(ဃ)-အိမ်မဲမြို့နယ်ရှိ ကျွဲလမ်း-ကမ်းနားထိန်ငူလမ်ကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင်‌့မြှင့် တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၈.၉.၂၀၁၈)

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်းများတာဝန်ယူပြီး နောက်ပိုင်းတွင် Class(A)ကို ပထမဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်မည်ဟူသော မူဝါဒမျိုး ထွက်လာပါကြောင်း၊ ယခုမိမိမေးမြန်းမည့်လမ်းက Class(B) အဆင်‌့ လမ်းဖြစ်ပါကြောင်း၊ သို့သော် အိမ်မဲမြို့နယ်သည် အလွန်ဖွံ့ဖြိုးမှုနောက်ကျသေးသော မြို့နယ်လေး ဖြစ်ပါကြောင်း၊ Class(A)တွင်လည်း အလွန်ဆိုးရွားနေသည့်လမ်းများ များစွာရှိပါကြောင်း၊ သို့သော် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်းသည် မြို့ပေါ်ရပ်ကွက် နှစ်ခုဖြစ်သော အိမ်မဲကြီးရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့် မြို့နှင်‌့နီးကပ်နေသော လမ်းလေးဖြစ်ပါကြောင်း၊  မြို့ပေါ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျေးလက်က ဖွံ့ဖြိုးတိုးတက်မှုက မိုးနှင့်မြေလိုကွာခြားနေသည့်အတွက် Class(B)ဖြစ်သော်လည်း ဦးစားပေးပြီး မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ယခုအစိုးရသစ်၏မူဝါဒက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းများ၊ တံတားများ၊ လျှပ်စစ်မီးများရရှိရန်အတွက် ဆောင်ရွက်နေသည့်အတွက် မြို့ပေါ်နှင့်ရပ်ကွက် ကျေးရွာသည် နီးကပ်နေပြီး ဖွံ့ဖြိုးမှုကွာဟနေသည်မှာမဖြစ်သင့်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ကျွဲလမ်း-ကမ်းနားထိန်ငူလမ်းသည် Class(B) လမ်းဖြစ်ပါကြောင်း၊ လမ်းအရှည် ၁ မိုင် ၃ ဖာလုံခန့် ရှိပါကြောင်း၊ လမ်းအရှည် ၁၀ ပေခန့် ရှိပါကြောင်း၊ ကြားတွင်ရေပြွန်များ ၃၊ ၄ ခု ခန့်ရှိသော်လည်း ကျိုးပြတ်နေပါကြောင်း၊ အိမ်မဲကျွဲလမ်း-ကမ်းနားထိန်ငူလမ်းတွင် ကမ်းနားထိန်ငူနှင့် ကုန်းထိန်ကူးဟူသော ရွာလေးနှစ်ရွာရှိပါကြောင်း၊ ကုန်းထိန်ကူကိုသွားသော လမ်းတစ်ဝက်ခန့်သည် ကျောက်ကြမ်းလမ်းဖြစ်ပြီး ကျန်လမ်းမှာ ကိုယ်ထူကိုယ်ထနှင့် သိန်း ၁၀၀၀ ဘတ်ဂျက်မှပေးထားသည့် မြေသားလမ်းလေးဖြစ်ပါ ကြောင်း၊ ကျွဲလမ်းကျေးရွာအဝရှိ ကျောက်ကြမ်းလမ်းမှာလည်း တချို့ပေါက်ပြဲနေသည့် နေရာများ ရှိပါ ကြောင်း၊ ကမ်းနားထိန်ငူလမ်းမှ ကျင်သက်ကျေးရွာသည် မိုးတွင်းရာသီတွင် နှစ်စဉ်နှစ်တိုင်း ရေမြုပ်သည့် အတွက် ထောက်ပံ့ကူညီရန် အမြဲတမ်း သွားလာရပါကြောင်းသဖြင့် ရာသီမရွေးသွားလာနိုင်ရန် လမ်းလို အပ်ပါကြောင်း၊ ထိုလမ်းသည် ကျောင်းသား/သူများ နေ့စဉ်သွားလာနေရပြီး လယ်လုပ်သား၊ ရေလုပ်သား၊ ကျပန်းအလုပ်သမားအများစုသည် မြို့ပေါ်သို့ စီးပွားရှာသွားကြရပါကြောင်း၊ ထိုလမ်းသည် ရိတ်သိမ်းခြွေ လှေ့စက်များ သွားသည့်အတွက် လမ်းပိုပျက်နေပါကြောင်း၊ ကျန်းမာရေးအတွက် လည်း မြို့ပေါ်ဆေးခန်း များ၊ ဆေးရုံများသွားရသည့်အတွက် ရာသီမရွေးလမ်းဖြစ်လျှင် အလွန်အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထိုလမ်းသည် Class (B) ဖြစ်သော်လည်း ပြည်သူများအတွက် အမှန်တကယ် လိုအပ်ချက်ဖြစ်သည့် လမ်း ဖြစ်သောကြောင့် အိမ်မဲမြို့နယ်ရှိ ကျွဲလမ်း-ကမ်းနားထိန်ငူလမ်ကို ရာသီမရွေးသွားလာနိုင်သော လမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းခဲ့သည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ ကျွဲလမ်း-ကမ်းနားထိန်ငူလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းအရှည် ၁ မိုင် ၃.၁၄ ဖာလုံရှိပါကြောင်း၊ အဆိုပါလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(B) ဦးစားပေးအဆင့် (၁) တွင် ပါဝင်ပြီး လက်ရှိ အခြေအနေတွင် ကျွဲလမ်းကျေးရွာဘက်မှ ၂.၁၄ ဖာလုံသည် အကျယ် ၁၀ ပေရှိပြီး ကျောက်လမ်း အဆင့်ဖြစ်ပါကြောင်း၊ ၎င်းလမ်းအား အဆင့်မြှင့်တင်ပြီးပါက ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၉၂၅ အိမ်၊ လူဦးရေ ၄၂၀၀ ခန့်တို့အား တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းတွင် မပါဝင်သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ၁ မိုင် ၃.၁၄ ဖာလုံအရှည်ကို  ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် မိမိတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။