဖြင့် မော်တော် ယာဉ်များကို ပိုမိုအသုံးပြု၍ ခရီးသွားလာခြင်း၊ လေယာဉ် စီးခရီးသည်များ ရရှိမှုနည်းပါးခြင်း၊ ဈေးကွက်အခြေအနေအရ လေကြောင်းလိုင်းများ တွက်ချေမကိုက်ခြင်းတို့ကြောင့် အနီးစခန်း လေဆိပ်သို့ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။
