(ဃ)-ပြည်တွင်းရှိ ကမ်းရိုးတန်းနှင်‌့ မြစ်ချောင်းများအတွင်း ပို့ဆောင်ရေးလုပ်နေကြသော ရေယာဉ်များ၏ အင်ဂျင်မြင်းကောင်ရေ အင်အားကို (၂၀) အထိသာလျှင် လိုင်စင်လျှောက်ထားခွင့် တိုးမြှင်‌့ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၁၀.၂၀၁၇)

ဦးအုန်းခင်(ပုလောမဲဆန္ဒနယ်) (2000)မိမိတို့ ကမ္ဘာကြီးတွင် နည်းပညာများသည် ကြွက်သားခေတ်၊ စက်မှုခေတ်၊ လျှပ်စစ်ခေတ်၊ Robot ခေတ် သို့မဟုတ် IT ခေတ်ဟူ၍ ခေတ်များ ပြောင်းလဲလာပါသော်လည်း လျှပ်စစ်ခေတ်၊ IT ခေတ်တို့ ပြောင်းလဲပုံတို့ကို ပေါက်ကွဲမှုဖြစ်ပြီး ပြောင်းလဲသည်ဟု ပြော၍ရပါကြောင်း၊  မြန်မာနိုင်ငံတွင် အပြောင်း အလဲသည် မှန်မှန်ကန်ကန် မဖြစ်နိုင်သေးပါကြောင်း၊ ဥပမာ လွန်ခဲ့သော နှစ် ၇၀ ကျော်ခန့်က သတ္တုအလေးချိန်  တန်ဝက်ခန့်ရှိသော အင်ဂျင်တစ်လုံး၏ မြင်းကောင်ရေအား ၂၀ ခန့် ရှိပါကြောင်း၊

ထိုအချိန်က စက်မှုကျွမ်းကျင်သူ ရှားပါးခဲ့ပါကြောင်း၊ ယနေ့အချိန်တွင သတ္တုအလေးချိန် တန်ဝက် ခန့်ရှိ ဒီဇယ်အင်ဂျင်တစ်လုံးသည် ပျမ်းမျှမြင်းကောင်ရေအား ၄၀၀ ခန့်ရှိနေပါကြောင်း၊ စက်မှု ကျွမ်းကျင်သူများ မိမိတို့ ရွာများတွင် ပေါများစွာ ရှိနေပါကြောင်း၊ မိမိတို့ ပြည်သူတို့၏နေထိုင်မှု၊ ဓလေ့စရိုက်များ ပြောင်းလဲလာပြီး မြန်ဆန်စွာ သက်တောင်‌့သက်သာရှိစေရန် လိုချင်တောင့်တမှုများ ဖြစ်နေပါကြောင်း၊ သို့သော် ယနေ့ မိမိတို့ နိုင်ငံတွင် မြင်းကောင်ရေအား ၂၀ နှင့်အထက် ဆိုပါက တိုင်းအစိုးရမှ ခွင်‌့ပြုချက်မပေးနိုင် ဖြစ်နေပါကြောင်း၊

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကမ်းရိုးတန်းဒေသများနှင့် မြစ်၊ချောင်းရှိရာဒေသ လူအများ အသုံးပြုနေ ကြသည်မှာ မြင်းကောင်ရေအား ၂၀ နှင့်အထက် အင်ဂျင်ဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် တိုင်း မြို့များအထိ သွားရောက်မှတ်ပုံတင်ရမည်ဆိုပါက အဆင်မပြေမှုများ များစွာရှိနေပါကြောင်း၊ ထို့ကြောင့် အများစုက မှတ်ပုံမတင်ဘဲ တစ်နည်းအားဖြင့် ဥပဒေကိုမလိုက်နာနိုင်ကြတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများဥပဒေကို လိုက်နာလာကြစေရန်နှင်‌့ မျက်မှောက်အခြေအနေ၌ အံဝင်ခွင်ကျဖြစ်စေရန် မြင်းကောင်ရေအား သတ်မှတ်ချက်ကို တိုးတက်ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
အဖြေ

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ‌ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈  ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၈၉)၏ သဘောတူညီချက်ဖြင့် ၁၉၈၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှစပြီး စက်မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေယာဉ်ငယ်များ စစ်ဆေးမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အပ်နှင်းခဲ့ပါကြောင်း၊ ထိုကဲ့သို့ လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများအနေဖြင့် စက်မြင်းကောင်ရေ ၂၀ ထက်မပိုသော ရေယာဉ် ငယ်များ စစ်ဆေးမှတ်ပုံတင်ခြင်းနှင့် အရေးယူခြင်းကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော စည်ကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စည်းကမ်းသတ်မှတ်ချက်များအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက ခရီးသည်စုစုပေါင်း ၃၀ ဦးအထိ သို့မဟုတ် ကုန်အလေးချိန်ပိဿာ ၂၅၀၀ အထိသာ တင်ဆောင်ခွင့်ပြုသော စက်တပ် ရေယာဉ်များကို စစ်ဆေးအရေးယူပိုင်ခွင်‌့ရှိပါကြောင်း၊ ကုန်နှင့်လူတင်မည်ဆိုပါက လူတစ်ဦးကို ပိဿာ ၄၀ နှင့် တွက်ချက်ရပါကြောင်း၊

စက်မြင်းကောင်ရေအား ၂၀ ထက်ပိုသော ရေယာဉ်အမျိုးအစားများ တိုင်းတာစစ်ဆေးမှတ်ပုံတင် ခြင်းကိုမူ ပြည်နယ်နှင်‌့တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများက တိုက်ရိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်မြင်းကောင်ရေ ၂၀ ထက်ပိုသော ရေယာဉ်များကို တိုင်းတာ စစ်ဆေးရာတွင် ရေယာဉ်များအန္တရာယ်ကင်းရှင်းရေးအတွက် ရေယာဉ်နှင်‌့စက်ပစ္စည်းများ ကြံ့ခိုင်မှု ရှိ/မရှိနှင်‌့ ရေယာဉ်ဝန်ထမ်းများ သတ်မှတ်အရည်အချင်းနှင်‌့ ပြည့်မီမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက် ရသည့်အတွက် ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၏ စစ်ဆေးရေးအရာရှိသင်တန်း တက်ရောက်အောင်မြင်ပြီးသော ပြည်နယ်နှင်‌့ တိုင်းဒေသကြီး ရုံးများရှိ စစ်ဆေးရေးအရာရှိများက ပုံစံအမျိုးအစားကွဲပြားသော ရေယာဉ်များအလိုက် အတိုင်းအတာ များကို သင်တန်းမှရရှိခဲ့သော ပညာနှင်‌့အတွေ့အကြုံများကို အခြေခံ၍ ကိုယ်တိုင်ကိုယ်ကျ တိုင်းတာ၍ တင်ဆောင်နိုင်သည့်တန်ချိန်များ တွက်ချက်ပေးရပါကြောင်း၊

ထို့အပြင် စက်မြင်းကောင်ရေ ၂၀ အထက်ရေယာဉ်များအတွက် ၂၀၁၅ ခုနှစ်၊ ပြည်တွင်း ရေကြောင်းသွားရေယာဉ်ဥပဒေနှင့်အညီ ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် (Safety Certificate) လိုအပ်ပါကြောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သော တိုင်းတာရေးအရာရှိ (Surveyor) များနှင်‌့ စစ်ဆေးရေးအရာရှိ (Inspector) များကသာ သက်ဆိုင်ရာ ပြည်နယ်နှင်‌့တိုင်းဒေသကြီးများအတွင်း တိုင်းတာစစ်ဆေးဆောင်ရွက်ပြီးမှ ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးရပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင်‌့ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များ  မရှိသေးပါကြောင်း၊

၂၀၁၅ ခုနှစ်၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေအရ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ရေယာဉ်အမျိုးအစား အားလုံး အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသကဲ့သို့ ယခုခေတ် တွင် အင်ဂျင်ထုတ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာများ မြင့်မားလာမှုကြောင့် အင်ဂျင်အရွယ်အစား သေးငယ်သော်လည်း မြင်းကောင်ရေအားတိုးလာပြီး စွမ်းဆောင်ရည်မြင့်မားလာပါကြောင်း၊ သို့သော် ရေယာဉ်များတွင် စက်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ရေယာဉ်၏ကြံ့ခိုင်မှု၊ မီးဘေးလုံခြုံမှု၊ အသက် ကယ်ပစ္စည်းများ ပြည့်စုံလုံလောက်စွာပါရှိမှုစသည့် လုံခြုံမှု (Safety) ပိုင်းဆိုင်ရာများ ဂရုစိုက်ပြီး စနစ်တကျစစ်ဆေးပေးရန် ပို၍လိုအပ်လာပါကြောင်း၊ သို့မှသာ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ ခရီးသွားပြည်သူများအတွက် ပိုမိုလုံခြုံမှုရှိစေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများသို့ စက်မြင်းကောင်ရေအား ၂၀ အထက်ရှိ ရေယာဉ်များကို စစ်ဆေး မှတ်ပုံတင်ရန် လုပ်ပိုင်ခွင့်တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။